ထိုင်းတရားရုံးချုပ်၏ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ​သောနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား တော်ဝင်အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ထားမှုကို ပြန်လည်ရုတ်သိမ်းသည့် တော်ဝင်အမိန့်ပြန်တမ်းအား ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်က ထုတ်ပြန်ကြေညာခဲ့မှု

ထိုင်းနိုင်ငံ၌ မြေယာဝယ်ယူရေးကိစ္စနှင့်ပတ်သက်၍ ထိုင်းတရားရုံးချုပ်မှ အကျင့်ပျက်ခြစားမှုအက်ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့်အပြင် အခြားသောစွဲချက်များနှင့်လည်းရင်ဆိုင်ရလျက်ရှိပြီး ထိုင်းနိုင်ငံအတွင်းမှထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား တော်ဝင်အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ထားမှုအပေါ် ပြန်လည်ရုတ်သိမ်းသည့် တော်ဝင်အမိန့် ပြန်တမ်းတစ်စောင်အား ၂၀၁၉ခုနှစ်၊ မတ်လ (၃၀) ရက်(စနေနေ့) တွင် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်က ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါတော်ဝင်အမိန့်ပြန်တမ်းအား ထိုင်းနိုင်ငံ၏ ၂၀၁၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၉) နှင့် ထိုင်းဘုရင့်တော်ဝင်လုပ်ပိုင်ခွင့်အာဏာများအရ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးရာထူးရာခံရှိသူများအပေါ် ထောင်ဒဏ်ချမှတ်နိုင်သည့် ထိုင်းတရားရုံးချုပ်၏ပြစ်မှုဆိုင်ရာဌာနမှ အပြီးသတ် စီရင်ချက်အမိန့်အား ချမှတ်ခံထားရကာ အခြားသောစွဲချက်များနှင့်လည်း ရင်ဆိုင်ရလျက် ရှိသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် တရားရင်ဆိုင်ခြင်းမရှိဘဲ နိုင်ငံအတွင်းမှထွက်ပြေးတိမ်းရှောင်လျက်ရှိသည့်အတွက် အဆိုပါလုပ်ရပ်မှာ လုံးဝမသင့်လျော်သည့် လုပ်ရပ်တစ်ခုဖြစ်သောကြောင့် ထိုင်းဘုရင်က ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်အား ပေးအပ်ချီးမြှင့်ထားသည့်တော်ဝင် အဆောင်အယောင်များအား ယခုကဲ့သို့ ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၈ခုနှစ်၊အောက်တိုဘာလ (၂၁) ရက်တွင် ရက်ချာဒါဖီဆာ့မြေယာဝယ်ယူမှုကိစ္စနှင့် ပတ်သက်၍ အမျိုးသားအကျင့်ပျက်ခြစားမှု အက်ဥပဒေချိုးဖောက်မှုဖြင့် ထိုင်းတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား ထောင်ဒဏ်(၂) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ထို့ပြင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာအစိုးရအားငွေကြေးချေးငှားခဲ့ခြင်းအပါအဝင် ဆက်သွယ်ရေးကဏ္ဍမှရရှိသောငွေကြေးများအား အခွန်အဖြစ်ပြောင်းလဲခဲ့မှု၊ ခရမ်ထိုင်းဘဏ်၏ချေးငွေကိစ္စနှင့် အွန်လိုင်းထီလုပ်ငန်းလုပ်ဆောင်ရန် ကြိုးပမ်းမှုအစရှိသည့် စွဲချက် (၄) ချက်နှင့် လည်းရင်ဆိုင်ရလျက် ရှိကြောင်း၊ ထို့ပြင်လွန်ခဲ့သည့်ရက်ပိုင်းအတွင်း၌လည်း ထိုင်းတပ်မတော်အကယ်ဒမီကျောင်းသားဟောင်းများဘုတ်အဖွဲ့သည် သက်ဆင်အား ပေးအပ်ချီးမြှင့်ထားသည့် ထူးချွန်ကျောင်းသားဟောင်းဆုကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့သည်ဟု သိရှိရပါသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကျင်းပခဲ့သည့်ထိုင်းရွေးကောက်ပွဲအတွင်း အဓိကအတိုက် အခံပါတီကြီးဖြစ်သော သက်ဆင်အားထောက်ခံသည့် ပွေထိုင်းပါတီ၏ အမတ်နေရာစာရင်းရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ထိုင်းဘုရင်၏ တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ဓလေ့ထုံးတမ်းအစဉ်အလာအရ ထိုင်းပြည်သူများသည် စည်းမျဉ်းခံဘုရင်စနစ်အပေါ် အကြွင်းမဲ့ယုံကြည်လေးစားရသည်ဖြစ်ရာ ထိုသို့ သက်ဆင်၏ တော်ဝင်အဆောင်အယောင်များအား လူသိရှင်ကြား ပြန်လည်ရုပ်သိမ်းခံရခြင်းသည် သက်ဆင်အပေါ်၌သာမက ၎င်းအားထောက်ခံသည့် ပွေထိုင်းပါတီအပေါ်၌လည်း ထောက်ခံသူထိုင်းပြည်သူ၏ ယုံကြည်မှုကိုပါ လျော့နည်းကျဆင်းစေနိုင် ကြောင်း www.reuters.com တွင်ဖော်ပြပါရှိပါသည်။