ရုရှားနိုင်ငံသည် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုများကို လျှော့ချနိုင်ရန်အတွက် အရန်ရွှေအများအပြားကို တိုးမြှင့် စုဆောင်းလျက်ရှိ

ရုရှားနိုင်ငံသည် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုများကို လျှော့ချနိုင်ရန်အတွက် အရန်ရွှေအများအပြားကို တိုးမြှင့် စုဆောင်းလျက်ရှိ

          ရုရှားနိုင်ငံသည် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုများကို လျှော့ချနိုင်ရန်အတွက် အရန်ရွှေအများအပြားကို တိုးမြှင့်စုဆောင်းလျက်ရှိကြောင်း သိရှိရပါသည်။

          ရုရှားဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ ရုရှားနိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ ရွှေတန်ချိန် (၉) တန်ခန့်ဝယ်ယူခဲ့ပြီး အရန်ရွှေပိုင်ဆိုင်မှု ပမာဏကိုတန်ချိန် (၂၂၁၇.၆၈) တန်သို့ ရောက်အောင်တိုးမြှင့်ခဲ့သည့်အတွက် ရွှေပိုင်ဆိုင်မှုတန်ဖိုးမှာ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၀၁.၉၂၃) ဘီလီယံခန့်ရှိသည်ဟု သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလဆန်းမှ ဇူလိုင်လကုန်အထိ ကာလအတွင်း ရုရှားဗဟိုဘဏ်မှ ဝယ်ယူခဲ့သည့်  ရွှေတန်ချိန်ပမာဏမှာ (၁၀၅.၇၅) တန်ခန့်ရှိကြောင်း၊ ရုရှားဗဟိုဘဏ်သည် ၂၀၁၈ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း၌လည်း ရွှေတန်ချိန် (၂၇၅) တန်ကို ဝယ်ယူခဲ့ရာ သမိုင်းတစ်လျှောက် တစ်နှစ်အတွင်း အများဆုံးဝယ်ယူမှု ပမာဏပင်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရုရှားဗဟိုဘဏ်၏ အရန်ရွှေနှင့် နိုင်ငံခြား အရန်ငွေကြေးပိုင်ဆိုင်မှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၅၂၈.၄) ဘီလီယံခန့်ရှိပြီး အဆိုပါ ပမာဏအနက် ၁၉.၆ %မှာ အရန်ရွှေများ၏ ကာလတန်ဖိုးပမာဏဖြစ်ကြောင်း www.rt.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

မှတ်ချက်။   ။ ကမ္ဘာပေါ်၌ အရန်ရွှေပိုင်ဆိုင်မှုအများဆုံး (၁၀) နိုင်ငံမှ အမေရိကန်ပြည်ထောင်စု (၈၁၃၃.၅ တန်)၊ ဂျာမနီ(၃၃၆၆.၈ တန်) ၊ အီတလီ(၂၄၅၁.၈ တန်)၊ ပြင်သစ်(၂၄၃၆.၁ တန်)၊ ရုရှား(၂၂၁၇.၆၈ တန်)၊ တရုတ်(၁၉၂၆.၅ တန်)၊ ဆွစ်ဇာလန်(၁၀၄၀.၀ တန်)၊ ဂျပန်(၇၆၅.၂ တန်)၊ အိန္ဒိယ( ၆၁၈.၂ တန်)၊ နယ်သာလန်(၆၁၂.၅ တန်)တို့ဖြစ်ပါသည်။