ထိုင်းနိုင်ငံအပါအဝင် အာရှဒေသရှိခရီးသွားလုပ်ငန်းကဏ္ဍများအပေါ် ဝူဟန်ဗိုင်းရပ်စ်ပြဿနာ ကြောင့် ဆိုးကျိုးသက်ရောက်စေကာထိုင်းဘတ်ငွေ(၁၀၀)ဘီလီယံခန့် ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ပေါ် နိုင်မှု

ထိုင်းနိုင်ငံအပါအဝင် အာရှဒေသရှိခရီးသွားလုပ်ငန်းကဏ္ဍများအပေါ် ဝူဟန်ဗိုင်းရပ်စ်ပြဿနာ ကြောင့် ဆိုးကျိုးသက်ရောက်စေကာထိုင်းဘတ်ငွေ(၁၀၀)ဘီလီယံခန့် ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ပေါ် နိုင်မှု

၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၇)ရက်အထိကာလအတွင်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် တရုတ်နိုင်ငံ၌ သေဆုံးသူအရေအတွက်မှာ (၈၁)ဦးအထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ (၈၁)ဦးအနက် (၇၆)ဦးမှာ ဝူဟန်မြို့တည်ရှိရာ ဟူပေပြည်နယ်မှ ဖြစ်ပြီး ကျန်(၅)ဦးမှာ မူဟိုင်နန်ကျွန်းအပါအဝင် အခြားသောဒေသများမှ ဖြစ်ကြောင်း၊ ရောဂါ ကူးစက်ခံထားရသူအရေအတွက်မှာလည်း (၂၇၀၀)ဦးကျော်သို့ ရောက်ရှိနေပြီး အဆိုပါပမာဏ၏ ထက်ဝက်ခန့်မှာလည်း ဟူပေပြည်နယ်မှပင်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဝူဟန်ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၌သာမကထိုင်းနိုင်ငံအပါအဝင် အခြားကမ္ဘာ့နိုင်ငံပေါင်း(၁၄)နိုင်ငံသို့ပင် ကူးစက်ပျံ့နှံ့ နေပြီဟု သိရှိရပါသည်။

ဝူဟန်ဗိုင်းရပ်စ်ပြဿနာသည် ထိုင်းနိုင်ငံအပါအဝင် အာရှဒေသရှိခရီးသွားလုပ်ငန်းများ အတွက် ထိုင်းဘတ်ငွေ ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၂၆၀ ဘီလီယံ)ခန့် ရှိသော ဝင်ငွေပမာဏကို ဆုံးရှုံးရနိုင်သည်ဟု ထိုင်းနိုင်ငံရှိရန်ဂျစ်တက္ကသိုလ်မှ စီးပွားရေးသုတေသနဌာန ညွှန်ကြားရေးမှူး အာနူဆွန်းန်တာမာဂျားက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၆)ရက်တွင် ပြောကြား ခဲ့ကြောင်း သိရှိ ရပါသည်။

အာနူဆွန်းန်တာမာဂျားကပြောကြားရာ၌ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုပြဿနာကို ၂၀၂၀ ပြည့်နှစ်၊ မတ်လဆန်းပိုင်းတွင် ထိန်းချုပ်နိုင်မည်ဆိုပါက ထိုင်းနိုင်ငံ၏ ခရီးသွား လုပ်ငန်း အပါအဝင် ဆက်စပ် စီးပွားရေးလုပ်ငန်းများနှင့် အာရှဒေသရှိအခြားသောနိုင်ငံများ၏ ခရီးသွား လုပ်ငန်း ကဏ္ဍများအတွက် ဝင်ငွေပမာဏထိုင်းဘတ်ငွေအနည်းဆုံး (၈၀)ဘီလီယံမှ အများဆုံး (၁၀၀) ဘီလီယံခန့်အထိ ဆုံးရှုံးရဖွယ်ရှိကြောင်း၊ သို့သော်လာမည့် မတ်လဆန်းပိုင်းအထိ ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ခြင်းမရှိပါကထိုင်းနိုင်ငံနှင့်အခြားသောအာရှနိုင်ငံများ၏ ခရီးသွားလုပ်ငန်းများအတွက် ဝင်ငွေဆုံးရှုံးရမှုပမာဏမှာအဆိုပါပမာဏထက် ပိုမိုများပြား နိုင်ကြောင်း၊ ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့မှု ပြဿနာ၏ ဆိုးကျိုးသက်ရောက်မှုသည် လွန်ခဲ့သော (၁၇)နှစ် ခန့်က ဖြစ်ပွားခဲ့သည့် ကူးစက်မြန် ပြင်းထန်ဆိုးရွားသောအသက်ရှုလမ်းကြောင်း ရောဂါ(SARS) ထက် ပိုမိုပြင်းထန်နိုင်ခြေရှိကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ်အတွင်း အာရှဒေသရှိ ခရီးသွားလုပ်ငန်း ကဏ္ဍ တိုးတက်မှုပမာဏမှာ ၇% ခန့် အထိရှိနိုင်သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းကခန့်မှန်းထားသော်လည်း ဝူဟန်ဗိုင်းရပ်စပ်ပျံ့နှံ့မှုပြဿနာ၏ ဂယက်ကြောင့် အာရှခရီးသွားလုပ်ငန်းကဏ္ဍတိုးတက်မှုပမာဏမှာ ၅% အောက်သို့ပင် ကျဆင်း နိုင်သည် ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ထိုင်းအစိုးရသည် ယခု ၂၀၂၀ ပြည့်နှစ်အတွင်းထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ပမာဏမှာ (၄၁.၈)သန်းခန့်ရှိရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ ဝင်ငွေရရှိမှုပမာဏမှာ ထိုင်းဘတ်ငွေ (၂.၂)ထရီလီယံခန့်အထိရရှိရန် မျှော်မှန်းထားကြောင်း၊ သို့သော် ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့မှုနှင့်ပတ်သက်၍ တရုတ်အာဏာပိုင်များသည် ခရီးသွားလာရေးဆိုင်ရာ တားမြစ်ပိတ်ပင်မှု များ ပြုလုပ်နေပြီဖြစ်ရာ ထိုင်းနိုင်ငံသို့ တရုတ်နိုင်ငံသားခရီးသွားများ ဝင်ရောက်မှုပမာဏမှာ ခရီးသည် ဦးရေ(၁)သန်းမှ(၂)သန်းခန့်အထိလျော့ကျသွားနိုင်ကြောင်းသိရှိရပါသည်။

ယခုအခါ တရုတ်အစိုးရသည် ရောဂါပျံ့နှံ့မှုပိုမိုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ တရုတ်နှစ်သစ်ကူး ကာလအားလပ်ရက်ကို (၃)ရက်တိုး၍ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ခဲ့ပြီး ဟူပေပြည်နယ်တစ်ခုလုံးအား ခရီးသွားလာမှုများဖြတ်တောက်ရပ်ဆိုင်းခဲ့ကြောင်း၊ ဟူပေပြည်နယ်အပြင် ရှန်ဒေါင်းပြည်နယ်အပါအဝင် ဘေကျင်း၊ ရှန်ဟိုင်း၊ ရှီအန်းနှင့် တီယန်ကျင်း မြို့ကြီးများတွင် ခရီးရှည်ပြေးဆွဲသော ခရီးသည်တင်ဘတ်စ်ကားများ ဝင်/ထွက်သွားလာမှုကို ပိတ်ပင်ထားကြောင်း၊ နိုင်ငံအတွင်းရှိဂွမ်ဒေါင်း၊  ကျန်းရှီပြည်နယ်နှင့်အခြားမြို့ကြီး(၃)မြို့တို့တွင် ဒေသခံများအနေဖြင့် အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းများ (masks) တပ်ဆင် ထားကြရန် အမိန့်ထုတ်ပြန်ထားသည်ဟုသိရှိရပါသည်။

အမေရိကန်အစိုးရသည် ဝူဟန်မြို့ရှိ အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်သံတမန် ဝန်ထမ်းများအတွက် ဝူဟန်မြို့မှဆန်ဖရန်စ္စကိုမြို့သို့ လေယာဉ်ဖြင့် ခေါ်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း၊ အလားတူ ပြင်သစ်အစိုးရနှင့် ပြင်သစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း PSA တို့သည် ဝူဟန်မြို့နှင့်အခြားသော ပြည်နယ်များမှ ပြင်သစ်ဝန်ထမ်းများနှင့် ပြင်သစ်နိုင်ငံသား များကို နေရာပြောင်းရွှေ့ ပေးရန်စီစဉ်လျက်ရှိကြောင်း၊ ဂျပန်အစိုးရသည်လည်းတရုတ်အစိုးရနှင့် ပူးပေါင်း၍ ဂျပန်နိုင်ငသားများအား ပြောင်းရွှေ့နေရာချထားရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊ ဝူဟန်မြို့ရှိ ဆော်ဒီအာရေဗျနိုင်ငံသားများသည်လည်း ပြောင်းရွှေ့ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံရှိ ဆော်ဒီအာရေဗျသံရုံးနှင့်ဆက်သွယ်လုပ်ဆောင်ကြရန် ဆော်ဒီအစိုးရက သတင်း ထုတ်ပြန်ထားကြောင်း၊ အလားတူဂျော်ဒန်အစိုးရသည် ဝူဟန်မြို့မှ ၎င်းနိုင်ငံသားများကို ခေါ်ထုတ်ရွှေ့ပြောင်းရန် တရုတ် အစိုးရထံမှ ခွင့်ပြုချက်တောင်းခံရရှိထားသည်ဟု သိရှိရကြောင်း www.nationthailand.com အင်တာနက် website တွင်ဖော်ပြထားပါသည်။