လာမည့်ဧပြီလမှစတင်မည့် အိန္ဒိယနိုင်ငံ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ ပဲမျိုးစုံ တင်သွင်းမှုမှာ ၆၀% အထိကျဆင်းနိုင်သောကြောင့် မြန်မာနိုင်ငံအပါအဝင်နိုင်ငံအချို့မှ ပဲစိုက်တောင်သူများ၏ အကျိုး စီးပွားအပေါ်ထိခိုက်ဖွယ်ရှိမှု

လာမည့်ဧပြီလမှစတင်မည့် အိန္ဒိယနိုင်ငံ၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ ပဲမျိုးစုံ တင်သွင်းမှုမှာ ၆၀% အထိ ကျဆင်းနိုင်သောကြောင့် မြန်မာ နိုင်ငံအပါအဝင်နိုင်ငံအချို့မှ ပဲစိုက်တောင်သူများ၏ အကျိုးစီးပွားအပေါ်ထိခိုက်ဖွယ်ရှိမှု

အိန္ဒိယနိုင်ငံ၌ ယခုနှစ်တွင် ပဲအထွက်နှုန်းများပြားလျက်ရှိသောကြောင့် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုမှာ ၆၀% ကျဆင်းနိုင်သည်ဟု အိန္ဒိယပဲလုပ်ငန်းရှင်အသင်းဥက္ကဌ  ဂျစ်တူဘီဒါက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက် (သောကြာနေ့)တွင်ပြောကြားခဲ့ကြောင်း၊ ပဲလုပ်ငန်းရှင် အသင်းဥက္ကဌကပြောကြားရာ၌ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်သည် လာမည့်မတ်လ၌ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း၊ အဆိုပါဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယနိုင်ငံသည် ပြည်ပမှ ပဲမျိုးစုံ တန်ချိန်(၂.၅)သန်းခန့်ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ သို့သော် လာမည့် ဧပြီလတွင်စတင်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌မူ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်ပမှပဲမျိုးစုံ တန်ချိန်(၁)သန်းခန့်သာ တင်သွင်း ဖွယ်ရှိရာ ဘဏ္ဍာရေးနှစ်အလိုက်နှိုင်းယှဉ်ပါက ၆၀% ခန့်ကျဆင်းမည့် အနေအထားပင်ဖြစ်ကြောင်း၊ ထိုသို့ ပဲတင်သွင်းမှုကျဆင်းရခြင်း၏ အဓိကအကြောင်းအရင်းများမှာ ယခုနှစ်တွင် အိန္ဒိယနိုင်ငံ အတွင်း ပဲအလျှံအပယ်ထွက်ရှိနေခြင်းနှင့် အစိုးရအနေဖြင့်လည်း ပြည်ပမှပဲ တင်သွင်းမှုများကို ထိန်းချုပ်ပြီး ပြည်တွင်း ပဲစိုက်တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်လိုခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်၌ ပဲအများဆုံးစားသုံးနေသည့် နိုင်ငံဖြစ်ပြီး စားသုံးမှုနှင့် ထုတ်လုပ်မှု ကွာဟချက်ကြောင့် နှစ်စဉ်ပြည်ပမှ ပဲတန်ချိန် အနည်းဆုံး(၂.၅)သန်းမှ အများဆုံး(၆.၆)သန်းအထိ ပုံမှန်ဝယ်ယူနေရသည့်နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံ၊ ကနေဒါနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် ရုရှားနိုင်ငံ တို့မှပဲများကိုအများဆုံးဝယ်ယူခဲ့ကြောင်း၊ သို့သော်လာမည့်ဘဏ္ဍာရေးနှစ်တွင်အိန္ဒိယနိုင်ငံ၏ပဲတင်သွင်းမှု ၆၀%ခန့်ကျဆင်းမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအပါအဝင် အဆိုပါနိုင်ငံများရှိ ပဲစိုက်ပျိုးရေး ကဏ္ဍနှင့် တောင်သူများ၏ အကျိုးစီးပွားအပေါ်များစွာ ထိခိုက်စေမည်ဖြစ်ကြောင်းဖြင့် www. reuters.com အင်တာနက် website တွင် ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်အတွင်းမြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ၌ အမေရိကန်ဒေါ်လာသန်း (၃၀၀)သုံးစွဲသွားမည် ဖြစ်ကြောင်း ဖော်ပြထားမှု

ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်အတွင်းမြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ၌ အမေရိကန်ဒေါ်လာသန်း (၃၀၀)သုံးစွဲသွားမည် ဖြစ်ကြောင်းဖော်ပြထားမှု

ထိုင်းနိုင်ငံမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီကြီးဖြစ်သည့် PTT Exploration and Production Plc (PTTEP) ကုမ္ပဏီကြီးသည် ၂၀၂၀ ပြည့်နှစ်အတွင်းမြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၌ ကမ်းလွန်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် စုစုပေါင်းလုပ်ကွက်(၁၈)ခုတို့၌ အမေရိကန်ဒေါ်လာသန်း(၃၀၀)ခန့် အသုံးပြုသွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရှိရပါသည်။

PTTEP ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲဖြစ်သူ ချနာမက်စ်ဆာဆန်နန်းက ပြောကြားရာ၌ မြန်မာနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင် သဘာဝဓာတ်ငွေ့လိုအပ်မှုသည် အရှိန်အဟုန် ဖြင့် လျင်မြန်စွာ တိုးတက်လာလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ကို လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၌ အဓိကအားထား အသုံးပြုလျက်ရှိကြောင်း၊ ထို့ကြောင့် PTTEP အနေဖြင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများအားတိုးမြှင့်လုပ်ကိုင်သွားမည်ဖြစ်ပြီးလွန်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းမြန်မာနှင့်မလေးရှားနိုင်ငံတို့တွင် ကမ်းလွန်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ကွက် (၆) ကွက်သာရှိခဲ့ရာမှ ယခု ၂၀၂၀ပြည့်နှစ်အတွင်း(၃)ဆအထိတိုးမြှင့်ကာလုပ်ကွက် (၁၈)ကွက်ဖြင့် သဘာဝဓာတ်ငွေ့ရှာဖွေမှုအား တိုးမြှင့်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းသဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများကို ကုန်းတွင်းပိုင်းလုပ်ကွက်အမှတ် MOGE 3 နှင့် ကမ်းလွန်လုပ်ကွက်(၂)ခုဖြစ်သော လုပ်ကွက်အမှတ် M 11 နှင့် MD-7 တို့တွင်စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း၊ M3 လုပ်ကွက်တွင် ယခုအခါ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများပင် စတင်နိုင်တော့မည်ဖြစ်ကြောင်း၊ PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်များဖြစ်သော ဇောတိက၊ ရတနာနှင့် ရဲတံခွန်တို့တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းဖြင့် www.bangkokpost.com အင်တာနက် website တွင်ဖော်ပြထားပါသည်။