နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်ဝင်ရောက်မှုပမာဏမှာ ၃၀% အထိကျဆင်းဖွယ်ရှိမှု

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်ဝင်ရောက်မှုပမာဏမှာ ၃၀% အထိကျဆင်းဖွယ်ရှိမှု

တရုတ်နိုင်ငံမှ အစပြုလာသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုဂယက်ကြောင့် လက်ရှိ ၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဝင်ရောက်မှုပမာဏမှာ ၂၅% မှ ၃၀% အထိ လျော့နည်းကျဆင်းဖွယ်ရှိသည်ဟု စင်ကာပူနိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့(STB)၏ အမှုဆောင် အရာရှိချုပ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုပမာဏမှာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃.၃% မြင့်တက်ခဲ့ပြီး စုစုပေါင်းကမ္ဘာလှည့်ခရီးသွား (၁၉.၁)သန်းခန့် ရှိခဲ့ကြောင်း၊ အဆိုပါပမာဏအနက် တရုတ်နိုင်ငံသားဧည့်သည်ပါဝင်မှုမှာ ၂၀%ခန့်ရှိကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသို့ တရုတ်နိုင်ငံသားဧည့်သည်များ ဝင်ရောက်မှုမှ ရရှိခဲ့သည့် ဝင်ငွေပမာဏမှာလည်း ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂% မြင့်တက်ခဲ့ပြီး စင်ကာပူ ဒေါ်လာ (၃.၂)ဘီလီယံခန့်ရှိခဲ့သည်ဟု သိရှိရ ပါသည်။

STB အမှုဆောင်အရာရှိချုပ် ကိသ်တန်က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်တွင် ပြောကြားရာ၌ တရုတ်နိုင်ငံ၌ ဖြစ်ပွားနေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အတွက် တရုတ်အစိုးရနည်းတူ စင်ကာပူအစိုးရသည်လည်း ခရီးသွားလာရေးဆိုင်ရာ တားမြစ် ပိတ်ပင်မှုများချမှတ်ထားခြင်းကြောင့် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုပမာဏကျဆင်းသွားဖွယ်ရှိကြောင်း၊စင်ကာပူနိုင်ငံသို့အများဆုံးလာရောက်သော ကမ္ဘာလှည့်ခရီးသည်များမှာ တရုတ်နိုင်ငံသားအများဆုံးဖြစ်ပြီး စုစုပေါင်းကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုပမာဏ၏ ၂၀% ခန့်ရှိကြောင်း၊ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ပြဿနာနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရတို့၏ ခရီးသွားလာရေးဆိုင်ရာ တားမြစ်ပိတ်ပင်မှုများကြောင့် စင်ကာပူနိုင်ငံသို့ တရုတ်နိုင်ငံသားဧည့်သည်များအပါအဝင် နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှုပမာဏမှာ တစ်နေ့လျှင် (၁၈,၀၀၀)ဦးမှ (၂၀,၀၀၀)ဦးအထိ လျော့နည်းဆုံးရှုံးရဖွယ်ရှိကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ပြင်းထန်ဆိုးရွားသော အသက်ရှုလမ်းကြောင်းရောဂါ (SARS)ရောဂါ ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုကျဆင်းခဲ့ရသည့်နည်းတူ ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ကျဆင်းသွားဖွယ်ရှိသည့်အပြင် ၂၀၀၃ ခုနှစ်ထက်ပင် ခရီးသွားဧည့်သည်ဝင်ရောက်မှု ပိုမိုကျဆင်းနိုင်သည်ဟုယူဆထားကြောင်း၊ သို့သော် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၌ ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာဖြစ်ပွားနေမှုအခြေအနေများ၊ နှစ်နိုင်ငံစီးပွားရေးအခြေအနေများနှင့် ကမ္ဘာလှည့် ခရီးသွားများ၏ ခရီးသွားလိုသော အာသီသများအပေါ်မူတည်၍ စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုပမာဏ အတက်/အကျမှာ အပြောင်းအလဲရှိနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့ကြောင့် စင်ကာပူအစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် နိုင်ငံ၏ခရီးသွားလုပ်ငန်း ကဏ္ဍထိခိုက်နိုင်သည့်အပေါ်ကာကွယ်ပံ့ပိုးပေးရန်အတွက် ပုဂ္ဂလိကဆိုင်ရာအများပိုင်ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးအထူးအဖွဲ့(Tourism Recovery Action Task Force – TRAC) ကို ဖွဲ့စည်းရန်စီစဉ်လျက်ရှိကြောင်း၊ အဆိုပါ TRAC အဖွဲ့တွင် ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍများမှ လုပ်ငန်းရှင်ခေါင်းဆောင်များပါဝင်မည်ဖြစ်ကြောင်း၊ TRAC အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်လာသည့် ခရီးသွားဆွဲဆောင်မှု အခွင့်အလမ်းများကို ခွဲခြားဖော်ထုတ်သွားမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ၏ခရီးသွား လုပ်ငန်းကဏ္ဍပြန်လည်ထူထောင်ရေး စီမံချက်များဖန်တီးရန်နှင့် ခရီးသွားဆွဲဆောင်မှုနေရာများကို ပိုမိုကောင်းမွန်စေရန်တို့အတွက် လုပ်ဆောင်သွားမည်ဟု စင်ကာပူ နိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့(STB)က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် STB သည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအားပံ့ပိုးပေးနိုင်ရန်အတွက် နိုင်ငံ အတွင်းရှိဟိုတယ်များ၊ခရီးသွားလုပ်ငန်းများနှင့်ဧည့်လမ်းညွှန်များအတွက် လိုင်စင်ကြေးကင်းလွတ် ခွင့်ပြုပေးမည်ဟု ယခု ဖေဖော်ဝါရီလဆန်းပိုင်းတွင်  ကြေညာခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိလူနာနှင့် သံသယလူနာများအတွက် နေရာထိုင်ခင်းကူညီပေး‌သော ဟိုတယ်များအတွက် သန့်ရှင်းရေးကုန်ကျစရိတ်များကို STB က စိုက်ထုတ်ကျခံပေးသွားမည်ဟု သိရှိရကြောင်းဖြင့် www. channelnewsasia.com အင်တာနက် website တွင်ဖော်ပြထားပါသည်။

တရုတ်နိုင်ငံတွင်နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ(၂၀,၀၀၀)ကျော်ရှိပြီးသေဆုံးသူအရေအတွက်မှာ (၄၀၀) ကျော်သည်အထိ မြင့်တက်လာခဲ့မှု

တရုတ်နိုင်ငံတွင်နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ(၂၀,၀၀၀)ကျော်ရှိပြီးသေဆုံးသူအရေအတွက်မှာ (၄၀၀) ကျော်သည်အထိ မြင့်တက်လာခဲ့မှု

တရုတ်နိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ပိုမိုများပြားလာခြင်း နှင့်အတူ သေဆုံးသူအရေအတွက်မှာလည်း (၄၀၀)ဦးကျော်သည်အထိမြင့်တက်လာခဲ့သည်ဟု သိရှိရ ပါသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် တရုတ်နိုင်ငံ၌ ပျံ့နှံ့လျက် ရှိသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြဿနာနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၄)ရက် နံနက်ပိုင်း၌ တရုတ်အာဏာပိုင်များကထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ တရုတ်နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်မှာ လူပေါင်း(၂၀၄၃၈) ဦးအထိရှိနေပြီး သေဆုံးခဲ့ရသူအရေအတွက်မှာလည်း (၄၂၅) ဦး အထိရောက်ရှိနေပြီဖြစ်သည်ဟု သိရှိရကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ပြင်ပရှိ အခြားသော နိုင်ငံ/ ဒေသကြီး(၂၇)ခုတို့၌လည်း ရောဂါကူးစက်ခံထားရသူပေါင်း (၁၈၈) ဦးအထိ ရှိနေပြီဖြစ်ကြောင်း၊ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် တရုတ်နိုင်ငံပြင်ပ ဟောင်ကောင်ဒေသနှင့် ဖိလစ်ပိုင် နိုင်ငံတို့တွင်လည်း လူ (၁)ဦးစီ သေဆုံးခဲ့ကြောင်း၊ တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပိုမိုများပြားလာသောကြောင့် တရုတ်အစိုးရသည်အမေရိကန်ပြည်ထောင်စု မှ ကျန်းမာရေး နှင့် ဆေးဘက်ဆိုင်ရာပညာရှင်များအား ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအခြေအနေကို ဆန်းစစ်လေ့လာ နိုင်ရန်အတွက် တရုတ်နိုင်ငံအတွင်းသို့ လာရောက်ခွင့်ပြုပေး ခဲ့သည်ဟုသိရှိရပါသည်။

လက်ရှိအချိန်တွင် တရုတ်အစိုးရသည် ဝူဟန်မြို့အပါအဝင်အခြားသော မြို့ကြီးများတွင် ခရီးသွားလာရေးဆိုင်ရာ တားမြစ်ပိတ်ပင်မှုများချမှတ်၍ ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိသော်လည်း ပြည်ပနိုင်ငံများသို့ ရောဂါကူးစက်ကာ လူသေဆုံးမှုများ ဖြစ်ပေါ်လာသည်နှင့်အမျှ တရုတ်နိုင်ငံအပေါ် အခြားသော နိုင်ငံများ၏ ခွဲခြားဆန့်ကျင်မှုများကိုလည်း ကြုံတွေ့ ရလျက်ရှိပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည်လည်း တရုတ်နိုင်ငံဒေသအသီးသီးသို့ ပျံသန်းမည့်လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းခဲ့ကြကြောင်း၊ သို့သော် ကမ္ဘာ့နိုင်ငံများ သည် ဝူဟန်မြို့၌ ပိတ်မိနေသော ၎င်းတို့နိုင်ငံသားများကို လေကြောင်းခရီးဖြင့် ခေါ်ထုတ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ရောဂါပျံ့နှံ့မှုဂယက်ကြောင့်ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ်စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက် ရှိကြောင်း၊ ရောဂါပျံ့နှံ့မှုဂယက်ကြောင့် တရုတ်အစိုးရနှင့်အခြားသော နိုင်ငံများ၏ ခရီးသွားလာရေး ဆိုင်ရာတားမြစ်ရပ်ဆိုင်းမှုများကြောင့် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းထုတ်ကုန် ပမာဏမှာ ၀.၂%မှ ၀.၃% အထိကျဆင်းနိုင်သည်ဟု အချို့သောစီးပွားရေးပညာရှင်များကခန့်မှန်း ထားကြကြောင်းဖြင့် www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြထားပါသည်။

တရုတ်နှစ်သစ်ကူးကာလအပြီးတရုတ်ဈေးကွက်များပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တရုတ်ယွမ်ငွေနှင့်စတော့ရှယ်ယာတန်ဖိုးများကျဆင်းလျက်ရှိမှု

တရုတ်နှစ်သစ်ကူးကာလအပြီး တရုတ်ဈေးကွက်များပြန်လည် ဖွင့်လှစ်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တရုတ်ယွမ်ငွေနှင့်စတော့ရှယ်ယာတန်ဖိုးများကျဆင်းလျက်ရှိမှု

တရုတ်နိုင်ငံ၌ တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလ ပြီးဆုံးပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃)ရက်တွင် စတော့ရှယ်ယာဈေးကွက်၊ ကုန်စည်ဈေးကွက်နှင့် ငွေကြေးဈေးကွက် များပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း၊ သို့သော် လူပေါင်း (၃၀၀)ကျော် အသက်ဆုံးရှုံးခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် တရုတ်စတော့ရှယ်ယာများနှင့် တရုတ်ယွမ်ငွေတန်ဖိုးများ ကျဆင်းလျက် ရှိကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃)ရက်၊ နံနက်ပိုင်း တရုတ်ဈေးကွက်ဖွင့်ချိန်တွင် တရုတ်စတော့ရှယ်ယာများ တန်ဖိုးမှာ ၈ % မှ ၉%အထိ ကျဆင်းခဲ့ကြောင်း၊ တရုတ်ဗဟိုဘဏ်သည် ငွေကြေးဈေးကွက်အတွင်းသို့ တရုတ်နိုင်ငံသုံးယွမ်ငွေ ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၃ ဘီလီယံခန့်)ကို ဖြည့်တင်းပေး၍ စီးပွားရေးဆက်လက်ကျဆင်းမှု မရှိစေရန် စီစဉ်နေကြောင်း၊ တရုတ်ယွမ်ငွေတန်ဖိုးမှာလည်း ၀.၁%  ကျဆင်းပြီးအမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ်ငွေ (၇.၀၁၁၇) လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ လဲလှယ်မှုနှုန်းသည် တစ်လတာ ကာလ အတွင်း ယွမ်ငွေတန်ဖိုးအနိမ့်ဆုံးဖြစ်ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများအတွက် ကုတင်(၁၀၀၀)ဆန့် သီးသန့်ဆေးရုံကို ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးဝါးကုသမှုများ စတင်ပြု လုပ်လျက် ရှိကြောင်း၊ အဆိုပါ ဆေးရုံကို အလုပ်သမားအင်အား ထောင်ပေါင်းများစွာ အသုံးပြု၍ (၁၀)ရက်အတွင်းအပြီး သတ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရုတ်ပြည်သူလွတ်မြောက် ရေးတပ်မတော်မှ ဆေးဝန်ထမ်း (၉၅၀)ဦးအပါအဝင် ဆေးဝန်ထမ်းအင်အားစုစုပေါင်း (၁,၄၀၀)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃)ရက်တွင် ကြေညာသည့် စာရင်းအချက်အလက်များအရ ယခုအခါ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၃၆၁)ဦး ရှိပြီး ရောဂါကူးစက်ခံရသူ (၁၇,၂၀၇)ဦးခန့်ရှိသည်ဟု သိရှိရကြောင်း၊ တရုတ်နိုင်ငံပြင်ပတွင် ရောဂါကူးစက်ခံရသူ (၁၈၆)ဦးရှိပြီး ဖိလစ်ပိုင်နိုင်ငံတွင် သေဆုံးသူ(၁)ဦးရှိခဲ့ကြောင်း၊ ထို့ကြောင့်လက်ရှိအချိန်တွင်ကိုရိုနာဗိုင်းရပ်စ် သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ/ဒေသကြီး(၂၇)ခုသို့ ပျံနှံ့လျက်ရှိပြီး ရောဂါကူးစက်ခံရသူပေါင်းမှာ (၁၇,၃၉၃) ရှိကြောင်းသိရှိရပါသည်။

ယခုအခါစက်မှုထိပ်သီး (၇)နိုင်ငံဖြစ်သော ကနေဒါ ၊ပြင်သစ်၊ ဂျာမနီ ၊ အီတလီ ၊အင်္ဂလန်၊ ဂျပန် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေပြီး ဖြစ်သောကြောင့် စက်မှုထိပ်သီး (၇)နိုင်ငံ ပူးပေါင်း၍ ရောဂါတိုက်ဖျက်ရေးအစီအစဉ်များ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ(၁၉)ဦးခန့်ရှိပြီး ၊ အသက်အရွယ်ကြီးမြင့်သည့် တရုတ်အမျိုးသားဝေဒနာရှင်အားတုပ်ကွေးကုသဆေးနှင့် HIV ဆေးများကို ရောစပ်ထားသော ဆေးများဖြင့် ကုသပေးရာ၌ အခြေအနေတိုးတက်မှုများ ရှိရုံသာမက (၄၈)နာရီခန့်အကြာတွင် ရောဂါပျောက်ကင်းသွားကြောင်းတွေ့ရှိရသည်ဟုထိုင်းဆရာဝန်ကြီးများကြေညာခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးဇီလန်နှင့် အစ္စရေးနိုင်ငံတို့သည် တရုတ်နိုင်ငံမှ တစ်ဆင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဖေဖော်ဝါရီလ(၂)ရက်နေ့မှစ၍ ပြည်ဝင်ခွင့် တားမြစ် ပိတ်ပင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသော မွန်ဂိုလီယားနိုင်ငံနှင့် နီပေါနိုင်ငံတို့သည်လည်း နယ်စပ်ဂိတ်များကို ပိတ်၍လူအဝင်အထွက် မပြုလုပ်ရန် တားမြစ်ခဲ့ကြောင်းဖြင့် www.cnbc.com အင်တာနက် website တွင်ဖော်ပြထားပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းနေသည့်အတွက် အိုပက်အဖွဲ့နှင့် ရုရှားနိုင်ငံတို့ အရေးပေါ်တွေ့ဆုံကာ ရေနံထုတ်လုပ်မှု ထပ်မံလျှော့ချရေးကို ဆွေးနွေးဖွယ်ရှိမှု

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းနေသည့်အတွက် အိုပက်အဖွဲ့နှင့် ရုရှားနိုင်ငံတို့ အရေးပေါ်တွေ့ဆုံကာ ရေနံထုတ်လုပ်မှု ထပ်မံလျှော့ချရေးကို ဆွေးနွေးဖွယ်ရှိမှု

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုပြဿနာကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးသာမက ကမ္ဘာ့စီးပွားရေး အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာကြပြီး ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ၂၁.၄% ခန့်ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် အိုပက်အဖွဲ့နှင့် ရုရှားနိုင်ငံတို့သည် လာမည့်ရက်သတ္တပတ်အတွင်း အရေးပေါ်အစည်းအဝေးပြုလုပ်ကာ နေ့စဉ်ရေနံထုတ်လုပ်မှုကို ပိုမို လျှော့ချသွားရန် ဆွေးနွေးဖွယ်ရှိကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီး အလက်ဇန္ဒါးနိုဗက်ခ်က ယခုရက်ပိုင်းအတွင်းပြောကြားရာ၌         အိုပက်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၅)ရက်နေ့တွင် ပုံမှန်အစည်းအဝေးကျင်းပရန် မူလက စီစဉ်ထားပြီးဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်း ရေနံဝယ်လိုအား အပေါ် ထိခိုက်လာနိုင်သည့် အခြေအနေများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံ ဆွေးနွေးမည့် ကိစ္စကို ယခု ဖေဖော်ဝါရီလအတွင်း ရှေ့တိုး၍ ရွှေ့ဆိုင်းပြုလုပ်ဖွယ်ရှိကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တွေ့ဆုံ ဆွေးနွေးရန် အဆင်သင့်ရှိနေပြီး ဆော်ဒီအာရေဗျနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း၊ သို့သော် ရေနံထုတ်လုပ်သည့် နိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပြဿနာမှာ ကမ္ဘာ့ရေနံဈေးကွက်အပေါ် မည်၍မည်မျှ ဆိုးကျိုး သက်ရောက် မည်ကို ချိန်ဆတွက်ချက်နိုင်ရေးအတွက် ရက်ပေါင်းများစွာ စောင့်ကြည့်ရန် လိုအပ်နေသေး သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် တရုတ်နိုင်ငံ၏ ရေနံဝယ်လိုအားမှာ တစ်နေ့လျှင် ပုံမှန်ဝယ်ယူမှုပမာဏအောက် စည်ပေါင်း (၂၅၀,၀၀၀)ခန့် လျော့နည်းသွား ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁)ရက်(စနေနေ့)တွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်း တစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၁.၅၆)ဖြင့် လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၈.၁၆) ဖြင့်လည်းကောင်း အသီးသီးဈေး ပိတ်သွားခဲ့ကြောင်း၊ ယခု ရက်သတ္တပတ်အတွင်း WTI နှင့် ဘရန့်ရေနံဈေးနှုန်းများမှာ ၄.၈၅% နှင့် ၄.၁၇% စီ အသီးသီး ကျဆင်းခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြထားပါသည်။