နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်ဝင်ရောက်မှုပမာဏမှာ ၃၀% အထိကျဆင်းဖွယ်ရှိမှု

တရုတ်နိုင်ငံမှ အစပြုလာသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုဂယက်ကြောင့် လက်ရှိ ၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဝင်ရောက်မှုပမာဏမှာ ၂၅% မှ ၃၀% အထိ လျော့နည်းကျဆင်းဖွယ်ရှိသည်ဟု စင်ကာပူနိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့(STB)၏ အမှုဆောင် အရာရှိချုပ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုပမာဏမှာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃.၃% မြင့်တက်ခဲ့ပြီး စုစုပေါင်းကမ္ဘာလှည့်ခရီးသွား (၁၉.၁)သန်းခန့် ရှိခဲ့ကြောင်း၊ အဆိုပါပမာဏအနက် တရုတ်နိုင်ငံသားဧည့်သည်ပါဝင်မှုမှာ ၂၀%ခန့်ရှိကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသို့ တရုတ်နိုင်ငံသားဧည့်သည်များ ဝင်ရောက်မှုမှ ရရှိခဲ့သည့် ဝင်ငွေပမာဏမှာလည်း ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂% မြင့်တက်ခဲ့ပြီး စင်ကာပူ ဒေါ်လာ (၃.၂)ဘီလီယံခန့်ရှိခဲ့သည်ဟု သိရှိရ ပါသည်။

STB အမှုဆောင်အရာရှိချုပ် ကိသ်တန်က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်တွင် ပြောကြားရာ၌ တရုတ်နိုင်ငံ၌ ဖြစ်ပွားနေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အတွက် တရုတ်အစိုးရနည်းတူ စင်ကာပူအစိုးရသည်လည်း ခရီးသွားလာရေးဆိုင်ရာ တားမြစ် ပိတ်ပင်မှုများချမှတ်ထားခြင်းကြောင့် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုပမာဏကျဆင်းသွားဖွယ်ရှိကြောင်း၊စင်ကာပူနိုင်ငံသို့အများဆုံးလာရောက်သော ကမ္ဘာလှည့်ခရီးသည်များမှာ တရုတ်နိုင်ငံသားအများဆုံးဖြစ်ပြီး စုစုပေါင်းကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုပမာဏ၏ ၂၀% ခန့်ရှိကြောင်း၊ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ပြဿနာနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရတို့၏ ခရီးသွားလာရေးဆိုင်ရာ တားမြစ်ပိတ်ပင်မှုများကြောင့် စင်ကာပူနိုင်ငံသို့ တရုတ်နိုင်ငံသားဧည့်သည်များအပါအဝင် နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှုပမာဏမှာ တစ်နေ့လျှင် (၁၈,၀၀၀)ဦးမှ (၂၀,၀၀၀)ဦးအထိ လျော့နည်းဆုံးရှုံးရဖွယ်ရှိကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ပြင်းထန်ဆိုးရွားသော အသက်ရှုလမ်းကြောင်းရောဂါ (SARS)ရောဂါ ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုကျဆင်းခဲ့ရသည့်နည်းတူ ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ကျဆင်းသွားဖွယ်ရှိသည့်အပြင် ၂၀၀၃ ခုနှစ်ထက်ပင် ခရီးသွားဧည့်သည်ဝင်ရောက်မှု ပိုမိုကျဆင်းနိုင်သည်ဟုယူဆထားကြောင်း၊ သို့သော် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၌ ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာဖြစ်ပွားနေမှုအခြေအနေများ၊ နှစ်နိုင်ငံစီးပွားရေးအခြေအနေများနှင့် ကမ္ဘာလှည့် ခရီးသွားများ၏ ခရီးသွားလိုသော အာသီသများအပေါ်မူတည်၍ စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုပမာဏ အတက်/အကျမှာ အပြောင်းအလဲရှိနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့ကြောင့် စင်ကာပူအစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် နိုင်ငံ၏ခရီးသွားလုပ်ငန်း ကဏ္ဍထိခိုက်နိုင်သည့်အပေါ်ကာကွယ်ပံ့ပိုးပေးရန်အတွက် ပုဂ္ဂလိကဆိုင်ရာအများပိုင်ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးအထူးအဖွဲ့(Tourism Recovery Action Task Force – TRAC) ကို ဖွဲ့စည်းရန်စီစဉ်လျက်ရှိကြောင်း၊ အဆိုပါ TRAC အဖွဲ့တွင် ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍများမှ လုပ်ငန်းရှင်ခေါင်းဆောင်များပါဝင်မည်ဖြစ်ကြောင်း၊ TRAC အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်လာသည့် ခရီးသွားဆွဲဆောင်မှု အခွင့်အလမ်းများကို ခွဲခြားဖော်ထုတ်သွားမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ၏ခရီးသွား လုပ်ငန်းကဏ္ဍပြန်လည်ထူထောင်ရေး စီမံချက်များဖန်တီးရန်နှင့် ခရီးသွားဆွဲဆောင်မှုနေရာများကို ပိုမိုကောင်းမွန်စေရန်တို့အတွက် လုပ်ဆောင်သွားမည်ဟု စင်ကာပူ နိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့(STB)က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် STB သည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအားပံ့ပိုးပေးနိုင်ရန်အတွက် နိုင်ငံ အတွင်းရှိဟိုတယ်များ၊ခရီးသွားလုပ်ငန်းများနှင့်ဧည့်လမ်းညွှန်များအတွက် လိုင်စင်ကြေးကင်းလွတ် ခွင့်ပြုပေးမည်ဟု ယခု ဖေဖော်ဝါရီလဆန်းပိုင်းတွင်  ကြေညာခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိလူနာနှင့် သံသယလူနာများအတွက် နေရာထိုင်ခင်းကူညီပေး‌သော ဟိုတယ်များအတွက် သန့်ရှင်းရေးကုန်ကျစရိတ်များကို STB က စိုက်ထုတ်ကျခံပေးသွားမည်ဟု သိရှိရကြောင်းဖြင့် www. channelnewsasia.com အင်တာနက် website တွင်ဖော်ပြထားပါသည်။