အမေရိကန်ကွန်ဂရက်လွှတ်တော်၌ကျင်းပခဲ့သည့် ငွေကြေးမူဝါဒဆိုင်ရာကြားနာ စစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နှင့် ပတ်သက်၍ ကမ္ဘာ့စီးပွားရေးအပေါ် အမေရိကန်ဗဟိုဘဏ် ဥက္ကဌက သတိပေးခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေးမှာ ဆက်လက်အားကောင်းလျက်ရှိမှု

အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဂျရိုမီပါဝယ်လ်သည် ဗဟိုဘဏ်မှ ဆက်လက်ကျင့်သုံးမည့် ငွေကြေးမူဝါဒများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့နှင့် (၁၂)ရက်နေ့ များတွင် အမေရိကန်ကွန်ဂရက်လွှတ်တော်၌ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထိုသို့ရှင်းလင်းရာတွင် ဗဟိုဘဏ် ဥက္ကဌကအမေရိကန် ပြည်ထောင်စုတစ်ခုတည်း၏ စီးပွားရေးအခြေအနေကို သုံးသပ် မည်ဆိုပါက တိုးတက်မှုရှိနေသည်ကို မြင်တွေ့ရကြောင်း၊ သို့သော် ကိုရိုနာဗိုင်းရပ်စ်ပြဿနာသည် တရုတ်နိုင်ငံကိုသာမကအခြားသောကမ္ဘာ့နိုင်ငံများကိုပါရိုက်ခတ်ပြီးကမ္ဘာ့စီးပွားရေးတစ်ခုလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဗဟိုဘဏ်အနေဖြင့် အထူးသတိထားလျက် ရှိကြောင်း၊ အမေရိကန်ဗဟိုဘဏ်သည် ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ဘဏ်တိုးနှုန်းကို လက်ရှိအနေအထားအတိုင်း ဆက်လက်နှိမ့်ချထားရန် ဆုံးဖြတ်ထားပြီး ကိုရိုနာ ဗိုင်းရပ်စ်ဂယက်ကြောင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်လာမည် ဆိုပါက ယခင်ဗဟိုဘဏ်ဥက္ကဌများ ကျင့်သုံးခဲ့သည့် နည်းလမ်းများအတိုင်းဈေးကွက်အတွင်းမှ အာမခံငွေတိုက်စာချုပ်အများအပြားကို ပြန်လည်ဝယ်ယူခြင်းဖြင့် ငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ အများအပြားဖြည့်တင်းရန် စဉ်းစားထားသည်ဟုပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

အမေရိကန်ဗဟိုဘဏ်ဥက္ကဌ၏ ပြောကြားချက်နှင့် တစ်ချိန်တည်း၌ပင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့် ဝူဟန်မြို့တည်ရှိရာ တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်၌ ဖေဖော်ဝါရီလ (၁၂) ရက် တစ်နေ့တာ ကာလအတွင်း၌ပင် ရောဂါပိုးကြောင့် လူပေါင်း (၂၄၂)ဦး ထပ်မံသေဆုံးပြီး လူပေါင်း (၁၄,၈၄၀)ဦးခန့် ရောဂါထပ်မံကူးစက်ခံရကြောင်းကို တရုတ်အာဏာပိုင်များက ကြေညာခဲ့သည့် အတွက် ကိုရိုနာဗိုင်းရပ်စ် ပြဿနာအပေါ် ကမ္ဘာတစ်ဝန်းစိုးရိမ်ပူပန်မှုများ ပိုမိုဖြစ်ပေါ်လာခြင်း နှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက်အားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်း ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၄% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၇၁.၇၀) သို့ ရောက်ရှိခဲ့ကြောင်းဖြင့် www.cnbc.com အင်တာနက် website တွင်ဖော်ပြထားပါသည်။

မှတ်ချက်။  ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ မနက်ပိုင်းအထိရရှိသော သတင်းအချက် အလက်များအရ ကမ္ဘာတစ်ဝန်းရှိနိုင်ငံ/ဒေသကြီး (၂၈)ခုတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ(၆၀,၃၈၆)ဦးသေဆုံးသူအရေအတွက်မှာ(၁,၃၆၉)ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ အရေအတွက်မှာ(၆,၀၂၃)ဦးခန့်ရှိကြောင်း၊ တရုတ်နိုင်ငံတစ်ခုတည်း၌ပင် ရောဂါဖြစ်ပွားသူ (၅၉,၈၁၇)ဦး၊ သေဆုံးသူ(၁,၃၆၇)ဦးနှင့်ပြန်လည်ကောင်းမွန်လာသူ(၅,၉၄၆)ဦးခန့်ရှိကြောင်းသိရိရပါသည်။