အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းတည်ဆောက်ရေးနှင့်ပတ်သက်၍ လွှတ်တော်အမတ်များနှင့်ညှိနှိုင်းမှု မရရှိခဲ့ဘဲ ဆွေးနွေးပွဲပျက်ခဲ့သည့်အတွက် အမေရိကန်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်တန့်မှုမှာဆက်လက်ဖြစ်ပေါ်လျက်ရှိမှု

အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနယ်စပ်တံတိုင်းကာရံရေးအတွက်အသုံးစရိတ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ(၅.၇)ဘီလီယံတောင်းခံသည့်ကိစ္စပြေလည်မှုမရရှိသေးသောကြောင့် အမေရိကန်ပြည်ထောင်စု၏ အစိုးရ ယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်နေမှုမှာ ရက်ပေါင်း(၁၉)ရက်ရှိပြီဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် သမ္မတအိမ်ဖြူတော်၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက် (ဗုဒ္ဓဟူးနေ့)တွင် ဒီမိုကရက်လွှတ်တော်အမတ်ခေါင်းဆောင်များနှင့် အစည်းအဝေးပွဲပြုလုပ်ကာ ရန်ပုံငွေတောင်းခံထားမှုအားခွင့်ပြုပေးရန်တောင်းခံခဲ့သော်လည်းလွှတ်တော်အမတ်များနှင့်ညှိနှိုင်းမှုမရရှိခဲ့ဘဲဆွေးနွေးပွဲပျက်ခဲ့သည့်အတွက် အမေရိကန်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်မှုမှာ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု Channelnewsasia သတင်းဌာန က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်(ကြာသပတေးနေ့)တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်မှစတင်၍ အမေရိကန်ပြည်ထောင်စု၏ အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်မှုသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်(ဗုဒ္ဓဟူးနေ့)တွင် (၁၉)ရက်ပြည့် မြောက်ခဲ့ပြီ ဖြစ်ပြီး အဆိုပါဖြစ်စဉ်အဆုံးသတ်စေရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီနှင့် အထက်လွှတ်တော် လူနည်းစုဒီမိုကရက်တစ်အမတ် ခေါင်းဆောင်ချာ့ခ်ရှူမာတို့ပါဝင်သော လွှတ်တော်အမတ်ခေါင်းဆောင်(၂)ဦးနှင့် သမ္မတအိမ်ဖြူတော်တွင် (၃)ကြိမ်မြောက်တွေ့ဆုံမှုအဖြစ် ဆွေးနွေးခဲ့ကြ ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်-မက္ကဆီကိုနယ်စပ်လုံခြုံရေးအတွက် အုတ်တံတိုင်း(သို့မဟုတ်) သံမဏိတံတိုင်းကာရံနိုင်ရေးအတွက် ခွင့်ပြုပေးရန်အချက်များကိုတင်ပြခဲ့သော်လည်း အောက်လွှတ်တော်အမတ် နန်စီပလိုစီကလက်မှတ်ရေးထိုးခြင်းမရှိဘဲ ငြင်းပယ်ခဲ့သည့်အတွက် ဆွေးနွေးပွဲပျက်ကာ ဒေါ်နယ်ထရန့်သည် အဆိုပါဆွေးနွေးပွဲအတွင်းမှဒေါသတကြီးဖြင့်အလျင်စလိုထွက်ခွာသွားခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏တွစ်တာစာမျက်နှာ၌ အချိန်ဖြုန်းခြင်း သက်သက် သာဖြစ်သည်ဟုရေးသားခဲ့ပြီး မည့်သည့်တွေ့ဆုံညှိနှိုင်းမှုမှထပ်မံပြုလုပ်တော့မည်မဟုတ်ဟု ပြောကြားခဲ့သည် ဟုသိရှိရပါသည်။

ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှုပျက်ပြယ်ခဲ့ခြင်းကြောင့် သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ၎င်းတောင်းခံ ထားသည့်စီမံကိန်းအတွက်ကုန်ကျငွေ အမေရိကန်ဒေါ်လာ (၅.၇)ဘီလီယံအားပေးအပ်ခြင်းမရှိပါက အခြားနည်းလမ်း ဖြင့် လုပ်ဆောင်သွားမည်မဟုတ်ဘဲ ၎င်းအနေဖြင့်အမျိုးသားအရေးပေါ် အခြေအနေတစ်ရပ်ကြေညာကာ နယ်စပ်တံတိုင်းဆောက်လုပ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိကြောင်း၊ အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်မှုကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားရသော အမေရိကန်အစိုးရဝန်ကြီးဌာနများ မှာ ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ အမိမြေလုံခြုံရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ အိမ်ရာနှင့် ကျေးလက်ဖွံ့ဖြိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် တရားရေးဝန်ကြီးဌာနများဖြစ်သည်ဟုသိရှိရကြောင်း၊ အထက်လွှတ်တော်လူနည်းစုဒီမိုကရက်တစ်အမတ် ချာ့ခ်ရှူမာကပြောကြားရာ၌ မိမိတို့ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်များအနေဖြင့်ညှိနှိုင်းမှုတစ်စုံတစ်ရာရရှိလိုသော်လည်း ဒေါ်နယ်ထရန့်အနေဖြင့် ၎င်းဖြစ်လိုသည့်ဆန္ဒ တစ်ခုတည်း ကိုသာတောင်းဆိုပြီး ဒေါသတကြီးတုံ့ပြန်ခဲ့သည့်အတွက် မိမိတို့အနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ မိမိတို့ထံတွင် နယ်စပ်လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ ကွဲပြားခြားနားသည့်အခြား လုပ်ဆောင်ရမည့် နည်းလမ်း များရှိသည်ဟုပြောကြားခဲ့ကြောင်းဖြင့် သိရှိရပါသည်။

ရည်ညွှန်း www.channelnewsasia.com