ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ နှစ်နိုင်ငံနယ်စပ်အကြားရှိကြားခံဇုန်(No-Man’s Land)တွင် မြန်မာနိုင်ငံမှ တံတားဆောက်လုပ်နေမှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုးရိမ်ပူပန်လျက်ရှိမှု

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်၊ နှစ်နိုင်ငံနယ်စပ်အကြားရှိ မြေဧရိယာ/ကြားခံဇုန်(No-Man’s Land)ရှိ မြန်မာနိုင်ငံဘက်အခြမ်း၌ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်ကာ မြန်မာအစိုးရက ကွန်ကရစ်တံတားဆောက်လုပ် နေသည့်အတွက်လာမည့် မိုးရာသီကာလတွင် အဆိုပါဧရိယာအတွင်း ရေကြီးနစ်မြှုပ်မှုအန္တရာယ်နှင့် ကြုံတွေ့နိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဘန်ဒါဘန်ခရိုင်အတွင်း မြန်မာနိုင်ငံနှင့်ထိစပ်နေသော ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် နှစ်နိုင်ငံနယ်စပ်အကြားရှိ မြေဧရိယာ/ကြားခံဇုန် (No-Man’s Land)တွင် မြန်မာနိုင်ငံမှ ကွန်ကရစ်တံတားတစ်စင်းကို ဆောက်လုပ်လျက်ရှိပြီး အဆိုပါတံတားတည်ဆောက်ခြင်းကြောင့် ကြားခံဇုန်ဧရိယာအတွင်းရှိ ရေသွယ်တူးမြောင်းအတွင်း ရေစီးဆင်းမှုများကို ပိတ်ဆို့စေနိုင်သဖြင့် လာမည့် မိုးရာသီကာလတွင် ရေကြီးမှုအန္တရာယ်များနှင့်ရင်ဆိုင်ရနိုင်ကြောင်း၊ အဆိုပါ ကြားခံဇုန်မြေဧရိယာအတွင်း ဘင်္ဂါလီဒုက္ခသည်(၆,၀၀၀)ဦးခန့်သည် ရခိုင်အရေးနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းမှစတင်၍ နေထိုင်လျက်ရှိပြီး ၎င်းတို့နေထိုင်လျက်ရှိသည့် ဒုက္ခသည်စခန်းသည်​ နေရာပြောင်းရွှေ့ရမည့်အရေးနှင့် ကြုံတွေ့ ရလျက်ရှိပြီး မြန်မာ့တပ်မတော်အနေဖြင့်လည်း အဆိုပါ တံတားအဆောက်အဦအား ကင်းလှည့်စောင့်ကြည့်ရာ နေရာအဖြစ် အသုံးပြုလာမည်ကို ဘင်္ဂါလီဒုက္ခသည်များအနေဖြင့် စိုးရိမ်ကြောက်ရွံ့လျက်ရှိကြကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသ၏ လက်ထောက်ကော်မရှင်နာမင်းကြီးဖြစ်သူ ကာမဲလ်အာမက်သည် မြန်မာအစိုးရ၏ အဆိုပါ ကွန်ကရစ်တံတားဆောက်လုပ်နေမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များကို စိုးရိမ်ပူပန်သည့်အတွက် ယခုရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရအတွင်းဝန် ရုံးသို့ စာတစ်စောင်ပေးပို့ကာ အကြောင်းကြားထားသည်ဟု သိရှိရပါသည်။

          ကာမဲလ်အာမက်က ပြောကြားရာ၌ မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ နှစ်နိုင်ငံ နယ်စပ်အကြားရှိ မြေဧရိယာ/ကြားခံဇုန် (No-Man’s Land)တွင် မည်သည့်အဆောက်အဦမှ ဆောက်လုပ်ခွင့် မရှိကြောင်း၊ အကယ်၍ အဆိုပါတည်ဆောက်မှုပြီးစီးခဲ့မည်ဆိုပါက ကြားခံဇုန်ဧရိယာအတွင်း ဘင်္ဂါလီ ဒုက္ခသည်များနေထိုင်လျက်ရှိသည့် ဒုက္ခသည်စခန်းအပါအဝင် အဆိုပါဧရိယာ တစ်ခုလုံးအနေဖြင့် ရေအောက်သို့ နစ်မြှုပ်သွားလိမ့်မည်ဖြစ်သည့်အတွက် ဘင်္ဂါလီဒုက္ခသည်များ အနေဖြင့် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြရ လိမ့်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာအစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ပင်ဖြစ်ပြီး နှစ်နိုင်ငံသဘောတူညီ ချက်မရှိဘဲ မည်သည့်နိုင်ငံမျှ အဆိုပါကြားခံဇုန်တွင် အဆောက်အဦဆောက်လုပ်ခွင့် မရှိကြောင်း၊ အိမ်နီးချင်းနှစ်နိုင်ငံ၏သဘောတူညီချက်မရရှိဘဲ နယ်စပ်မျဉ်းမှစ၍ နှစ်နိုင်ငံပိုင်နက်ဧရိယာ၏ ကိုက် (၁၅၀)အတွင်း မည်သည့်အဆောက်အဦမျှ ဆောက်လုပ်ပိုင်ခွင့်မရှိဟု သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံနယ်စပ်အကြားရှိ မြေဧရိယာ/ ကြားခံဇုန်(No-Man’s Land)တွင် နေထိုင်လျက်ရှိသော ဘင်္ဂါလီဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ကိုတားမြစ်ထားပြီး ဘင်္ဂါလီဒုက္ခသည်များပါမက ဒေသခံဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် အဆိုပါ အဆောက်အဦတည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ကြားခံဇုန် ဧရိယာနှင့် စိုက်ပျိုးမြေဧရိယာတစ်ဝန်း ရေနစ်မြှုပ်မှုအန္တရာယ်အပါအဝင် ၎င်းတို့၏လုံခြုံရေးအတွက်ပါ စိုးရိမ်ပူပန်လျက်ရှိသည်ဟု သိရှိရကြောင်း ဖော်ပြ ပါရှိပါသည်။

ရည်ညွှန်း www.thedailystar.net