အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏သမီး အီဗန်ကာထရန့်သည် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအသစ် ဖြစ်လာ ဖွယ်ရှိသည် ဟု Financial Times သတင်းစာ၌ ရေးသားဖော်ပြထားမှု

လက်ရှိ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်သည် လာမည့်ဖေဖော်ဝါရီလတွင် ရာထူးမှနုတ်ထွက်တော့မည် ဖြစ်ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အကြီးဆုံးသမီးဖြစ်သူ အီဗန်ကာထရန့်သည် ကမ္ဘာ့ဘဏ်၏ ဥက္ကဋ္ဌအသစ် ဖြစ်လာဖွယ်ရှိသည်ဟု Financial Times သတင်းစာ၌ ရေးသား ဖော်ပြထားကြောင်း သိရှိရပါသည်။

          အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမား၏ ရွေးချယ်ခန့်အပ်မှုဖြင့် ဂျင်ယောင်ကင် သည် ၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခန့်အပ်ခံ ခဲ့ရကြောင်း၊ သို့သော် ဂျင်ယောင်ကင်သည် ၎င်း၏ဒုတိယသက်တမ်း(၅)နှစ် မကုန်ဆုံးမီတွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်တော့မည်ဟု လွန်ခဲ့သည့်ရက်ပိုင်းက ကြေညာ ခဲ့ကြောင်း၊ ဤတွင် ကမ္ဘာ့ဘဏ်အနေဖြင့် လစ်လပ်သွားမည့် ဥက္ကဋ္ဌရာထူးအတွက် ရွေးချယ်ခန့်အပ်မှု များပြုလုပ်ရတော့မည်ဖြစ်ရာတွင် ကမ္ဘာ့ဘဏ်၌ ရှယ်ယာအများဆုံးပါဝင်ထားသော အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌရာထူးအတွက် ရွေးချယ် ခန့်အပ်မှုများပြုလုပ်လေ့ရှိသည် ဖြစ်သောကြောင့် ယခုအခါတွင်လည်း ဥက္ကဋ္ဌအသစ်အား အမေရိကန်အစိုးရကပင် ရွေးချယ်သွားဖွယ် ရှိခြင်းနှင့်အတူ သမ္မတဒေါ်နယ်ထရန့်၏သမီး အီဗန်ကာထရန့်မှာ ကမ္ဘာ့ဘဏ်၏ဥက္ကဋ္ဌအသစ် ဖြစ်လာဖွယ်ရှိသည်ဟု လန်ဒန်အခြေစိုက် Financial Times သတင်းစာက ရေးသားဖော်ပြ ခဲ့ကြောင်း သိရှိရပါသည်။

           ယခင်က ဖက်ရှင်ဒီဇိုင်နာ၊ မော်ဒယ်လ်၊ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်အဖြစ် လုပ်ကိုင် ခဲ့သူ အီဗန်ကာထရန့်သည် သမ္မတဒေါ်နယ်ထရန့်၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များတွင် ပါဝင် ခဲ့သူတစ်ဦးဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့် အာဏာရခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် သမ္မတ၏အကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း၊ အီဗန်ကာထရန့်သည် ၂၀၁၇ခုနှစ်အတွင်း၌ ‘အမျိုးသမီးများ၏ စီးပွားရေး စွမ်းဆောင်နိုင်မှု ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက်’ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့က ကမ္ဘာ့ဘဏ်သို့ အမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံ ပါဝင်လှူဒါန်းလာအောင် စွမ်းဆောင်ကြိုးပမ်းနိုင်ခဲ့သူဖြစ်ကြောင်း၊ အီဗန်ကာထရန့် အပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေးဗစ်မော်လ်ပတ်စ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း နစ်ကီးဟာလေနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးအမေရိကန်အေဂျင်စီမှ မာ့က်ခ်ဂရင်း အစရှိသူတို့သည်လည်း အီဗန်ကာထရန့်နှင့်အပြိုင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအသစ် ဖြစ်လာနိုင်သည်ဟု Financial Times သတင်းစာက ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

လာမည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းမှု များကို စတင် လက်ခံ သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလလယ်ပိုင်းတွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အသစ်အား ရွေးချယ်ခန့်အပ်သွားမည် ဟု ကမ္ဘာ့ဘဏ်က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.scmp.com