မြန်မာနိုင်ငံမှရွှေများ အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘက်မြို့အတွင်းသို့ မှောင်ခိုတင်သွင်းခဲ့မှုနှင့်ပတ်သက်၍ အဓိကကြိုးကိုင်စေခိုင်းသူ အိန္ဒိယရတနာကုန်သည်နှစ်ဦးကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးရမိခဲ့မှု

အိန္ဒိယ နိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်၊ ဟိုက်ဒရာဘက်မြို့အတွင်းသို့ အိန္ဒိယ-မြန်မာနယ်စပ်အား ဖြတ်ကျော်၍ အာသံပြည်နယ်၊ ဂူဝါဟေတီမြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ ရွှေများကို မှောင်ခို တင်သွင်းခဲ့မှုနှင့်ပတ်သက်၍ အဓိက ကြိုးကိုင်စေခိုင်းသူ အိန္ဒိယနိုင်ငံသား ရတနာကုန်သည်(၂)ဦးကို အိန္ဒိယနိုင်ငံဘဏ္ဍာအခွန်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့(Directorate of Revenue Intelligence-DRI)က ယခုရက်ပိုင်းအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဖမ်းဆီးရမိသူ အိန္ဒိယရတနာကုန်သည်(၂)ဦးမှာ ဟိုက်ဒရာဘက်မြို့အနီးရှိ ဟက်ဘ်ဆီဂူတာမြို့ သီရိဂနေ့စ်ရတနာဆိုင်ပိုင်ရှင် ပူဟာဂျိန်းဆိုသူနှင့် ဟိုက်ဒရာဘက်မြို့နှင့်ထိစပ် နေသည့် ဆီကန်ဒါရာဘက်မြို့မှ ဂူသန်ရာဝယ်ဆိုသူတို့ဖြစ်ကြပြီး ၎င်းတို့၏ အလုပ်သမားဝန်ထမ်း များကိုအသုံးပြုကာ အာသံပြည်နယ်၊ ဂူဝါဟေတီမြို့နှင့် အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ဗီဆက်ဟပ်နမ် ဆိပ်ကမ်းမြို့များမှတစ်ဆင့် မြန်မာနိုင်ငံမှရွှေများကို မှောင်ခိုသယ်ဆောင်စေခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဘဏ္ဍာအခွန်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့(DRI) သည် ဗီဆက်ဟပ်နမ်မြို့ရှိ ဂူဝါဟေတီနှင့် ဆီကန်ဒါရာဘက်မြို့သို့ သွားရောက်ရာ ဘူတာရုံတွင် အိန္ဒိယရူပီး(၁)ကုဋေ(အမေရိကန်ဒေါ်လာ၁၄၀,၀၀၀)တန်ဖိုးရှိသော အလေးချိန်(၃.၃)ကီလိုဂရမ်ရှိ ရွှေများကို တရားမဝင်မှောင်ခိုသယ်ဆောင်လာသူ(၂)ဦးကို ဖမ်းဆီးရမိခဲ့ရာမှတစ်ဆင့် အဆိုပါရတနာ ကုန်သည် နှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံ ဘဏ္ဍာအခွန် ဆိုင်ရာထောက်လှမ်းရေး အဖွဲ့(DRI)သည် ယခုအခါ ဟိုက်ဒရာဘက်မြို့နှင့်ထိစပ်နေသည့် ဆီကန်ဒါရာဘက်မြို့ရှိ ဆိပ်ကမ်းဈေးအား ပစ်မှတ်ထား၍ တရားမဝင်ရွှေမှောင်ခိုတင်သွင်းမှုများအပေါ်၌ ပိုမိုအာရုံစိုက် လုပ်ဆောင်လျက်ရှိကြောင်း၊ DRI အဖွဲ့သည် ၂၀၁၈ခုနှစ်မှစတင်၍ ဟိုက်ဒရာဘက်၊ ဗီဆက်ဟပ်နမ်နှင့် ဘူဘန်ဆွာမြို့တို့တွင် မြန်မာနိုင်ငံမှ ရွှေများကိုတရားမဝင်မှောင်ခိုတင်သွင်းမှုများမှ အနည်းဆုံရွှေ(၂၅)ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူလွန်ခဲ့သည့်တစ်နှစ်ကျော်၊ တစ်နှစ်ခွဲခန့်မှစတင်၍ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များ၌ မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်းလာသည့် ရွှေ(၂၅)ကီလိုဂရမ်ဝန်းကျင်ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံတွင် တရားမဝင်ရွှေမှောင်ခိုတင်သွင်းမှုများကို ယခင်က အိန္ဒိယ-နီပေါနယ်စပ် လမ်းကြောင်းကို အများဆုံးအသုံးပြုခဲ့သော်လည်း ယခုအခါ အိန္ဒိယ-မြန်မာနယ်စပ်ဒေသသည် ရွှေမှောင်ခိုတင်သွင်းမှုများအတွက် အများဆုံးပြုလုပ်ရာလမ်းကြောင်းအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်သည် ဗီဇာမလိုဘဲ နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ပြုထားသည့်အတွက် ယခုကဲ့သို့ မှောင်ခိုသမားများ အနေဖြင့် အခွင့်ကောင်းယူကာ တရားမဝင်လုပ်ငန်း များကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ရွှေမှောင်ခို သမားများသည် မြန်မာနိုင်ငံမှရွှေများကို အဓိကအားဖြင့် အိန္ဒိယ-မြန်မာနယ်စပ်မှတစ်ဆင့် အာသံပြည်နယ်၊ ဂူဝါဟေတီမြို့သို့ မော်တော်ယာဉ် လမ်းကြောင်းဖြင့်သယ်ဆောင်လာပြီး ဟိုက်ဒရာဘက်မြို့နှင့် ချန်နိုင်းမြို့များ အပါအဝင် အခြားဒေသများသို့ မီးရထားလမ်းကြောင်းဖြင့် သယ်ဆောင်နေကြခြင်းဖြစ်ပြီး ဂူဝါဟေတီနှင့် ဆီကန်ဒါရာဘက်မြို့အား ဆက်သွယ်ထားသည့်မီးရထားလမ်းကြောင်းသည် မှောင်ခိုသမားများ အများဆုံး အသုံးပြုရာ လမ်းကြောင်းဖြစ်သည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.indiatimes.com