တရုတ်နိုင်ငံ၏ ပို့ကုန်/သွင်းကုန်ကဏ္ဍကျဆင်းခဲ့မှုနှင့်အတူ ကမ္ဘာ့စီးပွားရေးနှေးကွေးဖွယ်ရှိသည် ဟူသောစိုးရိမ် ပူပန်မှုများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့မှု

၂၀၁၉ ခုနှစ်၊  ဇန်နဝါရီလ(၁၄)ရက် (တနင်္လာနေ့)တွင် တရုတ်အစိုးရကထုတ်ပြန်သည့် အစီရင်ခံစာ၌ လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ပြည်ပသို့တင်ပို့သည့် ပို့ကုန်ပမာဏမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ (၂၂၁.၂၅)ဘီလီယံခန့်သာရှိခဲ့ရာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄.၄% ကျဆင်းခဲ့ကြောင်း၊ အလားတူ နိုင်ငံအတွင်းသို့ တင်သွင်းသည့် ပြည်ပသွင်းကုန်ပမာဏမှာလည်း စုစုပေါင်းအမေရိကန်ဒေါ်လာ (၁၆၄.၁၉)ဘီလီယံခန့်သာရှိခဲ့ပြီး ယမန်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၇.၆% ကျဆင်းသွားခဲ့ကြောင်း၊ အဆိုပါ ကျဆင်းမှုပမာဏများသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း အများဆုံးကျဆင်းသည့်ပမာဏများပင်ဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ လက်ရှိအချိန်တွင် အမေရိကန်-တရုတ် သွင်းကုန်ခွန်အပြန်အလှန်တိုးမြှင့်ကောက်ခံခြင်း ထိုးစစ်အား ယာယီရပ်ဆိုင်းထားသော်လည်း အဆိုပါအမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှုများ၏ ဂယက် အရှိန်ကြောင့် ကမ္ဘာပေါ်၌ ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ပို့ကုန်/သွင်းကုန်ကျဆင်း ခဲ့ရခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်းစီးပွားရေးနှေးကွေးမှုများဖြစ်ပေါ်နေသည်ဟူသော စိုးရိမ်ပူပန်မှုများထွက်ပေါ် လာပြီး ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာအစား ရွှေကိုဝယ်ယူ စုဆောင်းမှုများပြုလုပ်လာကြသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းကာ ကမ္ဘာ့ရွှေဈေး နှုန်းမှာ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် လွန်ခဲ့သည့်ရက်များအတွင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်အတွင်း  ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ အနည်းငယ်ကျဆင်းကာ ယမန်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးတိုးတက်မှုနှုန်း ၃% ကို ပြည့်မီနိုင်ခြင်းမရှိဘဲ ၂.၉% ခန့်သာရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းမှာလည်း ယမန်နှစ်တွင် ၆.၅% ခန့်ရှိခဲ့ရာမှ ယခု ၂၀၁၉ ခုနှစ်တွင်မူ ၆.၂% သို့ လျော့နည်းကျဆင်း သွားနိုင်သည်ဟု ဖော်ပြထားကြောင်း၊ ၎င်းအပြင် လွန်ခဲ့သည့် ဒီဇင်ဘာလ(၁၈)ရက်နှင့် (၁၉)ရက်နေ့ တို့တွင်ကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ် အစည်းအဝေး မှတ်တမ်း၌လည်း အမေရိကန်ဗဟိုဘဏ်ကော်မတီ ဝင်များသည် ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား အလျင်စလိုပြုလုပ်လိုခြင်းမရှိဘဲ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် အချိန်ယူကာစောင့်ကြည့်ဆန်းစစ်သွားမည်ဟု ဖော်ပြထားရာ ကမ္ဘာ့စီးပွားရေး နှေးကွေးဖွယ်ရှိခြင်းနှင့် အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းတိုးမြှင့်မှုကို ရပ်ဆိုင်းထားဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်နေခြင်းတို့သည်လည်း ရင်းနှီးမြှုပ်နှံသူများအား ရွှေကိုပိုမိုဝယ်ယူစုဆောင်းရန်တွန်း အားပေးလျက်ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းကိုမြင့်တက်စေသည့် အခြားသောအချက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဖေဖော်ဝါရီလ အတွက် ရွှေကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၂% မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၂၉၁.၇၀) သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၁%  ကျဆင်းခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာနှင့်အတူ အမေရိကန်စတော့ရှယ်ယာများဖြစ်သည့် S & P 500 စတော့ရှယ်ယာတန်ဖိုး မှာ ၀.၅% ၊ Nasdaq  စတော့ရှယ်ယာတန်ဖိုးမှာ ၀.၉%  စီ အသီးသီးကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်းwww.bloomberg.com