အိန္ဒိယမူးယစ်တရားခံပြေး ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဒါဝတ်အီဘရာဟင်သည် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်နိုင်ရန် AA နှင့် ARSA အပါအဝင် အခြား အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဒေါ်လာ(၁)ဘီလီယံထောက်ပံ့ပေးအပ်ရန်ကတိပြုခဲ့မှု

အိန္ဒိယမူးယစ်တရားခံပြေး ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဒါဝတ်အီဘရာဟင်သည် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်နိုင်ရန် AA နှင့် ARSA အပါအဝင် အခြားအကြမ်းဖက်အဖွဲ့များအား အမေရိကန်ဒေါ်လာ(၁)ဘီလီယံထောက်ပံ့ပေးအပ်ရန်ကတိပြုခဲ့မှု

ဒူဘိုင်းနိုင်ငံတွင်နေထိုင်လျက်ရှိသော အိန္ဒိယမူးယစ်တရားခံပြေး ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဒါဝတ် အီဘရာဟင်သည် ၎င်း၏မူးယစ်ဆေးဝါးကုန်သွယ်ရာမှ ရရှိသည့်ငွေများအနက်မှ အမေရိကန်ဒေါ်လာ(၁) ဘီလီယံခန့်ကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် အကြမ်းဖက်အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် AA နှင့် ARSA အဖွဲ့အပါအဝင် အိန္ဒိယနှင့်မြန်မာဆန့်ကျင်ရေး သောင်းကျန်းသူအဖွဲ့အစည်းများနှင့် အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဒေါ်လာ(၁)ဘီလီယံ ထောက်ပံ့ပေးအပ်ရန် ကတိပြုခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါ အိန္ဒိယမူးယစ်တရားခံပြေး ဒါဝတ်အီဘရာဟင်(၆၄နှစ်)သည် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ဇာတိဖြစ်ပြီး ၎င်း၏ကြွယ်ဝချမ်းသာမှုမှာ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၆.၇) ဘီလီယံ ခန့်ရှိပြီး မူးယစ်ဆေးဝါးကုန်သွယ်ရာမှ ရရှိသည့်ဝင်ငွေများအနက်မှ ၁၅% ကို အဖျက်အမှောင့်လုပ်ငန်းများ အတွက် အသုံးပြုရန်ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း၊ ၁၉၇၀ ခုနှစ်ကာလများအတွင်းတွင် ဒါဝတ်အီဘရာဟင် သည် ၎င်း၏အစ်ကိုဖြစ်သူနှင့်အတူ D-Company(Dawood Company)ကို ပူးတွဲတည်ထောင်ခဲ့ပြီး မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းသည် ၁၉၉၃ ခုနှစ်တွင် လူ(၂၅၇)ဦး သေဆုံးကာ(၁,၄၀၀) ဦးဒဏ်ရာရရှိစေခဲ့သည့် မွန်ဘိုင်းမြို့ဗုံးခွဲတိုက်ခိုက်မှုအတွင်း ညွှန်ကြားစေခိုင်းခဲ့သူတစ်ဦး ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ FBI ၏အလိုရှိဆုံးထိပ်တန်းဝရမ်းပြေး(၁၀)ဦးအနက် နံပါတ်(၃)အဆင့်၌ ရပ်တည်လျက်ရှိကြောင်း၊ ၎င်းသည် တာလီဘန်၊ အယ်လ်ကေဒါနှင့် Lashkar-e-Taiba(L-e-T)စသည့် အကြမ်းဖက်အဖွဲ့တို့နှင့် ဆက်နွယ်ပတ်သက်လျက်ရှိပြီး အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အာရပ်စော်ဘွားများ     ပြည်ထောင်စုတို့ရှိ အစ္စလာမ်အဖွဲ့အစည်းများနှင့်လည်း အဆက်အသွယ်ရှိသူတစ်ဦးဖြစ်ကြောင်း၊  ၎င်းသည် D-Company အမည်ဖြင့် ၁၉၈၀ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်ကာလများအတွင်း အိန္ဒိယရုပ်ရှင် ရိုက်ကူရေးနှင့် ဘောလီးဝုဒ်စတူဒီယိုအပါအဝင် ကမ္ဘာတစ်ဝန်း၌ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကာ ၎င်း၏တရားမဝင်ရရှိ ခဲ့သော ငွေကြေးများအားငွေကြေးခဝါချခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့၌ နောက်ဆုံးပုန်းအောင်းလုပ်ကိုင်ခဲ့သည်ဟုသိရှိရကြောင်း၊ ၎င်းသည် ပါကစ္စတန်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့ကြီး တစ်ခုဖြစ်သည့် L-e-T အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့ပေးနေသူတစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် L-e-T အဖွဲ့က လုပ်ဆောင်ခဲ့သည့် လူ(၁၇၄)ဦးသေဆုံးကာ (၃၀၀)ဦးကျော်ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် မွန်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုအတွက် ငွေကြေးထောက်ပံ့ပေးအပ်ခဲ့သူလည်းဖြစ်ကြောင်း၊ ၎င်းအား အိန္ဒိယနှင့် အမေရိကန်အစိုးရတို့က ၂၀၀၃ ခုနှစ် တွင်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားတစ်ဦးအဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်ဟုသိရှိရပါသည်။

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလအတွင်း ဒါဝတ်အီဘရာဟင်၏ ယုံကြည်စိတ်ချရသောလက်ထောက်တစ်ဦးဖြစ်သူအစ္စမေးလ်သည် ဒူဘိုင်းမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၄)ဦးနှင့်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် အစ္စမေးလ်သည် မူဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးကို ရည်စူးကာ ဒါဝတ်အီဘရာဟင်အနေဖြင့် အမေရိကန်ဒေါ်လာ(၁)ဘီလီယံခန့် အားပေးအပ်သွားမည်ဟု အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအားအသိပေးခဲ့ကြောင်း၊ ထို့နောက် ဒါဝတ်အီဘရာဟင်က ပေးအပ်မည့်ငွေများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အိန္ဒိယလိုလားသူများအား ဖြိုခွင်းနိုင်ရေးအတွက် Jamaat-e-Islami နှင့် Hefazat-e-Islam အပါအဝင် အကြမ်းဖက်အဖွဲ့များအား ငွေကြေးခွဲဝေချပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးမှ အစ္စမေးလ်အားအကြံပြု ပြောကြားခဲ့ကြောင်း၊ အဆိုပါအကြံပြုချက်အတိုင်း နောက်ပိုင်းတွင် အစ္စမေးလ်သည် မလေးရှားနိုင်ငံတွင် နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သတင်းစာအယ်ဒီတာတစ်ဦးနှင့်ချိတ်ဆက်မိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက် နေ့တွင် အဖျက်အမှောင့်လုပ်ငန်းများအတွက် လိုအပ်သောရန်ပုံငွေများကို ခွင့်ပြုပေးအပ်ခဲ့ကြောင်းကို အဆိုပါ ဘင်္ဂလားဒေ့ရှ်အယ်ဒီတာအား ဒုတိယအကြိမ်မြောက် ဖုန်းအဆက်အသွယ်ပြုလုပ်ကာ အသိပေးအကြောင်းကြား ခဲ့ကြောင်း၊ ထို့ပြင် ဒါဝတ်အီဘရာဟင်၏ ကိုယ်စားလှယ် များသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကတည်းမှ ပင်စတင်၍ အီရန်နိုင်ငံသားတစ်ဦးနှင့်အတူ အကြမ်းဖက်မှုလုပ်ငန်းများအတွက် လိုအပ်သော လက်နက်နှင့် ဖောက်ခွဲရေးဆိုင်ရာပစ္စည်းများကို ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ ထို့နောက် အဆိုပါလက်နက်များနှင့်ဖောက်ခွဲ ရေးပစ္စည်းများကို အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသအတွင်းရှိ အကြမ်းဖက်အဖွဲ့များအပါအဝင် မြန်မာနိုင်ငံရှိ AA နှင့် ARSA အကြမ်းဖက်အဖွဲ့အစည်းများထံသို့ပေးအပ်ခဲ့သည်ဟု သိရှိရကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.weeklyblitz.net

တရုတ်နိုင်ငံ၏ ပို့ကုန်/သွင်းကုန်ကဏ္ဍကျဆင်းခဲ့မှုနှင့်အတူ ကမ္ဘာ့စီးပွားရေးနှေးကွေးဖွယ်ရှိသည် ဟူသောစိုးရိမ် ပူပန်မှုများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့မှု

တရုတ်နိုင်ငံ၏ ပို့ကုန်/သွင်းကုန်ကဏ္ဍကျဆင်းခဲ့မှုနှင့်အတူ ကမ္ဘာ့စီးပွားရေးနှေးကွေးဖွယ်ရှိသည် ဟူသောစိုးရိမ် ပူပန်မှုများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့မှု

၂၀၁၉ ခုနှစ်၊  ဇန်နဝါရီလ(၁၄)ရက် (တနင်္လာနေ့)တွင် တရုတ်အစိုးရကထုတ်ပြန်သည့် အစီရင်ခံစာ၌ လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ပြည်ပသို့တင်ပို့သည့် ပို့ကုန်ပမာဏမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ (၂၂၁.၂၅)ဘီလီယံခန့်သာရှိခဲ့ရာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄.၄% ကျဆင်းခဲ့ကြောင်း၊ အလားတူ နိုင်ငံအတွင်းသို့ တင်သွင်းသည့် ပြည်ပသွင်းကုန်ပမာဏမှာလည်း စုစုပေါင်းအမေရိကန်ဒေါ်လာ (၁၆၄.၁၉)ဘီလီယံခန့်သာရှိခဲ့ပြီး ယမန်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၇.၆% ကျဆင်းသွားခဲ့ကြောင်း၊ အဆိုပါ ကျဆင်းမှုပမာဏများသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း အများဆုံးကျဆင်းသည့်ပမာဏများပင်ဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ လက်ရှိအချိန်တွင် အမေရိကန်-တရုတ် သွင်းကုန်ခွန်အပြန်အလှန်တိုးမြှင့်ကောက်ခံခြင်း ထိုးစစ်အား ယာယီရပ်ဆိုင်းထားသော်လည်း အဆိုပါအမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှုများ၏ ဂယက် အရှိန်ကြောင့် ကမ္ဘာပေါ်၌ ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ပို့ကုန်/သွင်းကုန်ကျဆင်း ခဲ့ရခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်းစီးပွားရေးနှေးကွေးမှုများဖြစ်ပေါ်နေသည်ဟူသော စိုးရိမ်ပူပန်မှုများထွက်ပေါ် လာပြီး ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာအစား ရွှေကိုဝယ်ယူ စုဆောင်းမှုများပြုလုပ်လာကြသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းကာ ကမ္ဘာ့ရွှေဈေး နှုန်းမှာ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် လွန်ခဲ့သည့်ရက်များအတွင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်အတွင်း  ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ အနည်းငယ်ကျဆင်းကာ ယမန်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးတိုးတက်မှုနှုန်း ၃% ကို ပြည့်မီနိုင်ခြင်းမရှိဘဲ ၂.၉% ခန့်သာရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းမှာလည်း ယမန်နှစ်တွင် ၆.၅% ခန့်ရှိခဲ့ရာမှ ယခု ၂၀၁၉ ခုနှစ်တွင်မူ ၆.၂% သို့ လျော့နည်းကျဆင်း သွားနိုင်သည်ဟု ဖော်ပြထားကြောင်း၊ ၎င်းအပြင် လွန်ခဲ့သည့် ဒီဇင်ဘာလ(၁၈)ရက်နှင့် (၁၉)ရက်နေ့ တို့တွင်ကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ် အစည်းအဝေး မှတ်တမ်း၌လည်း အမေရိကန်ဗဟိုဘဏ်ကော်မတီ ဝင်များသည် ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား အလျင်စလိုပြုလုပ်လိုခြင်းမရှိဘဲ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် အချိန်ယူကာစောင့်ကြည့်ဆန်းစစ်သွားမည်ဟု ဖော်ပြထားရာ ကမ္ဘာ့စီးပွားရေး နှေးကွေးဖွယ်ရှိခြင်းနှင့် အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းတိုးမြှင့်မှုကို ရပ်ဆိုင်းထားဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်နေခြင်းတို့သည်လည်း ရင်းနှီးမြှုပ်နှံသူများအား ရွှေကိုပိုမိုဝယ်ယူစုဆောင်းရန်တွန်း အားပေးလျက်ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းကိုမြင့်တက်စေသည့် အခြားသောအချက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဖေဖော်ဝါရီလ အတွက် ရွှေကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၂% မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၂၉၁.၇၀) သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၁%  ကျဆင်းခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာနှင့်အတူ အမေရိကန်စတော့ရှယ်ယာများဖြစ်သည့် S & P 500 စတော့ရှယ်ယာတန်ဖိုး မှာ ၀.၅% ၊ Nasdaq  စတော့ရှယ်ယာတန်ဖိုးမှာ ၀.၉%  စီ အသီးသီးကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်းwww.bloomberg.com