အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ယာယီအသုံးစရိတ်ဥပဒေမူကြမ်းကိုအတည်ပြု လက်ခံခဲ့ပြီး နောက် ကာလကြာရှည်စွာဖြစ်ပေါ်လျက်ရှိသော အစိုးရယန္တရားများတစ်စိတ်တစ်ပိုင်းရပ်တန့်မှုမှာ ယာယီအဆုံးသတ်သွားခဲ့မှု

အမေရိကန်ပြည်ထောင်စု၌ဖြစ်ပေါ်နေသော အစိုးရယန္တရားများတစ်စိတ်တစ်ပိုင်းရပ်တန့်မှု (partial government shutdown) သက်တမ်းမှာ စံချိန်တင်ကာလ ကြာရှည်စွာဖြစ်ပေါ်နေမှုများကို အဆုံးသတ်နိုင်ရေးအတွက် ရက်သတ္တပတ်(၃)ပတ်တာကာလအတွက် ယာယီအသုံးစရိတ် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်တွင် ကန့်ကွက်မဲမရှိအတည်ပြုခဲ့ပြီးနောက် အဆိုပါဥပဒေမူကြမ်းကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သဘောတူလက်ခံခဲ့ကာ ရပ်နားထားသည့် အမေရိကန်အစိုးရယန္တရားများကို (၃)ပတ်ကြာ ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဟု ဒေါ်နယ်ထရန့်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်(သောကြာနေ့) တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက် (သောကြာနေ့)တွင် အစိုးရယန္တရားများ တစ်စိတ်တစ်ပိုင်း ရပ်တန့်မှုသည် (၃၅) ရက်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အစိုးရဝန်ထမ်း(၈)သိန်းကျော်တို့အတွက် လစာမဲ့ အလုပ်လုပ်ကိုင်နေရမှုများကို အဆုံးသတ်နိုင်ရေးအတွက် ရပ်နားထားသည့်      အမေရိကန်အစိုးရ ယန္တရားများကိုလာမည့် ဖေဖော်ဝါရီလ(၁၅) ရက်အထိ ရက်သတ္တပတ်(၃)ပတ်ကြာ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်သည် အစိုးရယန္တရားများ ရပ်တန့်မှု(၃၅)ရက် ပြည့်မြောက်ခဲ့သည့် ဇန်နဝါရီလ(၂၅)ရက် (သောကြာနေ့) မွန်းလွဲပိုင်းတွင် သမ္မတအိမ်ဖြူတော်ရှိ Rose Garden ဥယျာဉ်၌ မိန့်ခွန်းပြောကြားခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် လွှတ်တော်မှတင်ပြသည့် ဘဏ္ဍာငွေသုံးစွဲရေး အစီအစဉ်အား သဘောတူလက်မှတ်ရေးထိုးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရဝန်ထမ်းများအတွက် အလုပ်ရပ်နားရခြင်းကိုဖြစ်စေခဲ့ပြီး နိုင်ငံအတွက် စီးပွားရေး နှေးကွေးမှုကိုဖြစ်စေခဲ့သော  အမေရိကန်ပြည်ထောင်စု၏ သက်တမ်းအကြာရင့်ဆုံးအဖြစ် စံချိန်တင် ဖြစ်ပေါ်လျက်ရှိသည့် အစိုးရယန္တရားများရပ်တန့်မှုဖြစ်စဉ်မှာ ယာယီအဆုံးသတ်သွားခဲ့ကြောင်း၊ သို့ဖြစ်ရာ အစိုးရယန္တရားများရပ်တန့်မှုကြောင့် လည်ပတ်မှုရပ်ဆိုင်းခဲ့ရသည့်  အစိုးရဝန်ကြီးဌာန (၉)ခုသည် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်အထိ လုပ်ငန်းများပြန်လည် လုပ်ကိုင်သွားမည် ဖြစ်ပြီး အဆိုပါကာလအတွင်း၌ နယ်စပ်တံတိုင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်၌ ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် လွှတ်တော်(၂)ရပ် ပါဝင်သောကော်မတီ တစ်ခုဖွဲ့စည်းကာ အမေရိကန်-မက္ကဆီကိုနယ်စပ်လုံခြုံရေးကိစ္စအား လေ့လာသုံးသပ်မှုများ လုပ်ဆောင် သွားမည်ဖြစ်သည်ဟုသိရှိရပါသည်။

အဆိုပါ ယာယီအသုံးစရိတ်ဥပဒေမူကြမ်းတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့် တောင်းခံထားသည့် နယ်စပ်တံတိုင်းတည်ဆောက်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၅.၇) ဘီလီယံ ပေးအပ်ရေး ကိစ္စရပ်ပါဝင်ခြင်းမရှိကြောင်း၊ အကယ်၍သမ္မတဒေါ်နယ်ထရန့် တောင်းဆိုထားသည့် နယ်စပ်တံတိုင်းကိစ္စလိုက်လျောသဘောတူညီခြင်းမရှိပါက အစိုးရယန္တရားများပြန်လည် ဖွင့်လှစ်ခဲ့သည့် (၃) ပတ်ကြာ ကာလပြီးမြောက်သည့် ဖေဖော်ဝါရီလ (၁၅) ရက်တွင်  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အနေဖြင့် အစိုးရယန္တရားများရပ်တန့်မှုများကို ပြန်လည်စတင်ခြင်း(သို့မဟုတ်) သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာအရ အရေးပေါ်အခြေအနေကြေညာကာ အမေရိကန်တပ်မတော်အသုံးစရိတ်များမှတစ်ဆင့် တံတိုင်းတည်ဆောက်ရန် အမိန့်ပေးသွားမည်ဟု သမ္မတဒေါ်နယ်ထရန့်က သတိပေးပြောကြားထားကြောင်း၊ အစိုးရယန္တရားများ ယာယီပြန်ဖွင့်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်က ယခုကဲ့သို့ ခွင့်ပြုလိုက်လျောခဲ့ခြင်းသည် အတိုက်အခံဒီမိုကရက်ပါတီအောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပီလိုစီ၏ အောင်ပွဲတစ်ခုဖြစ်သည်ဟု လွှတ်တော်အမတ်များကသုံးသပ်လျက်ရှိကြကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၏ အစိုးရယန္တရားများတစ်စိတ်တစ်ပိုင်းရပ်တန့်ခဲ့မှုများကြောင့် အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးအရ ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု၏ အခြားသောစီးပွားရေးလုပ်ငန်းများအပြင် အလုပ်မှရပ်နားထားခဲ့ရသည့် ဝန်ထမ်းများမှတစ်ဆင့် ဆုံးရှုံးသွားသော ကုန်ထုတ်စွမ်းအားများကြောင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ(၆)ဘီလီယံဖိုးခန့် ဆုံးရှုံးနစ်နာခဲ့ရသည်ဟု အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီကြီးဖြစ် သည့် S&P Global Ratings ကထုတ်ပြန် ကြေညာခဲ့သည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.channelnewsasia.com