အမေရိကန်ဗဟိုဘဏ်အစည်းအဝေးအတွင်း ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်ဆိုင်းထားဖွယ်ရှိသည်ဟူသော သတင်းများထွက်ပေါ်ပြီးနောက် တရုတ်ယွမ်တန်ဖိုးမှာ (၆) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အမေရိကန်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်(အင်္ဂါနေ့) မှစတင်ကာ (၃၀)ရက်(ဗုဒ္ဓဟူးနေ့) အထိ(၂) ရက်ကြာအစည်းအဝေးကျင်းပမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများသည် ဗဟိုဘဏ်အစည်းအဝေးရလဒ်ကိုစောင့်ဆိုင်းလျက်ရှိပြီး အဆိုပါဗဟိုဘဏ်အစည်းအဝေး၌ အမေရိကန် ဗဟိုဘဏ်သည် ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်ဆိုင်းထားဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့ပြီး နောက် အမေရိကန်ဒေါ်လာတန်ဖိုးအားပျော့ကာ တရုတ်ယွမ်ငွေတန်ဖိုးမြင့်တက်ခဲ့ပြီး (၆) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်နေ့နှင့် (၃၁) ရက်နေ့တို့တွင် အမေရိကန်နှင့်တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ရာ ဆွေးနွေးမှုအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူ များက စောင့်ကြည့်လျက်ရှိစဉ်ကာလအတွင်း ယွမ်ငွေတန်ဖိုးတည်ငြိမ်စေရန်ရည်ရွယ်၍ ဇန်နဝါရီလ (၂၈)ရက်(တနင်္လာနေ့) တွင် တရုတ်နိုင်ငံပိုင်အချို့သောဘဏ်ကြီးများသည် ပြည်တွင်းငွေကြေး​ဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာရောင်းချမှုများ ပြုလုပ်ပေးလျက်ရှိခြင်းသည်လည်း တရုတ် ယွမ်ငွေတန်ဖိုးကိုမြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက္(တနင်္လာနေ့) တွင် တရုတ်ဗဟိုဘဏ်သည် ရည်ညွှန်းငွေလဲလှယ်မှုနှုန်းအား အမေရိကန် တစ်ဒေါ်လာလျှင် (၆.၇၄၂၄)ယွမ်လဲလှယ်မှုနှုန်း သတ်မှတ်ခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့နေခြင်းနှင့် တရုတ်နိုင်ငံပြည်တွင်းဘဏ်ကြီးများက ပြည်တွင်းငွေကြေးဈေးကွက် အတွင်း သို့ အမေရိကန်ဒေါ်လာ ရောင်းချပေးမှုများကြောင့် တရုတ်ပြည်တွင်းငွေကြေးဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် (၆.၇၂၂၅) ယွမ်လဲလှယ်မှုနှုန်း၌ ဖြစ်ပေါ်ခဲ့ရာအဆိုပါနှုန်းထားများအရ တရုတ်ယွမ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၀.၇% မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း(၆) လတာကာလအတွင်း ယွမ်ငွေတန်ဖိုး အမြင့်ဆုံးအနေအထားပင်ဖြစ်သည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.brecorder.com