အမေရိကန်အစိုးရသည် တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးကုမ္ပဏီ၏ဘဏ္ဍာရေးမှူးဖြစ်သူအား နည်းပညာခိုးယူမှုစွဲချက်အပါအဝင် စွဲချက်အများအပြားဖြင့်တရားစွဲဆိုခဲ့မှု

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကနေဒါနိုင်ငံတွင်ဖမ်းဆီးခဲ့ပြီး နေအိမ်အကျယ်ချုပ်ဖြင့်ထားရှိထားသည့် တရုတ်နိုင်ငံအခြေစိုက်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးကုမ္မဏီတည်ထောင်သူ၏သမီးဖြစ်သူ ဟွာဝေးကုမ္ပဏီ၏ဘဏ္ဍာရေးဆိုင်ရာအုပ်ချုပ်ရေးမှူး မန်ဝမ်ကျိုး အား အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့် အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့မှုများနှင့် နည်းပညာခိုးယူမှုများအပါအဝင် စွဲချက်(၁၃)ချက်ဖြင့်  အမေရိကန်ပြည်ထောင်စုတရားရေးဌာနက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်(တနင်္လာ) နေ့တွင် တရားစွဲတင်ခဲ့သည်ဟုသိရှိရပါသည်။

ထို့ပြင်အဆိုပါကိစ္စရပ်များ၌ ပါဝင်ပတ်သက်ခဲ့သည့် ဟွာဝေးကုမ္ပဏီမှပူးပေါင်းပါဝင်သူ (၂) ဦးကိုလည်း အမေရိကန်ပြည်ထောင်စုရှိဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် T-Mobile ထံမှ စက်ရုပ်နည်းပညာခိုးယူမှုစွဲချက် (၁၀) ချက်ဖြင့်တရားစွဲဆိုခဲ့ကြောင်း၊ ဟွာဝေးကုမ္ပဏီသည် အမေရိကန်ကုမ္ပဏီများနှင့်ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများအကြား မမှန်မကန်ဆောင်ရွက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး T-Mobile ထံမှ ဉာဏပိုင်းဆိုင်ရာနည်းပညာရပ်များကိုခိုးယူကာ ကမ္ဘာ့ဈေးကွက်အတွင်း အသာစီးရရှိအောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဟွာဝေးကုမ္ပဏီအပေါ် တရားစွဲဆိုမှုများနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ စွပ်စွဲချက်များအပေါ် ဟွာဝေး ကုမ္ပဏီကငြင်းဆန်ထားကြောင်း၊ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ တရုတ်နှင့်ကနေဒါနိုင်ငံတို့ အကြား ဆက်ဆံရေးတင်းမာမှုများဖြစ်ပေါ်လျက်ရှိကာ မန်ဝမ်ကျိုးအဖမ်းခံခဲ့ရချိန်မှစ၍ လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါကာလများအတွင်း တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံသားနှစ်ဦးကို ထိန်းသိမ်းခဲ့မှုများအပါအဝင် ကနေဒါနိုင်ငံအပေါ်ဖိအားပေးမှုများပိုမိုပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာတင်းမုမှုများ ကြီးထွားနေချိန်တွင် ယခုကဲ့သို့ တရုတ်ကုမ္ပဏီကြီးတစ်ခုကို အမေရိကန်ပြည်ထောင်စုမှ တရားစွဲဆိုခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်နှင့်တရုတ်နိုင်ငံတို့အကြား တင်းမာမှုများကိုတိုးမြှင့်ဖြစ်ပေါ်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်  အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ ယုတ္တိမရှိသောဖိနှိပ်မှုများသာဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်ကုမ္ပဏီများအပေါ် ဖိနှိပ်နေမှုများကိုအမြန်ဆုံးရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့ပြင်တရုတ်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီများအပေါ် တရားနည်းလမ်းကျစွာ စောင့်ရှောက်ပေးလိမ့်မည်ဟု  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက် (အင်္ဂါနေ့) တွင်ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုခေတ္တရှေ့နေချုပ် မက်သရူးဝစ်တာကာက ပြောကြားရာ၌ အမေရိကန်ပြည်ထောင်စုနေအနေဖြင့် ယခုကဲ့သို့တရားစွဲဆိုခြင်းသည် တရုတ်ကုမ္ပဏီအပေါ်သာစွဲဆိုခြင်းဖြစ်ပြီး တရုတ်အစိုးရမှ ကြားဝင်ပတ်သက်မှုများမပြုလုပ်ရန်နှင့် အမေရိကန် ပြည်ထောင်စုအတွင်း ဥပဒေချိုးဖောက်သည့် တရုတ်ကုမ္ပဏီများအနေဖြင့် နိုင်ငံသားများလိုက်နာသည့် ဥပဒေအတိုင်းအမေရိကန်ပြည်ထောင်စုမှ ပြဌာန်းထားသည့် တရားဥပဒေများနှင့်အညီ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အမေရိကန်အစိုးရသည် ကနေဒါ နိုင်ငံတွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားရှိထားသည့် မန်ဝမ်ကျိုးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့နောက်ဆုံးထားကာ အမေရိကန်ပြည်ထောင်စုသို့လွှဲပြောင်းပေးရန် တောင်းဆိုထားသည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.channelnewsasia.com