အမေရိကန်ဗဟိုဘဏ်အစည်းအဝေးပြီးဆုံးပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းကာ တရုတ်ယွမ်ငွေတန်ဖိုးမှာ (၈) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

ယခုရက်ပိုင်းအတွင်းကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးတွင် ဘဏ်တိုးနှုန်းကိုဆက်လက်တိုးမြှင့်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းကာ တရုတ်ယွမ်ငွေတန်ဖိုးမှာ မြင့်တက်လာခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၁၉) ရက်နှင့်(၂၀) ရက်နေ့တို့တွင်ကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ် အစည်းအဝေးတွင် ဘဏ်တိုးနှုန်းအား လက်ရှိသတ်မှတ်ထားသည့် ၂.၅၀% ၌သာ ဆက်လက်ထားရှိရန်နှင့်ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား အလျင်စလိုလုပ်ဆောင်မည်မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းစီးပွားရေး အခြေအနေနှင့် အမေရိကန်ပြည်ထောင်စု၏စီးပွားရေးအခြေအနေတို့ကို စိတ်ရှည်ရှည်ထားကာ  စောင့်ကြည်သွားရန်ဆုံးဖြတ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဘဏ်တိုးနှုန်းအား အနည်းဆုံး(၂) ကြိမ် ထပ်မံတိုးမြှင့်ရန် မူလကရည်မှန်းထားခဲ့သော်လည်း ယခုအစည်းအဝေးတွင်မူ အမေရိကန်ဗဟိုဘဏ်ရှိ ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းဆိုင်ရာ မူဝါဒချမှတ်သူ (၁၇) ဦးအနက် (၁၁) ဦးမှာ ယခုနှစ်အတွင်း ဘဏ်တိုးနှုန်းတိုးမြင့်ခြင်းအား ရပ်ဆိုင်းထားရန်လိုလားလျက်ရှိသည်ဟု ဗဟိုဘဏ်အစည်းအဝေးအပြီးတွင် ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ ယင်းအစီရင်ခံစာ ထွက်ပေါ်ပြီးနောက်တွင် အမေရိကန်ဗဟိုဘဏ်သည် ယခုနှစ်လက်ကျန်ကာလများတွင်လည်း ဘဏ်တိုးနှုန်းအား ထပ်မံတိုးမြှင့်တော့မည်မဟုတ်ဟူသော ခန့်မှန်းချက်များ အားကောင်းစွာထွက်ပေါ်လာခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုးမှာမတ်လ(၂၀) ရက်(ဗုဒ္ဓဟူးနေ့) ၌ပင်၀.၅% ကျဆင်းခဲ့ပြီးတရုတ်ယွမ်ငွေတန်ဖိုးမှာမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၂၁) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် တရုတ်ဗဟိုဘဏ်သည် ရည်ညွှန်းငွေလဲလှယ်မှုနှုန်းအား အမေရိကန်တစ်ဒေါ်လာလျှင်(၆.၆၈၅၀) ယွမ် လဲလှယ်မှုနှုန်းသတ်မှတ်ခဲ့ပြီး တရုတ်ပြည်တွင်းငွေကြေးဈေးကွက်အတွင်း၌မူ အမေရိကန်တစ်ဒေါ်လာလျှင်တရုတ်ယွမ်ငွေ (၆.၆၆၈၉) ယွမ်လဲလှယ်မှုနှုန်းဖြစ်ပေါ်ခဲ့ရာ အဆိုပါနှုန်းထားသည်၂၀၁၈ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း (၈)လတာကာလအတွင်း တရုတ်ယွမ်ငွေတန်ဖိုးအမြင့်ဆုံးပင်ဖြစ်ကြောင်း၊တရုတ်ယွမ်ငွေတန်ဖိုးသည် ၂၀၁၉ ခုနှစ်၊နှစ်ဆန်းမှစ၍ လက်ရှိအချိန်အထိကာလအတွင်းအမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၂.၈% မြင့်တက်ခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းကာ တရုတ်ယွမ်ငွေတန်ဖိုးမြင့်တက် ခဲ့ခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းနှင့် တရုတ်စတော့ရှယ်ယာတန်ဖိုးများမှာလည်း လိုက်ပါမြင့်တက်ခဲ့သည်ဟု သိရှိရကြောင်း www.nasdaq.com တွင်ဖော်ပြပါရှိပါသည်။