ဗြိတိန်နိုင်ငံ၊ နိုင်ငံတော်စာရင်းအင်းရုံးမှ ထုတ်ပြန်သည့်အစီရင်ခံစာထွက်ပေါ်ပြီးနောက် ဗြိတိန် စတာလင်ပေါင်တန်ဖိုးမြင့်တက်ခဲ့မှု

၂၀၁၉ ခုနှစ်၊ မတ်လ(၁၉) ရက်(အင်္ဂါနေ့) တွင် ဗြိတိန်နိုင်ငံ၊ နိုင်ငံတော်စာရင်းအင်းရုံး (ONS) က ထုတ်ပြန်သည့် အစီရင်ခံစာထွက်ပေါ်ပြီးနောက် ဗြိတိန်စတာလင်ပေါင် တန်ဖိုးမြင့်တက်ခဲ့ကြောင်း၊ ONS ကထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဗြိတိန်နိုင်ငံ၌ အလုပ်လက်မဲ့နှုန်းမှာ ၄% ခန့်ရှိခဲ့ရာမှ  ဖေဖော်ဝါရီလတွင်မူ ဗြိတိန်ုနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၃.၉% သို့ ကျဆင်းခဲ့ရာ အဆိုပါပမာဏသည် ၁၉၇၅ ခုနှစ်နောက်ပိုင်း(၄၄) နှစ်တာကာလ အတွင်း ဗြိတိန်နိုင်ငံ၌ အလုပ်လက်မဲ့နှုန်း အနည်းဆုံးအနေအထားပင်ဖြစ်ကြောင်း၊ အလားတူ အလုပ်လက်မဲ့နှုန်း ကျဆင်းခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ အထိကာလအတွင်း ဗြိတိန်နိုင်ငံ၏ အလုပ်အကိုင်ရရှိမှုပမာဏသည် ၇၆.၁%  ခန့်အထိရှိပြီး အလုပ်အကိုင်ရရှိနေသူ ဦးရေပမာဏမှာ (၃၂.၇) သန်းအထိသို့ စံချိန်တင်မြင့်တက်လာခဲ့သည်ဟု ဖော်ပြထားကြောင်း၊ ယင်းအစီရင်ခံစာထွက်ပေါ်ပြီးနောက် ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်ရေး မသေချာမရေရာမှုများ ကြုံတွေ့နေရသည့်တိုင် စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်ကာ အလုပ်အကိုင်ရရှိမှုများ မြင့်တက်လျက်ရှိသည်ဟူသော  အကောင်းမြင်ယုံကြည်မှုများနှင့်အတူ ရင်းနှီးမြှုပ်နှံသူများသည် စတာလင်ပေါင်ဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာကြသောကြောင့် စတာလင်ပေါင်တန်ဖိုး မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊မတ်လ(၂၀)ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင်ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း စတာလင်ပေါင်တန်ဖိုးမှာ ၀.၁၄% မြင့်တက်ခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၃၂၇၂)ဒေါ်လာလဲလှယ်မှုနှုန်းသို့ရောက်ရှိခဲ့ကြောင်း www.exchangerates.org.uk တွင်ဖော်ပြ ပါရှိပါသည်။

မှတ်ချက်။      ။ဥရောပသမဂ္ဂ(EU)မှ ဗြိတိန်နိုင်ငံခွဲထွက်မည့်အခြေအနေမှာမူ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း၌ EU မှ ဗြိတိန်ခွဲထွက်မည့်ရက်သတ်မှတ်ချက် နောက်ဆုတ်ရွှေ့ဆိုင်းခြင်း ပြု/မပြုနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ နောက်ဆုတ်ရွှေ့ဆိုင်းရန်အတွက် ထောက်ခံမဲ (၄၁၃)မဲ ရရှိခဲ့ပြီး ကန့်ကွက်မဲ ပမာဏမှာမူ(၂၀၂)မဲသာ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် EU မှ ဗြိတိန်ခွဲထွက်မည့်ရက်သတ်မှတ်ချက်အား နောက်ဆုတ်ရွှေ့ဆိုင်းရန်အတွက် EU ခေါင်းဆောင်များထံ တောင်းဆိုမှုများ ပြုလုပ်ရမည်ဖြစ်ပြီး EU သည် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁)ရက်နှင့် (၂၂)ရက်နေ့တို့တွင်ပြုလုပ်မည့် EU ထိပ်သီးဆွေးနွေးပွဲ၌ ဗြိတိန်ခွဲထွက်ရက်အား နောက်ဆုတ်ရွှေ့ဆိုင်း​ပေးမည့်ကာလကို ဆွေးနွေးဆုံးဖြတ်သွားဖွယ်ရှိသည်ဟု သိရှိရပါသည်။