မလေးရှားနိုင်ငံသို့ထွက်ခွာမည့် မြန်မာနိုင်ငံသားမွတ်စလင်အမျိုးသမီးနှစ်ဦးအား အိန္ဒိယနိုင်ငံကူး လက်မှတ်အတု ကိုင်ဆောင်မှုဖြင့် ကာလကတ္တားလေဆိပ်တွင်အိန္ဒိယအာဏာပိုင်များကဖမ်းဆီးခဲ့မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင်ဒုက္ခသည်စခန်းများတွင်နေထိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားမွတ်စလင်အမျိုးသမီး(၂) ဦးအား အိန္ဒိယနိုင်ငံကူး လက်မှတ်အတုကိုင်ဆောင်ကာ မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်ရန်ကြံစည်မှုဖြင့် ကာလကတ္တားလေဆိပ်တွင် အိန္ဒိယလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ၂၀၁၉ ခုနှစ်၊ မတ်လ(၁၆)ရက် (စနေနေ့) ညပိုင်း၌ ဖမ်းဆီးရမိခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါဖမ်းဆီးရမိသည့် မွတ်စလင်အမျိုးသမီး(၂) ဦးမှာ ရာဖစ်ကာခါတွန်း(အသက်၂၂နှစ်) နှင့် နော်ကိုင်ဒါခါတွန်း (အသက် ၂၀ နှစ်) တို့ဖြစ်ကြပြီး ကာလကတ္တားမြို့ရှိ (NSCBI) အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အိန္ဒိယလူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့သို့ ထွက်ခွာမည့်လေယာဉ်ခရီးစဉ်အမှတ်(AK-62) ဖြင့် လေယာဉ်ပေါ်သို့မတက်ရောက်မီလူဝင်မှု ကြီးကြပ်ရေးအဖွဲ့ကမသင်္ကာ၍ နိုင်ငံကူးလက်မှတ်အားစစ်ဆေးကြည့်ရှုရာမှ တစ်ဆင့်နိုင်ငံကူးလက်မှတ် အတုဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ မွတ်စလင်အမျိုးသမီး(၂) ဦးအား စစ်ဆေး ချက်များအရ ၎င်းတို့(၂) ဦးသည်မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့နှင့်အတူလိုက်ပါလာသည့် ကာလိုမစ်ဒရာဆိုသူမှ အိန္ဒိယနိုင်ငံကူးလက်မှတ်များရရှိအောင်လုပ်ဆောင်ပေးသူဖြစ်ကာ ၎င်းတို့အား ဦးဆောင်ခေါ်ဆောင်လာသူဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ပြောင်းရွှေ့ခဲ့ကာ Tangail ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့သူများဖြစ်ကြကြောင်း၊ လွန်ခဲ့သည့် (၆) လခန့်မှစတင်၍ အိန္ဒိယနိုင်ငံ အတွင်းသို့ ကြားခံပွဲစားများမှ တစ်ဆင့် နယ်စပ်အားဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံအတွင်းသို့ခိုးဝင်ခဲ့ကြခြင်းဖြစ်ကာ တရားမဝင်နေထိုင် ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ထို့ပြင် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ၎င်းတို့အားဦးဆောင်ခေါ်ဆောင်လာသူ ကာလိုမစ်ဒရာအား ပဏာမစုံစမ်းစစ်ဆေးချက်အရ ၎င်းသည် အိန္ဒိယနိုင်ငံအတွင်းသို့ခိုးဝင်လာသည့် မွတ်စလင်များအတွက် နိုင်ငံကူးလက်မှတ်အတုများပြုလုပ်ပေးနေသည့် ကွန်ယက်အတွင်း ပါဝင်ပတ်သက်ဆက်နွယ်သူတစ်ဦးဖြစ်ကာ အခြားသောဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အပါအဝင် မွတ်စလင်များအား အိန္ဒိယနိုင်ငံ အတွင်းသို့ ရောက်ရှိအောင် ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်သည်ဟု သိရှိရကြောင်း၊ ယခုအခါ အိန္ဒိယလူဝင်မှုကြီးကြပ်ရေးအဖွဲ့သည် အဆိုပါ မွတ်စလင်အမျိုးသမီး(၂) ဦးနှင့် ၎င်းတို့အားဦးဆောင် ခေါ်ဆောင်ခဲ့သူအပါအဝင်(၃) ဦးတို့အား NSCBI လေဆိပ်ရဲ တပ်ဖွဲ့သို့လွှဲပြောင်းကာ အဆိုပါ ရဲတပ်ဖွဲ့ စခန်းတွင်ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရှိရကြောင်းဖြင့် www.wionews.com တွင်ဖော်ပြပါရှိ ပါသည်။