အိုပက်အဖွဲ့အနေဖြင့် ရေနံထုတ်လုပ်မှုလျှော့ချရေးအစီအစဉ်အတိုင်း တစိုက်မတ်မတ်ဆက်လက် လုပ်ဆောင်သွားမည်ဟုပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာ(၄)လ တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်မဟုတ်သောနိုင်ငံများ(OPEC +) တို့သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ ဇွန်လအထိ(၆) လကာလသက်တမ်းဖြင့် တစ်နေ့လျှင်ရေနံစည်ပေါင်း (၁.၂) သန်းအား လျှော့ချထုတ်လုပ်လျက်ရှိပြီး လာမည့်ဧပြီလ (၁၇) ရက်နှင့် (၁၈)ရက်နေ့တို့တွင် ထပ်မံတွေ့ဆုံကာ၎င်းတို့၏ ရေနံလျှော့ချထုတ်လုပ်ရေးအစီအစဉ်ကြောင့် ဈေးကွက်အတွင်း ဖြစ်ပေါ်လာသည့်အခြေအနေများ အပေါ်သုံးသပ်ဆွေးနွေးသွားရန်နှင့် ရေနံထုတ်လုပ်မှုအားဆက်လက်လျှော့ချထားရန် သင့်/မသင့်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားရန် စီစဉ်ထားကြောင်း၊ သို့သော် အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့်အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ (OPEC +) တို့သည်၂၀၁၉ ခုနှစ်၊ မတ်လ(၁၈)ရက်(တနင်္လာနေ့) တွင် အဇာဘိုင်ဂျန်နိုင်ငံမြို့တော်ဘာကူ၌ (၁၃) ကြိမ်မြောက် ဝန်ကြီးများ အဆင့်ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း၊ အဆိုပါအစည်းအဝေးသို့ အိုပက်အဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ(OPEC +) မှ အဆင့်မြင့်ကိုယ်စားလှယ် (၁၄) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့အနေဖြင့် လာမည့်ကာလများတွင်လည်း နေ့စဉ်ရေနံထုတ်လုပ်မှုအား တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ ထို့ပြင်ကမ္ဘာ့ဈေးကွက်အတွင်း ရေနံပိုလျှံမှုများကြာရှည်ဖြစ်ပေါ်နေပါက(OPEC +) အနေဖြင့် ရေနံလျှော့ချထုတ်လုပ်ရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီးခါလစ်အယ်လ်ဖာလစ်က ယင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းတို့ကိုအကြောင်းပြု၍ ယခုမတ်လ (၁၈) ရက် (တနင်္လာနေ့) ၌ပင် WTI  နှင့် ဘရန့်ရေနံဈေးနှုန်းများမှာ ၁% နှင့်၀.၆% စီ အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

(OPEC + )အနေဖြင့် လက်ရှိလုပ်ဆောင်လျက်ရှိသော (၆) လသက်တမ်းဖြင့် နေ့စဉ်ရေနံ လျှော့ချထုတ် လုပ်ရေးအစီအစဉ်အား  ၂၀၁၉ ခုနှစ်၊ ဒုတိယ(၆)လတာကာလတွင်လည်း ဆက်လက် လုပ်ဆောင်ရဖွယ်ရှိသည်ဟု ဆော်ဒီအာရေဗျစွမ်းအင်ဝန်ကြီး ခါလစ်အယ်လ်ဖာလစ်က လွန်ခဲ့သော ရက်ပိုင်းက ပြောကြားခဲ့ဖူးကြောင်း၊ ထို့ပြင်အိုပက်အဖွဲ့၏ ရေနံလျှော့ချထုတ်လုပ်ရေးအစီအစဉ်သည် ကမ္ဘာ့ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အကျိုးရလဒ်များထွက်ပေါ်လျက်ရှိသည်ဟု ဈေးကွက် သုတေသီများက သုံးသပ်ထားကြကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၁၉)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဧပြီလ အတွက် WTI ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၅)ဆင့်မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန် ဒေါ်လာ(၅၉.၁၄)ဒေါ်လာသို့လည်းကောင်း၊  လန်ဒန်ဈေးကွက်၌ ဘရန့် ရေနံစိမ်းကြိုတင်ရောင်း ဝယ်မှုဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၂၀)ဆင့်မြင့်တက်ခဲ့ပြီး တစ်စည်လျှင်  အမေရိကန်ဒေါ်လာ(၆၇.၇၄)ဒေါ်လာသို့လည်းကောင်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊အဆိုပါ ဈေးနှုန်း များသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း (၄)လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းများဖြစ် သည်ဟုသိရှိရကြောင်း www.reuters.com တွင်ဖော်ပြပါရှိပါသည်။