ယခုရက်သတ္တပတ်အတွင်း ဗီယက်နမ်ဆန်ဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိသော်လည်း ထိုင်းဆန်ဈေးနှုန်းမှာ မြင့်တက်ခဲ့ပြီး အိန္ဒိယဆန်ဈေးနှုန်းသည်လည်း(၇) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အိန္ဒိယစတော့ရှယ်ယာဈေးကွက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းနှင့်အတူ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အိန္ဒိယရူပီးငွေတန်ဖိုးသည် (၇) လတာကာလအတွင်း အမြင့်ဆုံးဖြစ်သည့် အမေရိကန်တစ်ဒေါ်လာလျှင် (၆၉.၁၄) ရူပီးသို့မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ (၂၂) ရက် နံနက်ပိုင်းတွင်လည်း အမေရိကန်တစ်ဒေါ်လာလျှင် (၆၈.၆၃) ရူပီးလဲလှယ်မှုနှုန်းသို့ မြင့်တက်လာခဲ့ရာ အိန္ဒိယရူပီးငွေတန်ဖိုးမှာ ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းမှ လက်ရှိအချိန်အထိကာလအတွင်း အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၁.၄% မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုး မြင့်တက်ခဲ့ခြင်းနှင့်အတူ အိန္ဒိယဆန်ပို့ကုန်ဈေးနှုန်းမှာလည်း လိုက်ပါမြင့်တက်ခဲ့ပြီး ယခုရက်သတ္တပတ်အတွင်း အိန္ဒိယ(၅) မှတ်ပေါင်းဆန်တစ်တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၆) ဒေါ်လာမြင့်တက် ခဲ့ပြီး တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၉၂) ဒေါ်လာမှအမြင့်ဆုံးဈေး အမေရိကန် ဒေါ်လာ (၃၉၅) ဒေါ်လာအထိသို့ရောက်ရှိခဲ့ရာ အဆိုပါဈေးနှုန်းသည် (၇) လတာကာလအတွင်း အိန္ဒိယ (၅) မှတ်ပေါင်းဆန်ဈေးနှုန်း အမြင့်ဆုံးအနေအထားပင်ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယဆန်ဈေးနှုန်းများမြင့်တက်ခဲ့သည့်နည်းတူ ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ထိုင်းနှင့်ဖိလစ်ပိုင်အစိုးရတို့သည် နှစ်နိုင်ငံဆန်ကုန်သွယ်ရေးသဘောတူညီမှုကို ထပ်မံသက်တမ်းတိုးခဲ့ရာ အဆိုပါသဘောတူညီမှုအရ ဖိလစ်ပိုင်နိုင်ငံသည် ထိုင်းနိုင်ငံထံမှဆန်တန်ချိန်(၁) သန်းအား နှစ်စဉ်ဝယ်ယူ သွားမည်ဖြစ်ခြင်းနှင့် ထိုင်းဘတ်ငွေတန်ဖိုးအားကောင်းနေခြင်းတို့ကြောင့် ယခုရက်သတ္တပတ်အတွင်း ထိုင်း(၅) မှတ်ဆန် တစ်တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၁၀) ဒေါ်လာခန့် မြင့်တက်ခဲ့ပြီး တစ်တန်လျှင်အနိမ့်ဆုံး အမေရိကန်ဒေါ်လာ (၃၉၀) ဒေါ်လာနှင့် အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၉၃) ဒေါ်လာအကြားသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနှင့် ထိုင်းဆန်ဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ဗီယက်နမ်ဆန်ဈေးနှုန်းမှာမူ ဗီယက်နမ်နိုင်ငံရှိ ဆန်ပို့ကုန်လုပ်ငန်းရှင်များသည် ယခင်ကအရောင်းအဝယ်သဘောတူထားပြီးဖြစ်သည့် နိုင်ငံများသို့ဆန်တင်ပို့ရန်အတွက် ပြည်တွင်းလယ်သမားများထံမှ ဆန်ဝယ်ယူမှုများပြုလုပ်လျက်ရှိသော်လည်း ပြည်ပဝယ်လိုအားမရှိသေးသည့်အတွက် ဗီယက်နမ် (၅) မှတ်ဆန် ဈေးနှုန်းမှာ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်အတိုင်းယခုရက်သတ္တပတ်တွင်လည်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၀) ဒေါ်လာ၌သာ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်ဟု သိရှိရကြောင်း www.reuters.com တွင်ဖော်ပြပါရှိပါသည်။