အမေရိကန်- တရုတ် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်နေစဉ်ကာလအတွင်းတရုတ်ဗဟိုဘဏ် သည် အရန်ရွှေ ပမာဏကို (၅)လဆက်တိုက် တိုးမြှင့်စုဆောင်းလျက်ရှိမှု

အမေရိကန်- တရုတ် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်နေစဉ်ကာလအတွင်းတရုတ်ဗဟိုဘဏ် သည်  အရန်ရွှေ ပမာဏကို (၅)လဆက်တိုက် တိုးမြှင့်စုဆောင်းလျက်ရှိမှု

ဗဟိုဘဏ်သည် အရန်ရွှေပမာဏကို (၅) လဆက်တိုက် တိုးမြှင့်စုဆောင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလကုန်၌ ဗဟိုဘဏ်၏ လက်ဝယ်တွင် စုစုပေါင်းရွှေတန်ချိန်(၁၉၀၀) ခန့် စုဆောင်းထားရှိနိုင်ခဲ့သည် ဟုသိရှိရပါသည်။

တရုတ်ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဧပြီလအတွင်း၌ ရွှေ (၁၅) တန်ခန့်ကိုအသားတင်ဝယ်ယူစုဆောင်းနိုင်ခဲ့သောကြောင့် ယခုအခါ အရန် ရွှေပိုင်ဆိုင်မှုပမာဏမှာ တန်ချိန် (၁၉၀၀) ခန့်သို့ ရောက်ရှိခဲ့ကြောင်း၊ အရန်ရွှေများ၏ တန်ဖိုးမှာကာလတန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ (၇၈.၃၅) ဘီလီယံခန့်ရှိသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အမေရိကန်ဒေါ်လာအစား ရွှေကိုအဓိကအားထား စုဆောင်းလာခဲ့သည့်အတွက် လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ် နှင့် ရုရှား တို့နောက်မှနေ၍ အရန်ရွှေပိုင်ဆိုင်မှုဆဌမမြောက် အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊   ကမ္ဘာပေါ်၌ အရန်ရွှေအများဆုံးပိုင်ဆိုင်ထားသည့်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ရွှေတန်ချိန် (၈၀၀၀) ကျော်ခန့်ကိုပိုင်ဆိုင်ထားကြောင်း၊ ဂျာမနီနိုင်ငံမှာမူ ရွှေတန်ချိန် (၃၃၇၀) တန်ခန့်ဖြင့် အရန်ရွှေဒုတိယအများဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်းwww. xinhuanet.comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ထိုင်းအထက်လွှတ်တော်အမတ်များကိုတပ်မတော်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သောစိစစ်ရေးကော်မတီကရွေးချယ်ခြင်းဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိ/မရှိကိုစဉ်းစားသင့်သည်ဟုပွေထိုင်းပါတီကကြေညာခဲ့မှု

ထိုင်း အထက်လွှတ်တော်အမတ်များကို တပ်မတော်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သောစိစစ်ရေးကော်မတီက ရွေးချယ်ခြင်းဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိ/ မရှိိကို စဉ်းစားသင့်သည်ဟု ပွေထိုင်းပါတီကကြေညာခဲ့မှု

ထိုင်းနိုင်ငံ၌ အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသူများတွင် လက်ရှိတပ်မတော် အစိုးရအဖွဲ့ဝန်ကြီး (၁၅) ဦးနှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးများ ပါဝင်လျက်ရှိပြီး အထက်လွှတ်တော်အမတ်များ စိစစ်ရွေးချယ်ရေးကော်မတီမှာလည်း လက်ရှိဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ် ဦးဆောင်သည့် အဖွဲ့ဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်နှင့် ကိုက်ညီမှုရှိ/မရှိကို သက်ဆင်ထောက်ခံသည့် ပွေထိုင်းပါတီက ၂၀၁၉ ခုနှစ်၊ မေလ (၇) ရက် (အင်္ဂါနေ့) တွင် မေးခွန်းထုတ်ခဲ့ကြောင်းသိရှိရပါသည်။

ပွေထိုင်းပါတီ၏ ဥပဒေအကြံပေးအဖွဲ့ခေါင်းဆောင် ချူဆက်စရီနေးက ပြောကြားရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အထက်လွှတ်တော်အမတ်များ စိစစ်ရွေးချယ်ရေးအဖွဲ့သည် နိုင်ငံရေးအသိုက်အဝန်းနှင့် ကင်းရှင်းမှုရှိပြီး ဘက်လိုက်မှုမရှိသောသူများ ဖြစ်ရမည်ဟူ၍ ပြဌာန်းထားကြောင်း၊ သို့သော် ယခုအထက်လွှတ်တော်အမတ်များ စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌမှာ တပ်မတော်အစိုးရအဖွဲ့၏ ဒုတိယဝန်ကြီးချုပ်ဖြစ်သောကြောင့် ရွေးချယ်မှုများဘက်လိုက်မှုရှိခြင်း /မရှိခြင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်နေကြောင်း၊ တပ်မတော်အစိုးရသည် အာဏာကို ဆက်လက် ထိန်းချုပ်နိုင်ရန်အတွက် လှုပ်ရှားနေခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ရွေးချယ်ထားသည့် အထက်လွှတ်တော် အမတ် (၂၅၀) သည် ရွေးကောက်ပွဲများမှ အနိုင်ရရှိလာသည့် အောက်လွှတ်တော်အမတ် (၅၀၀) နှင့်အတူဝန်ကြီးချုပ် တင်မြှောက်မည့်သူကိုရွေးချယ်ကြမည်ဖြစ်ရာ အထက်လွှတ်တော် အမတ်များအနေဖြင့် ဝန်ကြီးချုပ်အဖြစ် မည်သူကိုရွေးချယ်မည်ဆိုခြင်းမှာ အလွန်ရှင်းလင်းသောအဖြေဖြစ်ကြောင်း၊ ပွေထိုင်းပါတီအနေဖြင့် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များထံ တစ်ဦးချင်းစီသို့ စာရေးသားပေးပို့ထားသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်းခံရသည့် တပ်မတော် အစိုးရအဖွဲ့ဝင်ဝန်ကြီး (၁၅) ဦးသည် ၂၀၁၉ ခုနှစ်၊ မေလ (၇) ရက် (အင်္ဂါနေ့) တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် အမှတ်တရဓါတ်ပုံရိုက်ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ ကြကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်များတွင် ဒုတိယဝန်ကြီးချုပ် (၂)ဦး၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးအပါအဝင်  ဝန်ကြီး(၆)ဦး၊ ဒုတိယဝန်ကြီး (၇) ဦးတို့ပါဝင်ကြောင်း၊ ထို့ပြင် တပ်မတော်အစိုးရမှ ဦးဆောင်ကျင်းပခဲ့သော အမျိုးသားညီလာခံတွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင် (၆၀) ဦးသည်လည်း အထက်လွှတ်တော်အမတ်များအဖြစ် ရွေးချယ်ခံရကြောင်းwww.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။