အမေရိကန်- တရုတ် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်နေစဉ်ကာလအတွင်းတရုတ်ဗဟိုဘဏ် သည်  အရန်ရွှေ ပမာဏကို (၅)လဆက်တိုက် တိုးမြှင့်စုဆောင်းလျက်ရှိမှု

ဗဟိုဘဏ်သည် အရန်ရွှေပမာဏကို (၅) လဆက်တိုက် တိုးမြှင့်စုဆောင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလကုန်၌ ဗဟိုဘဏ်၏ လက်ဝယ်တွင် စုစုပေါင်းရွှေတန်ချိန်(၁၉၀၀) ခန့် စုဆောင်းထားရှိနိုင်ခဲ့သည် ဟုသိရှိရပါသည်။

တရုတ်ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဧပြီလအတွင်း၌ ရွှေ (၁၅) တန်ခန့်ကိုအသားတင်ဝယ်ယူစုဆောင်းနိုင်ခဲ့သောကြောင့် ယခုအခါ အရန် ရွှေပိုင်ဆိုင်မှုပမာဏမှာ တန်ချိန် (၁၉၀၀) ခန့်သို့ ရောက်ရှိခဲ့ကြောင်း၊ အရန်ရွှေများ၏ တန်ဖိုးမှာကာလတန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ (၇၈.၃၅) ဘီလီယံခန့်ရှိသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အမေရိကန်ဒေါ်လာအစား ရွှေကိုအဓိကအားထား စုဆောင်းလာခဲ့သည့်အတွက် လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ် နှင့် ရုရှား တို့နောက်မှနေ၍ အရန်ရွှေပိုင်ဆိုင်မှုဆဌမမြောက် အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊   ကမ္ဘာပေါ်၌ အရန်ရွှေအများဆုံးပိုင်ဆိုင်ထားသည့်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ရွှေတန်ချိန် (၈၀၀၀) ကျော်ခန့်ကိုပိုင်ဆိုင်ထားကြောင်း၊ ဂျာမနီနိုင်ငံမှာမူ ရွှေတန်ချိန် (၃၃၇၀) တန်ခန့်ဖြင့် အရန်ရွှေဒုတိယအများဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်းwww. xinhuanet.comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။