ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်ပြီးတွင် လက်ရှိဝန်ကြီးချုပ်ပရာယုချန်အိုချာကို လိုလားသူများနှင့် သက်ဆင်ကိုထောက်ခံသည့်နိုင်ငံရေးပါတီများအကြားအားပြိုင်မှုများဆက်လက်ဖြစ်ပေါ်လျက်ရှိမှု

ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၉ ခုနှစ်၊ မတ် (၂၄) ရက်နေ့တွင် ကျင်းပခဲ့သော ထိုင်းနိုင်ငံ အောက်လွှတ်တော်၏ ရွေးကောက်ပွဲရလဒ်အဖြေများကို မေလ (၇) ရက်နေ့နှင့် (၈) ရက်နေ့များတွင် အပြီးသတ် ထုတ်ပြန်ကြေညာပေးခဲ့ရာ အောက်လွှတ်တော်အမတ်နေရာ (၅၀၀) အနက် (၄၉၈) နေရာကိုသာ အတည်ပြုထုတ်ပြန်ပေးခဲ့ပြီး သက်ဆင်၏အမာခံနယ်မြေဖြစ်သော ချင်းမိုင်ရှိအမတ်နေရာ (၂) နေရာကို မူမဲမသမာမှုများနှင့်ပတ်သက်သည့် တိုင်တန်းမှုများကြောင့် ပြန်လည် စိစစ်နေသည်ဟူသော အကြောင်းပြချက်ဖြင့် ကြေညာခြင်းမရှိသေးကြောင်း၊ အဆိုပါမဲဆန္ဒနယ်တွင် မဲအများဆုံးရရှိထားသည်မှာ ပွေထိုင်းပါတီကိုယ်စားပြုအမတ်များ ဖြစ်ကြောင်းသိရှိရပါသည်။

          ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ခဲ့သည့် အောက်လွှတ်တော်အမတ်နေရာ (၄၉၈) နေရာတွင်  လက်ရှိဝန်ကြီးချုပ် ပရာယုချန်အိုချာကိုထောက်ခံသည့် ပါလန်ပရာချာရတ်ပါတီ (PalangPracharath Party – PPRP ) က အမတ်နေရာ (၁၁၅) နေရာအနိုင်ရရှိပြီးသက်ဆင်ကိုထောက်ခံသည့် ပွေထိုင်းပါတီ (Pheu Thai Party)နှင့် အခြားပါတီငါးခုတို့ ပေါင်းစည်းထားသော (၆) ပါတီညွန့်ပေါင်းအဖွဲ့ကအမတ်နေရာ (၂၅၅) နေရာအနိုင်ရရှိခဲ့ကြောင်း၊ ကျန်အောက်လွှတ်တော်အမတ် (၁၂၈) နေရာတွင် ဝန်ကြီးချုပ်ဟောင်းအဘီဆစ်၏ ဒီမိုကရက်ပါတီက (၅၂) နေရာ၊ ဘန်ဂျန်ထိုင်းပါတီက (၅၁) နေရာနှင့် အခြားပါတီငယ်များက (၂၅) နေရာအသီးသီးအနိုင်ရရှိခဲ့ကြောင်းသိရှိရပါသည်။

          လက်ရှိတပ်မတော်အစိုးရက ထောက်ခံထားသော PPRP ပါတီသည် ယခုမေလကုန်ပိုင်းတွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ ဝန်ကြီးချုပ်ပရာယုချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ထားရန် စီစဉ်ထားရာ အထက်လွှတ်တော်နှင့်အောက်လွှတ်တော်နှစ်ရပ်ပေါင်း အမတ်အရေအတွက် (၃၇၆) ဦး၏ထောက်ခံမဲကို ရရှိရန်လိုအပ်ကြောင်း၊ PPRP ပါတီသည် အထက်လွှတ်တော်အမတ် (၂၅၀) ၏ထောက်ခံမှုကို ရရှိပြီးဖြစ်သော်လည်း အောက်လွှတ်တော်တွင် PPRP ပါတီမှရရှိသောအမတ်အရေအတွက်မှာ (၁၁၅) နေရာသာရှိသောကြောင့် ပရာယုချန်အိုချာအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်ရန်အတွက် အမတ်နေရာ(၁၁) နေရာခန့် လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် PPRP ပါတီသည် သက်ဆင်နှင့်မသက်ဆိုင်သော နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သည့် ဘန်ဂျန်ထိုင်းပါတီနှင့်ဒီမိုကရက်ပါတီတို့အား ၎င်းတို့နှင့်ပူးပေါင်းရန်အတွက် စည်းရုံးလျက်ရှိကြောင်း သိရှိရပါသည်။

          အလားတူ သက်ဆင်ကိုထောက်ခံသော ပွေထိုင်းပါတီဦးဆောင်သည့် (၆) ပါတီညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်အမတ်နေရာ (၂၅၅) နေရာရရှိထားပြီး သက်ဆင်ထောက်ခံသည့် အမျိုးသမီးနိုင်ငံရေးသမား ဆူဒါရတ်ကီယူရာဖန်ကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် အမတ်နေရာ (၃၇၆) နေရာကိုပြည့်မီရန် (၁၂၁) နေရာလိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် လိုအပ်သည့် ထောက်ခံမဲအရေအတွက် ရရှိနိုင်ရန် ဘန်ဂျန်ထိုင်းပါတီနှင့် ဒီမိုကရက်ပါတီတို့အား စည်းရုံးလျက်ရှိကြောင်း သိရှိရပါသည်။

          ရွေးကောက်ပွဲ၌ အမတ်နေရာအများဆုံးရရှိထားသော နိုင်ငံရေးပါတီကြီးနှစ်ခုက အပြိုင်အဆိုင် စည်းရုံးမှုများကြောင့် ဒီမိုကရက်ပါတီနှင့် ဘန်ဂျန်ထိုင်းပါတီတို့အတွင်း၌လည်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး မည်သည့်ပါတီနှင့်ပူးပေါင်းရမည် ဆိုခြင်းကိုဆုံးဖြတ်ချက်ချရန် ခဲယဉ်းနေသည်ဟု ဒီမိုကရက်ပါတီ၏ တာဝန်ရှိသူတစ်ဦးက သတင်းဌာနများသို့ တရားဝင်ထုတ်ဖော် ပြောကြားခဲ့ကြောင်း၊ ဒီမိုကရက်ပါတီနှင့် ဘန်ဂျန်ထိုင်းပါတီတို့သည် ယခင်ကသက်ဆင်ကို ဆန့်ကျင်ခဲ့သူများဖြစ်သော်လည်း ယခုအခါ နိုင်ငံရေးတွင် တပ်မတော်ကျောထောက်နောက်ခံပြုသော အဖွဲ့အစည်းက ကာလရှည်ကြာစွာ ပါဝင်ထိန်းချုပ်သွားမည်ကို မလိုလားကြသောကြောင့် မည်သည့်ပါတီနှင့်ပူးပေါင်းရမည်ဆိုခြင်းကို ဆုံးဖြတ်ရခက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ထိုင်းရွေးကောက်ပွဲ၌ အနိုင်ရရှိသောအမတ်များသည် (၁၅) ရက်အတွင်း လွှတ်တော်သို့ တက်ရောက်ပြီးအစည်းအဝေးကျင်းပကာဝန်ကြီးချုပ်နေရာအတွက် ရွေးချယ်မှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အမတ်နေရာရွေးချယ်ခံရသည့် နိုင်ငံရေးပါတီ (၂၇) ခုရှိပြီးပါတီတစ်ခုချင်းအလိုက် အမတ်နေရာအများဆုံးရရှိသည့် ပါတီမှာပွေထိုင်းပါတီဖြစ်ပြီး အမတ်နေရာ (၁၃၆) နေရာရွေးချယ်ခံထားရကြောင်း၊ PPRP ပါတီသည်  အမတ်အနေရာ (၁၁၅) နေရာဖြင့် ဒုတိယနေရာ၌လည်းကောင်း၊ သက်ဆင်အားလိုလားပြီး လူငယ်ပညာတတ်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီအသစ်ဖြစ်သည့်  Furture  Forward ပါတီက အမတ်နေရာ (၈၀) ရရှိပြီးတတိယနေရာ၌လည်းကောင်း အသီးသီးရပ်တည်လျက်ရှိကြောင်းwww.channelnewsasia.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။