အမေရိကန် – တရုတ်ကုန်သွယ်ရေးတင်းမာမှု နောက်ဆက်တွဲဂယက်ကြောင့် အိန္ဒိယရူပီးငွေ တန်ဖိုးထပ်မံကျဆင်းသွားခဲ့မှု

အမေရိကန် – တရုတ်ကုန်သွယ်ရေးတင်းမာမှု၏ နောက်ဆက်တွဲဂယက်ကြောင့် အာရှစတော့ရှယ်ယာတန်ဖိုးများနှင့်ငွေကြေးတန်ဖိုးများကျဆင်းနေသည့် နည်းတူအိန္ဒိယရူပီးငွေတန်ဖိုးမှာလည်း ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း၊ အာရှစတော့ရှယ်ယာများတန်ဖိုးသည် လက်ရှိအချိန်၌ ရက်သတ္တပတ် (၆) ပတ်အတွင်း အနိမ့်ဆုံးသို့ကျဆင်းခဲ့ရာ စတော့ဈေးကွက်၏ မတည်ငြိမ်မှုများကြောင့် အိန္ဒိယနိုင်ငံအတွင်းမှ အမေရိကန်ဒေါ်လာနှင့်ဆက်စပ်နေသော အရင်းအနှီးများစွာ ပြည်ပသို့ ပြန်လည်စီးထွက်သွားသည့်အတွက် အိန္ဒိယနိုင်ငံအတွင်းအမေရိကန်ဒေါ်လာလိုအပ်ချက်နှင့်အတူ အိန္ဒိယရူပီးငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မေလ (၉) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် အိန္ဒိယရူပီးငွေတန်ဖိုးသည် ၀.၂၂%  ကျဆင်းခဲ့ပြီးအမေရိကန်တစ်ဒေါ်လာလျှင် (၆၉.၉၂) ရူပီးလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ရူပီးငွေတန်ဖိုးသည် မကြာမီကာလအတွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် (၇၀.၂၀) ရူပီးလဲလှယ်မှုနှုန်းအထိ ကျဆင်းနိုင်သည်ဟု အိန္ဒိယနိုင်ငံရှိဘဏ်လုပ်ငန်းများက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မေလ(၉) ရက် (ကြာသပတေးနေ့) တွင် အိန္ဒိယရူပီးငွေနည်းတူ အခြားအာရှဒေသသုံးငွေကြေးများမှာလည်း အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ရာ၌ တန်ဖိုးကျဆင်းခဲ့ရာ တောင်ကိုရီးယားဝမ်မှာ ၀.၅၇% ၊ တရုတ်ယွမ်မှာ ၀.၃၇% ၊ အင်ဒိုနီးရှားရူပီးယားမှာ ၀.၃၅% ၊ ဖိလစ်ပိုင်ပီဆိုမှာ ၀.၃၂% ၊ထိုင်းဘတ်မှာ ၀.၁၃% ၊ စင်ကာပူဒေါ်လာမှာ ၀.၀၈%၊ မလေးရှားရင်းဂစ်မှာ ၀.၀၈% အသီးသီးကျဆင်းခဲ့ကြောင်းwww.livemint.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။