တရုတ်ကုန်စည်များအပေါ် အမေရိကန်ပြည်ထောင်စုက သွင်းကုန်ခွန် ၂၅စတင်ကောက်ခံသည့်နေ့တွင် တရုတ်အစိုးရကလည်းလက်တုံ့ပြန်မည်ဟု ကြေညာခဲ့သောကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်လာခဲ့မှု

အမေရိကန်ပြည်ထောင်စုသည် အမေရိကန်ဒေါ်လာ (၂၀၀) ဘီလီယံခန့်တန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ်၌ ၂၀၁၉ ခုနှစ်၊ မေလ(၁၀) ရက်(သောကြာနေ့) မှစတင်၍ သွင်းကုန်ခွန် ၂၅% စတင်ကောက်ခံနေပြီဖြစ်ရာ တရုတ်နိုင်ငံကလည်း လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့ကြောင်း၊  လက်ရှိအချိန်တွင် ဝါရှင်တန်၌ အမေရိကန်နှင့်တရုတ်နှစ်နိုင်ငံ ကိုယ်စားလှယ်များအကြား ကုန်သွယ်ရေးကိစ္စနှင့်ညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း အမေရိကန်အစိုးရက သွင်းကုန်ခွန်ကိစ္စကို ဆိုင်းငံ့ပေးခြင်းမရှိသည့်အတွက် တရုတ်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စိတ်ပျက်ကြောင်း မေလ(၁၀) ရက် (သောကြာနေ့) ပြောကြားခဲ့ပြီး ကုန်သွယ်ရေးဆွေးနွေးမှုမှာလည်း ပျက်ပြယ်မည့် အနေအထားရှိကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုက တရုတ်ကုန်စည်များအပေါ် သွင်းကုန်ခွန် ၂၅% စတင်ကောက်ခံသည့် ၂၀၁၉ ခုနှစ်၊ မေလ (၁၀) ရက် (သောကြာနေ့) နံနက်ပိုင်းမှစ၍ ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာဈေးနှုန်းများမှာ ၀.၅% မှ ၁% အထိ အသီးသီးကျဆင်းခဲ့ပြီး စတော့ရှယ်ယာအစား ရွှေဈေးကွက်အတွင်းသို့ ပြောင်းလဲရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မေလ (၁၀) ရက် (သောကြာနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၀.၂% မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၂၈၆.၂၅) သို့ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း၌ ၀.၆% မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးကွက်လေ့လာသူများ၏ ခန့်မှန်းချက်အရ ရွှေဈေးနှုန်းသည် လာမည့်ရက်ပိုင်းအတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၂၉၀) မှ (၁၂၉၅) ဒေါ်လာဝန်းကျင်အထိရောက်ရှိနိုင်ပြီး အဆိုပါဈေးနှုန်းဝန်းကျင်တွင် အမြတ်အစွန်းရလို၍ အပြိုင်အဆိုင်ရောင်းချမှုများဖြစ်ပေါ်လာနိုင်သည့်အတွက် ထပ်မံ၍ဈေးနှုန်းမြင့်တက်နိုင်ဖွယ်မရှိဟု သိရှိရကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။