ရန်ကုန်လေဆိပ်တွင်ဖြစ်ပွားခဲ့သောမတော်တဆမှုကိုBimanလေကြောင်းလိုင်းနှင့်ဘင်္ဂလားဒေ့ရှ် လေကြောင်းအာဏာပိုင်အဖွဲ့တို့ကစုံစမ်းစစ်ဆေးရန်ပြင်ဆင်နေမှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Biman Bangladesh Airline သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့သော ၎င်းတို့ခရီးသည်တင်လေယာဉ်မတော်တဆမှုကို စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်းရေးကော်မတီဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါကော်မတီတွင် အဖွဲ့ဝင် (၆) ဦးပါဝင်မည်ဖြစ်ပြီး Biman၏ လေကြောင်းခရီးစဉ်လုံခြုံရေးဌာန အကြီးအကဲ ရှိုရက်ဘ်ချောင်ဒရီကဦးဆောင်မည်ဖြစ်ကြောင်း၊ ၎င်းသည် လေယာဉ်မတော်တဆမှု ဖြစ်ပွားပြီးလျှင်ပြီးချင်း အထူးလေယာဉ်ဖြင့် အခင်းဖြစ်ရပ်ကို သွားရောက်ကြည့်ရှုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပြန်လာခဲ့ကြောင်း သိရှိရပါသည်။

အလားတူဘင်္ဂလားဒေ့ရှ် နိုင်ငံလေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (CAAB) သည်လည်း လေယာဉ်မတော်တဆဖြစ်စဉ်နှင့်ပတ်သက်၍ CAAB ၏ကျွမ်းကျင်သူများပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မြန်မာနိုင်ငံသို့စေလွှတ်မည်ဖြစ်ရာ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာအာဏာပိုင်များထံသို့ ၂၀၁၉ ခုနှစ်၊ မေလ (၉) ရက် (ကြာသပတေးနေ့) တွင် အကြောင်းကြားစာပေးပို့ခဲ့ကြောင်း၊ CAAB ၏ လေယာဉ်မတော်တဆမှုများ စုံစမ်းစစ်ဆေးရေးဌာန (AAIG) ၏တာဝန်ခံ ကပ္ပတိန် ဆာလာဟူဒင်အမ်ရာ  မာတူလာက မေလ(၉) ရက် (ကြာသပတေးနေ့) နေ့လည်ပိုင်းတွင်ပြောကြားရာ၌ မြန်မာအာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှုမရှိသေးကြောင်း၊သို့သော် နိုင်ငံတကာလေကြောင်းပျံသန်းရေးအဖွဲ့ (ICAO) ၏ ပြဌာန်းချက်များအရ လေယာဉ်မတော်တဆမှုများကို စုံစမ်းစစ်ဆေးသည့်ဖြစ်စဉ်တွင် အခင်းဖြစ်ရပ်တည်ရှိသည့်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦး ပါဝင်စစ်ဆေးရမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်၎င်းတို့နိုင်ငံရှိ လေကြောင်းလိုင်းများမှကိုယ်စားလှယ်တစ်ဦးဉီးကို မိမိတို့နှင့် အတူပူးပေါင်းပါဝင်ဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်ဖြစ်ကြောင်း၊ မိမိသည် မေလ (၁၁) ရက် (စနေနေ့) တွင်မြန်မာနိုင်ငံသို့ ကြိုတင်သွားရောက်မည်ဖြစ်ပြီး မိမိနှင့်အတူ ကျွမ်းကျင်ပညာရှင်(၄) ဦး သို့မဟုတ် (၅) ဦးခန့်လိုက်ပါကြလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Bimanလေယာဉ်မတော်တဆမှုကိုစစ်ဆေးမည့် ကပ္ပတိန် ဆာလာဟူဒင်သည် ၂၀၁၈ခုနှစ်၊ မတ်လတွင် နီပေါနိုင်ငံ၊ခတ္တမန်ဒူလေဆိပ် US-Bangla လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စီးပြေးလမ်းချော်ကာ မီးလောင်ကျွမ်းခဲ့သည့်ဖြစ်စဉ်ကို ဦးဆောင်စစ်ဆေးခဲ့သူဖြစ်ကြောင်း၊ US-Bangla လေကြောင်းလိုင်း လေယာဉ်မတော်တဆမှုဖြစ်စဉ်တွင် လေယာဉ်တွင်ပါရှိသူ (၇၁) ဦး အနက်(၅၁) ဦး အသက်ဆုံးရှုံးကာ(၂၀) ဦးဒဏ်ရာရရှိခဲ့ပြီးမတော်တဆမှုဖြစ်ပွားရခြင်း၏အဓိက အကြောင်းရင်းမှာလေယာဉ်မှူး၏အမှားအယွင်းကြောင့်ဖြစ်သည်ဟု သိရှိရကြောင်းwww.dhakatribune.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။