ဩစတြေးလျဒေါ်လာ (၅၀) တန်ငွေစက္ကူတွင် စာလုံးပေါင်းအမှားပါဝင်နေသည်ဟု  ဩစတြေးလျ ဗဟိုဘဏ်က ပြောကြားခဲ့မှု

ဩစတြေးလျဗဟိုဘဏ်က နောက်ဆုံးထုတ်ဝေခဲ့သည့် ဩစတြေးလျဒေါ်လာ (၅၀) တန်ငွေစက္ကူအသစ်များတွင် စာလုံးပေါင်းအမှားတစ်ခုပါဝင်နေသည်ဟု ဩစတြေးလျဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ မေလ (၉) ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း၊ အဆိုပါငွေစက္ကူအသစ်ကို၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်တွင် လုံခြုံရေးအစီအမံအသစ်များဖြင့် စတင်ထုတ်ဝေခဲ့ပြီး ဩစတြေးလျနိုင်ငံနှင့် ကမ္ဘာ တစ်ဝန်းရှိနိုင်ငံများတွင် ကျယ်ပြန့်စွာအသုံးပြုနေသည့် ငွေစက္ကူဖြစ်ကာ စုစုပေါင်းငွေစက္ကူရွက်ရေ (၄၆) သန်းခန့် (အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံတန်ဖိုးခန့်) ကို ကမ္ဘာတစ်ဝန်းသို့ ဖြန့်ဝေပြီးဖြစ်ကြောင်း သိရှိရပါသည်။

စာလုံးပေါင်းအမှားတွေ့ရှိသည့် ဩစတြေးလျဒေါ်လာ (၅၀) တန် ငွေစက္ကူတွင် ဩစတြေးလျ ပါလီမန်၌ ၁၉၂၁ ခုနှစ် မှ ၁၉၂၄ ခုနှစ်အထိကာလအတွင်း ပထမဆုံးသော အမျိုးသမီးလွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အဲဒစ်ကိုဝင်၏မျက်နှာပုံနှင့် ယင်းမျက်နှာပုံ၏ ဦးခေါင်းနောက်ပိုင်းတွင် ဩစတြေးလျပါလီမန်၌ သူမပြောကြားခဲ့သည့်မိန့်ခွန်းကို အလွန်သေးငယ်သော စာလုံးများဖြင့် ရိုက်နှိပ်ဖော်ပြထားကြောင်း၊ ယင်းစာလုံးများအနက် “Responsibility” ဟူသော ဝေါဟာရတွင် “ i ” စာလုံးကျန်ရစ်ကာ “Responsibilty” ဟူ၍ နေရာသုံးခု၌ မှားယွင်းရိုက်နှိပ်မိခြင်း ဖြစ်ကြောင်း၊ ထိုသို့ မှားယွင်းမှုကို လူမှုမီဒီယာတစ်ခုဖြစ်သော Instagram၌ လူတစ်ဦးကပုံကြီးချဲ့ ရိုက်ကူးထားသော ဓာတ်ပုံနှင့်တကွ စတင်ဖော်ပြခဲ့ရာမှ  ဩစတြေးလျနိုင်ငံရှိ သတင်းဌာနများသို့ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဩစတြေးလျဗဟိုဘဏ်၏ ပြောရေးဆိုခွင့်ရှိသူက ငွေစက္ကူတွင် စာလုံးပေါင်းအမှားဖြစ်ပေါ်နေသည်ကို သိရှိရသည့်အတွက် ထပ်မံထုတ်လုပ်မည့် ဩစတြေးလျဒေါ်လာ (၅၀) တန်ငွေစက္ကူများတွင် အမှားပြင်ဆင်မှုပြုလုပ်ကာ ထုတ်ဝေသွားမည်ဟုပြောကြားခဲ့ကြောင်း၊  သို့သော် စာပေါင်းအမှား ပြင်ဆင်ထားသည့် ဩစတြေးလျဒေါ်လာ (၅၀) တန်ငွေစက္ကူရွက်ရေ မည်မျှထုတ်ဝေမည်ဆိုခြင်းနှင့်  စာလုံးပေါင်းအမှားပါဝင်နေသည့် ငွေစက္ကူများအား ပြန်လည်ရုတ်သိမ်းရန် အစီအစဉ်ရှိ/ မရှိတို့နှင့် ပတ်သက်၍ သတင်းထောက်များ၏မေးမြန်းချက်များကိုမူ ဖြေကြားခြင်းမရှိခဲ့ကြောင်း www.bangkokpost.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။