ထိုင်းနိုင်ငံရှိ နိုင်ငံရေးပါတီငယ်(၁၀)ခုသည် တပ်မတော်လိုလားသော PPRP ပါတီနှင့် ပူးပေါင်းရန် စီစဉ်နေမှု

ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အမတ် (၁) နေရာသာအနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီငယ် (၁၁) ခုရှိရာ ၎င်းပါတီများအနက် (၁၀) ခုသည် တပ်မတော်အစိုးရလိုလားသော ပါလန်ပရာချာရတ်ပါတီ (PPRP) နှင့် ပူးပေါင်း၍ လက်ရှိဝန်ကြီးချုပ်ပရာယုချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ရန်စီစဉ်နေကြောင်း၊ ကျန်ပါတီငယ် (၁) ခုမှာမူ မည်သည့်ဘက်နှင့်ပူးပေါင်းရမည်ကို ရွေးချယ်ရခြင်းမရှိသေးဘဲ အစိုးရဖွဲ့နိုင်သည့် ဘက်နှင့်ပူးပေါင်းမည်ဟု ကြေညာထားကြောင်း သိရှိရပါသည်။

တပ်မတော်အစိုးရလိုလားသော PPRP ပါတီ၏ ဆွေးနွေးညှိနှိုင်းရေးတာဝန်ခံ ဆွန်ဆက်ခ် သက်ပ်ဆူသင်မ်က PPRP သည် အောက်လွှတ်တော်အမတ် ထက်ဝက်ကျော်ခန့်ပါဝင်သော ပါတီစုံအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်လိမ့်မည်ဖြစ်ပြီး ပါတီငယ်များအတွက်လည်း အစိုးရအဖွဲ့အတွင်း၌ နေရာများ သတ်မှတ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သက်ဆင်လိုလားသော ပွေထိုင်းပါတီ၏အတွင်းရေးမှူးချုပ် ဖန်သန်ဝီချာရာချိုင်းကမူ PPRP၏ပြောကြားချက်ကိုပယ်ချခဲ့ပြီး လက်ရှိအချိန်အထိ နိုင်ငံရေးအခြေအနေမှာ ကြိုတင်ခန့်မှန်း၍မရသေးကြောင်း၊ အောက်လွှတ်တော်တွင် အမတ်နေရာအချိုးအစားတစ်ခုအထိ ပိုင်ဆိုင်ထားသော ဒီမိုကရက် ပါတီနှင့် ဘန်ဂျန်ထိုင်းပါတီတို့သည် ၎င်းတို့၏ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း၊ လက်ရှိရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်၏ စီမံခန့်ခွဲမှုအမှားအယွင်းများကြောင့် ပါတီငယ်အများစုမှာမထင်မှတ်ဘဲအမတ်နေရာအချို့ကို လွယ်ကူစွာရရှိသွားကြသည်ဟု ပြောကြားခဲ့ကြောင်း www.bangkokpost.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။