ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာ၏ညီဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ်ကြီးအား အထက်လွှတ်တော် အမတ်နေရာ ခန့်အပ်ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာသော်လည်း ပြဿနာတစ်စုံတစ်ရာရှိ လာလိမ့်မည်မဟုတ်ဟု ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့မှု

လက်ရှိထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာ၏ညီဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ပရီချာချန်အိုချာအား အထက်လွှတ်တော်အမတ်အဖြစ်ခန့်အပ်ခြင်းကြောင့် ပြဿနာတစ်စုံတစ်ရာရှိလာလိမ့်မည် မဟုတ်ဟု ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ်က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်က သတင်းထောက်များကိုပြောကြားရာ၌ ယခုအခါအထက် လွှတ်တော်အမတ်များ၏အမည်စာရင်းကို အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာထားခြင်း မရှိသော်လည်း  အဆိုပါအမည်စာရင်းအား ထိုင်းဘုရင်ထံသို့ တင်သွင်းထားပြီးဖြစ်ကြောင်း၊ အဆိုပါ အမည်စာရင်းအရ လက်ရှိထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာ၏ညီဖြစ်သူ ထိုင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ပရီချာချန်အိုချာမှာ  အထက်လွှတ်တော်အမတ် ဖြစ်လာတော့မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာ၏ညီ အငြိမ်းစားဗိုလ်ချုပ်ကြီး ပရီချာချန်အိုချာသည် ထိုင်းအမျိုးသားညီလာခံ (NLA) အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း ထိုင်းတပ်မတော်အစိုးရက ကြီးမှူးကျင်းပသည့် အမျိုးသားညီလာခံအစည်းအဝေးများကို တက်ရောက်သည့်အကြိမ်ရေ နည်းပါးခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်အတွင်း၌ NLA ကော်မတီ၏ စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရဖူးကြောင်း၊ ထို့ပြင် ပရီချာချန်အိုချာသည် ၂၀၁၆ ခုနှစ်အတွင်း ၎င်း၏သားဖြစ်သူအား ထိုင်း တပ်မတော်၏ ပြည်သူ့ရေးရာဌာနတွင် ရာထူးပေးခန့်အပ်ခဲ့ခြင်းကြောင့် ဆွေမျိုးကောင်းစားရေးဝါဒီ တစ်ဦးဟူ၍ ဝေဖန်ပြောဆိုမှုများကို ရင်ဆိုင်ခဲ့ရသူဖြစ်ကြောင်း၊ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးအား အထက်လွှတ်တော်အမတ်အဖြစ် နေရာပေးခန့်အပ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေး အတိုက်အခံပါတီများ၏ ဝေဖန်ပြောကြားမှုများ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။

သို့ဖြစ်ရာ ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ်က ဆက်လက်ပြောကြားရာ၌ NLA အဖွဲ့ဝင်တစ်ဦးဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ပရီချာချန်အိုချာသည် အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ရန် အတွေ့အကြုံရှိထားပြီးသူဖြစ်ကြောင်း၊ ထို့ကြောင့် ပရီချာချန်အိုချာအား အထက်လွှတ်တော်အမတ်အဖြစ်ခန့်အပ်ခြင်းကြောင့် ပြဿနာတစ်စုံတစ်ရာ ရှိလာလိမ့်မည်မဟုတ်ဟု သတင်းထောက်များအား ပြောကြားခဲ့ကြောင်း၊ သို့သော် ပရီချာချန်အိုချာအပေါ်ဝေဖန်ပြောကြားမှု များနှင့်ပတ်သက်၍ သတင်းထောက်များ၏မေးမြန်းချက်များကိုမူ ဒုတိယဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခြင်းမရှိိခဲ့ကြောင်း  www.bangkokpost.com အင်တာနက် website တွင် ဖော်ပြပါရှိ ပါသည်။

မှတ်ချက်။   ။ ထိုင်းအမျိုးသားညီလာခံ(NLA) ၏ စည်းကမ်းသတ်မှတ်ချက်များအရ NLA အဖွဲ့ဝင် များသည် NLA မှ ကျင်းပသည့်အစည်းအဝေးများကို အနည်းဆုံးသုံးပုံတစ်ပုံတက်ရောက်ရမည် ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း NLA မှ အစည်းအဝေးအကြိမ်ရေ (၁၂၆၄) ကြိမ်ကျင်းပခဲ့ပြီး အဖွဲ့ဝင် များအနေဖြင့် အနည်းဆုံး (၄၂၁) ကြိမ် အစည်းအဝေးတက်ရောက်ရမည်ဖြစ်ရာ ပရီချာချန်အိုချာ၏ အစည်းအဝေးတက်ရောက်သည့် အကြိမ်အရေအတွက်မှာ (၄၂၈) ကြိမ်သာ ရှိခဲ့သည့်အတွက် NLA အစည်းအဝေးတက်ရောက်မှု အနည်းဆုံးအနေအထားဖြစ်နေသောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်အတွင်း NLA ကော်မတီ၏စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု သိရှိရပါသည်။