ဘင်္ဂလားဒေ့ရှ်- တရုတ် – အိန္ဒိယ – မြန်မာစီးပွားရေးစင်္ကြန် (BCIM) ကို အကောင်အထည် ဖော်ဆောင်နိုင်မည်ဆိုပါက ဘင်္ဂါလီဒုက္ခသည်ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့မှု

ဘင်္ဂလားဒေ့ရှ်- တရုတ် – အိန္ဒိယ -မြန်မာစီးပွားရေးစင်္ကြန် (BCIM) ကိုအကောင်အထည် ဖော်ဆောင်နိုင်မည်ဆိုပါက ဘင်္ဂါလီဒုက္ခသည်ပြဿနာကိုဖြေရှင်းနိုင်လိမ့်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ထားကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှန်ကျိုးက ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ကြောင်း၊ တရုတ်သံအမတ်ကြီးသည် ဒါကာမြို့တွင် ကျင်းပပြုလုပ်သည့် ပိုးလမ်းမကြီးစီမံကိန်းနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်သံအမတ်ကြီးက ပြောကြားရာ၌ ဘင်္ဂါလီပြဿနာကို ဖြေရှင်းပေးနိုင်မည့် အဓိကအဖြေမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း၊  တရုတ်နိုင်ငံသည် ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ အထူးဂရုပြု လေ့လာစောင့်ကြည့်ခဲ့ပါကြောင်း၊ BCIM စီးပွားရေးစင်္ကြန်ကို အကောင်အထည် ဖော်ဆောင်နိုင်မည်ဆိုပါက ဒေသတွင်းဆင်းရဲနွမ်းပါးမှုများ လျော့နည်းသွားခြင်းနှင့်အတူ ဘင်္ဂါလီ ဒုက္ခသည်ပြဿနာမှာလည်း ပြေလည်သွားလိမ့်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘင်္ဂါလီ ဒုက္ခသည်ပြဿနာ၌ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ပြီး နှစ်ဘက်စလုံးအတွက် လိုအပ်သည့်အကူအညီများကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား၌ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဒုက္ခသည်များ နေရပ်ပြန်ရေးအစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဒုက္ခသည်များ နေရပ်ပြန်ရေးအစီအစဉ်သည် တရုတ်နိုင်ငံမှ အကြံပြုထားသော ပြဿနာဖြေရှင်းရန် နည်းလမ်းများအနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုများရပ်တန့်ပြီး ဒုက္ခသည်များ နေရပ်သို့ပြန်နိုင်သည့်နေ့တွင် ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုများပိုမိုရရှိနိုင်ပါကြောင်း၊ ယခုအခါ တရုတ်နှင့်မြန်မာနှစ်နိုင်ငံအကြား၌ စီးပွားရေးစင်္ကြန်တည်ဆောက်ရန်အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားရာ အဆိုပါသဘောတူညီချက်သည် BCIM ၏ အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်သံအမတ်ကြီးသည် သတင်းစာရှင်းလင်းပွဲ၌ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ ဘေကျင်းမြို့တွင်ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် BRI Forum အကြောင်းကို ရှင်းလင်းပြောကြားစဉ် ဘင်္ဂါလီပြဿနာနှင့် BCIM စီးပွားရေးစင်္ကြန်ဆက်စပ်နိုင်သည့် အကြောင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း  www.bdnews24.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။