ရန်ကုန်လေဆိပ်၌ လေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Biman  လေကြောင်းလိုင်းမှာ အခက်အခဲများကြုံတွေ့ရလျက်ရှိမှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ  Biman လေကြောင်းလိုင်း၏ Bombardier Dash-8 Q 400 လေယာဉ်သည် ၂၀၁၉ ခုနှစ်၊ မေလ(၈) ရက်(ဗုဒ္ဓဟူးနေ့) တွင် ရန်ကုန်လေဆိပ်၌  ဆင်းသက်စဉ်တွင် မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ အဆိုပါ Biman လေကြောင်းလိုင်းမှာ လေယာဉ် လိုအပ်ချက်ပြဿနာများ ကြုံတွေ့ရလျက်ရှိကြောင်း သိရှိရပါသည်။

Biman လေကြောင်းလိုင်း၏ ဆက်ဆံရေးမန်နေဂျာ ရှာကေးလ်မီရာ့ဂျ်က bdnews24 သတင်းဌာနသို့ပြောကြားရာ၌ ရန်ကုန်လေဆိပ်၌ Biman လေယာဉ်မတော်တဆမှုဖြစ်ပွားပြီး နောက်တွင် ၂၀၁၉ ခုနှစ်၊ မေလ (၉)ရက် (ကြာသပတေးနေ့) တွင် ဒါကာမှပျံသန်းသော Biman လေကြောင်းလိုင်း ခရီးစဉ် (၃) ခုကိုဖျက်သိမ်းခဲ့ပြီး မေလ (၁၀) ရက် (သောကြာနေ့) တွင် လေကြောင်း ခရီးစဉ် (၃) ခုနှင့်  မေလ (၁၁) ရက် (စနေနေ့) တွင် လေကြောင်းခရီးစဉ်(၁) ခုတို့ကိုဖျက်သိမ်းခဲ့သည့် အပြင်  မေလ (၁၂) ရက် (တနင်္ဂနွေနေ့) တွင်လည်း လေကြောင်းခရီးစဉ် (၃) ခုကို ထပ်မံ၍ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မေလ(၁၃) ရက် (တနင်္လာနေ့) အထိ၌ Biman လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ် (၁၀) ခုကိုဖျက်သိမ်းထားမည်ဖြစ်ကြောင်း၊ Biman လေကြောင်းလိုင်းပိုင် လေယာဉ် (၁၃) စီးရှိသည့်အနက် လွန်ခဲ့သည့်ရက်သတ္တပတ်(၂) ပတ်မှစ၍ (၁) စီးကိုပြင်ဆင်မှုများ ပြုလုပ်နေစဉ်တွင် ရန်ကုန်လေဆိပ်၌ လေယာဉ်(၁)စီးမတော်တဆမှုဖြစ်ပွားခဲ့ရာ လက်ရှိအချိန်တွင် Biman လေကြောင်းလိုင်း၌ လေယာဉ် (၁၁) စီးသာရှိပြီး ပုံမှန်ပျံသန်းပေးလျက်ရှိသော ခရီးစဉ်များကို ပြေးဆွဲရန်အတွက် လေယာဉ်လိုအပ်ချက်ပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့ကြောင့် Biman လေကြောင်းလိုင်းသည် လေယာဉ်လိုအပ်ချက်ပြဿနာကိုဖြေရှင်းနိုင်ရန် အတွက်ကာတာနိုင်ငံရှိ ALAFCO လေကြောင်းလိုင်းမှ လေယာဉ် (၂) စီးအား (၆) နှစ်စာချုပ်ဖြင့် ဌားရမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု Biman လေကြောင်းလိုင်း၏ ဆက်ဆံရေးမန်နေဂျာ ရှာကေးလ်မီရာ့ဂျ်က ဆက်လက်ပြောကြားခဲ့ကြောင်း  www.thedailystar.net အင်တာနက် website တွင် ဖော်ပြပါရှိ ပါသည်။