တရုတ်နှင့်စင်ကာပူနိုင်ငံတို့သည်  ယွမ်ငွေနှင့် စင်ကာပူဒေါ်လာငွေကြေးဖလှယ်သုံးစွဲရေးသဘောတူ စာချုပ်ကို သက်တမ်းတိုးချုပ်ခဲ့မှု

တရုတ်နှင့် စင်ကာပူနိုင်ငံတို့သည် ယွမ်ငွေနှင့် စင်ကာပူဒေါ်လာ ငွေကြေးဖလှယ်သုံးစွဲရေး သဘောတူစာချုပ်ကို သက်တမ်းတိုးချုပ်ဆိုခဲ့ကြသည်ဟု တရုတ်ဗဟိုဘဏ်နှင့် စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့တို့က ၂၀၁၉ ခုနှစ်၊ မေလ (၁၃) ရက် (တနင်္လာနေ့) တွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နှင့် စင်ကာပူနိုင်ငံတို့သည် ငွေကြေးဖလှယ်သုံးစွဲရေး (၃) နှစ်သက်တမ်း သဘောတူ   စာချုပ် (BCSA) ကို ၂၀၁၀ ခုနှစ်တွင်စတင်ချုပ်ဆိုခဲ့ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် သက်တမ်းတိုးချုပ်ဆိုမှုများပြုလုပ်ခဲ့ကာ ယခု ၂၀၁၉ ခုနှစ်တွင် တတိယအကြိမ်မြောက် ထပ်မံသက်တမ်းတိုး ချုပ်ဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ တရုတ်ယွမ်ငွေ (၃၀၀) ဘီလီယံ (စင်ကာပူဒေါ်လာ ၆၀ဘီလီယံ) ပမာဏရှိ ငွေကြေး ဖလှယ်သုံးစွဲရေးသက်တမ်းတိုး သဘောတူစာချုပ်ကို တရုတ်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ရီကန်းနှင့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ရာဗီမီနွန်တို့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း၊  အဆိုပါ သဘောတူစာချုပ်သည် ၂၀၁၉ ခုနှစ်၊ မေလ (၁၀) ရက်နေ့မှစ၍ စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ငွေကြေးဖလှယ်သုံးစွဲရေး သဘောတူစာချုပ် ချုပ်ဆိုခြင်းအားဖြင့် တရုတ်နှင့် စင်ကာပူ စီးပွားရေးလုပ်ငန်းများတွင် သက်ဆိုင်ရာနိုင်ငံသုံးငွေကြေးများကို အလွယ်တကူဖလှယ်ရယူနိုင်မည် ဖြစ်သည့်အပြင် အပြန်အလှန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ ပိုးလမ်းမကြီး စီမံကိန်းနှင့်ဆက်စပ်နေသော အခြေခံအဆောက်အဦလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။