အမေရိကန်ကုန်စည်များအပေါ် တရုတ်အစိုးရက သွင်းကုန်ခွန်တုံ့ပြန်ကောက်ခံခဲ့သည့် ကြေညာချက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်လအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု 

အမေရိကန်ပြည်ထောင်စုသည် အမေရိကန်ဒေါ်လာ(၂၀၀)ဘီလီယံခန့်တန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ်၌ ၂၀၁၉ခုနှစ်၊ မေလ(၁၀)ရက် (သောကြာနေ့)မှစတင်၍ သွင်းကုန်ခွန် ၂၅% တိုးမြှင့်ကောက်ခံနေပြီဖြစ်ရာ ယင်းလုပ်ရပ်အပေါ်လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ (၆၀)ဘီလီယံခန့်တန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်း အမျိုးအမည်ပေါင်း(၅၁၄၀) အပေါ်၌ ကုန်စည်အမျိုးအစားအလိုက် လာမည့်ဇွန်လ(၁)ရက်နေ့မှစတင်၍ အခွန် ၅% မှ ၂၅% အထိ တိုးမြှင့်ကောက်ခံရန်ဆုံးဖြတ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အခွန်တိုးမြှင့်ကောက်ခံမည့် ကြေညာချက်ကို မေလ(၁၂)ရက်(တနင်္လာနေ့)ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်ထွက်ပေါ်ပြီးနောက် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပေါ်လာမည့်အရေးကို စိုးရိမ်ပူပန်မှုများကြောင့် စတော့ရှယ်ယာတန်ဖိုးများကျဆင်းပြီး စတော့ဈေးကွက်အစား ရွှေဈေးကွက်အတွင်းသို့ပြောင်းလဲ ရင်းနှီးမြှုပ်နှံသူများပြားလာသည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်လအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်၊ မေလ(၁၂)ရက်(တနင်္ဂနွေနေ့)တွင် အာရပ်စော်ဘွားများပြည်ထောင်စု ကမ်းလွန် ပင်လယ်ပြင်၌ ဆော်ဒီအာရေဗျရေနံတင်သင်္ဘော(၂)စီး တိုက်ခိုက်ခံရသည့်ကိစ္စကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြားတင်းမာမှုများတိုးမြှင့်ဖြစ်ပေါ်လာရာမှ အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ ရွှေဝယ်ယူ စုဆောင်းမှုများပြားလာခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေသည့် အခြားအချက် တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မေလ(၁၄)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၁% မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၂၉၈.၄၈)သို့ ရောက်ရှိခဲ့ကြောင်း၊  အဆိုပါဈေးနှုန်းသည် တစ်လအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်၌ရွှေအရောင်းအဝယ် အများဆုံးပြုလုပ်နေသည့် SPDR Gold Trust အပါအဝင် ရွှေကုမ္ပဏီကြီးများက ရွှေအများအပြား ဝယ်ယူစုဆောင်းမှုများကို ပြုလုပ်လျက်ရှိကြောင်း၊ စတော့ရှယ်ယာဈေးနှုန်းများ ဆက်လက်ကျဆင်းပါက ကမ္ဘာရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၃၁၀)မှ (၁၃၁၂)ခန့်အထိရောက်ရှိဖွယ်ရှိကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။