ကယားပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ရေရှားပါးသည့်ကျေးရွာသို့ သောက်သုံးရေများသွားရောက်လှူဒါန်းပေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လူမှုအသင်းအဖွဲ့များတို့၏ အစီအစဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးလျက်ရှိရာ မေလ(၈)ရက်၊ နံနက်(၁၁)နာရီ အချိန်တွင် ကယားပြည်နယ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ဆောင်ဒူလာကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

အဆိုပါ သောက်သုံးရေ သွားရောက်လှူဒါန်းပေးရာတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကယားပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ကိုကို၏ လမ်းညွှန်မှုဖြင့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ ဦးမောင်မောင်တိုးနှင့်ဝန်ထမ်းများ ပါဝင်ကြပြီး ဆောင်ဒူလာကျေးရွာနေ ဒေသခံပြည်သူများ အိမ်ထောင်စု(၇၂)စု၊ လူဦးရေ (၃၈၈)ဦး အတွက် သောက်သုံးရေ ဂါလံ(၁၆၀၀)နှင့် သောက်ရေသန့်ဗူးကြီး(၁၀၀)ဗူးတို့ကို လှူဒါန်းပေးခဲ့ပါသည်။