ငွေကြေးစေျးကွက်နှင့်ပတ်သက်၍ ကြားဝင်စွက်ဖက်ခြင်းမပြုရန် အမေရိကန်သမ္မတအား အစိုးရအဖွဲ့ဝန်ကြီးများက စည်းရုံးပြောကြားခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အနည်းငယ်မြင့် တက်ခဲ့

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ငွေကြေးစေျးကွက်အတွင်း ဝင်ရောက်စွက်ဖက်၍ အမေရိကန်ဒေါ်လာတန်ဖိုး ဆက်လက်ကျဆင်းအောင် လုပ်ဆောင်လိုသော်လည်း အစိုးရအဖွဲ့ဝန်ကြီးများနှင့် စီးပွားရေးအကြံပေးများ၏ ရှင်းလင်းပြောကြားမှုများကြောင့် ၎င်း၏အစီအစဉ်ကို စွန့်လွှတ်ခဲ့သည်ဟု သိရှိရပါသည်။

အမေရိကန်သမ္မတ အိမ်ဖြူတော်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်လာရီကူဒလိုက ဇူလိုင်လ (၂၆) ရက် (သောကြာ) နေ့တွင် သတင်းထောက်များအားပြောကြားရာ၌ ငွေကြေးစေျးကွက်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် သမ္မတ၏စီးပွားရေးအကြံပေးပုဂ္ဂိုလ်များပါဝင်သည့် အစည်းအဝေးများကို ယခုရက်သတ္တပတ်အတွင်း ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ သမ္မတသည်  ကုန်သွယ်ဖက်နိုင်ငံများက ငွေကြေးတန်ဖိုးများ တမင်လျှော့ချ၍  ကုန်သွယ်ရေးအသာစီးရယူမည်ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ သို့သော် သမ္မတနှင့်ဝန်ကြီးများ၊ စီးပွားရေးအကြံပေးပုဂ္ဂိုလ်များအကြား ရက်အတန်ကြာ အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက်တွင် သမ္မတသည် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းစေရန်အတွက် ဝင်ရောက်စွက်ဖက် လုပ်ဆောင်မည့်အစီအစဉ်များကို စွန့်လွှတ်၍ ဖြစ်သင့်ဖြစ်ထိုက်သော တန်ဖိုးအတိုင်းသာရှိနေစေရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လာရီကူဒလို၏ ပြောကြားချက်ထွက်ပေါ်ပြီးနောက်တွင် ရက်သတ္တပတ်အနည်းငယ်ကြာအားပျော့ နေသော အမေရိကန်ဒေါ်လာတန်ဖိုးမှာ ပြန်လည်ဦးမော့လာခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂၇) ရက် (စနေနေ့)နံနက်ပိုင်းတွင် အမေရိကန်ဒေါ်လာအညွှန်းကိန်းတန်ဖိုးသည် အခြားနိုင်ငံတကာသုံး ငွေကြေးများနှင့်နှိုင်းယှဉ်ရာ၌ ၀.၂% မြင့်တက်ပြီးအညွှန်းကိန်း (၉၈.၀၄၄) သို့ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာသည် ယူရိုငွေနှင့်နှိုင်းယှဉ်ရာ၌ တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ (၁.၁၁၂) ဒေါ်လာလဲလှယ်မှုနှုန်းသို့လည်းကောင်း၊ ဂျပန်ယန်းငွေနှင့်နှိုင်းယှဉ်ရာ၌ အမေရိကန်တစ်ဒေါ်လာလှျင် ဂျပန်ငွေ (၁၀၈.၇၂) ယန်းသို့လည်းကောင်း၊ တရုတ်ယွမ်ငွေေနှင့်နှိုင်းယှဉ်ရာ၌ အမေရိကန်တစ်ဒေါ်လာလျှင် (၆.၈၈၀၄) ယွမ်လဲလှယ်မှုနှုန်းများသို့လည်းကောင်း အသီးသီးမြင့်တက်ရောက်ရှိခဲ့ကြောင်း www.marketwatch.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။