မလေးရှားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးက တိုက်တွန်းခဲ့

မလေးရှားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးက တိုက်တွန်းခဲ့

          မြန်မာနိုင်ငံ၌ စီးပွားရေးတိုးတက်မှု အလာအလားကောင်းများ ဖြစ်ထွန်းနေသောကြောင့် မလေးရှားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး ဒါတွတ်ဇာဟာရီဘာဟာရမ်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက် (တနင်္လာနေ့) တွင်တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။          
           မလေးရှားသံမတ်ကြီးကပြောကြားရာ၌ ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန်အတွက် အခြေခံအဆောက်အဦ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းနှင့်နည်းပညာ၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသောစက်မှုလုပ်ငန်းများ အစရှိသဖြင့် လုပ်ငန်းပေါင်းစုံရှိရာ မလေးရှားလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများစွာရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။          
           မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ GDP တိုးတက်မှုနှုန်း ၆.၆ % ခန့်ရှိသောကြောင့် အာဆီယံနိုင်ငံများတွင် လတ်တလောစီးပွားရေးတိုးတက်မှုနှုန်း ကောင်းမွန်သည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေကြောင်း၊ မြန်မာနိုင်ငံ၌ မလေးရှားကုမ္ပဏီများ၏ ရင်းနှီးမြှပ်နှံမှုစုစုပေါင်းပမာဏမှာ မလေးရှားရင်းဂစ်ငွေ ၄.၅ ဘီလီယံခန့်ရှိပြီး အဆိုပါကုမ္ပဏီများတွင် Petronas , Maybank , Texchem , OCK Yangon , Nissan Tan Chong , Axiata , ENRA နှင့် Muhibbax Engineering ကဲ့သို့သော ကုမ္ပဏီကြီးများပါဝင်ကြောင်း၊ မလေးရှား- မြန်မာအကြား နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏသည်  ၂၀၁၇ ခုနှစ်၌ ရင်းဂစ်ငွေ၄.၈ ဘီလီယံ၊ ၂၀၁၈ခုနှစ်၌ ရင်းဂစ်ငွေ ၄.၄ ဘီလီယံခန့်ရှိကြောင်း သိရှိရပါသည်။          
           မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံရုံးသည် မလေးရှား-မြန်မာလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ဩဂုတ်လ (၂၈) ရက်မှ (၃၁) ရက်နေ့ထိကာလအတွင်း ရန်ကုန်မြို့၌ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခမ်းအနားတစ်ခုကို ကျင်းပရန်စီစဉ်ထားကြောင်း၊ အဆိုပါအခမ်းအနားသည် မြန်မာနိုင်ငံအတွင်းသို့ မလေးရှားလုပ်ငန်းရှင်များ လာရောက်လေ့လာနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု သိရှိရကြောင်း www.malaymail.comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

(မှတ်ချက်။ အမေရိကန်တစ်ဒေါ်လာလျှင် မလေးရှားရင်းဂစ်ငွေ (၄.၁၂ )လဲလှယ်မှုနှုန်းရှိပါသည်။)

ရွှေသွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခြင်းကြောင့် ယခုနှစ်အတွင်း အိန္ဒိယရွှေဝယ်လိုအားမှာ ၂.၉% ခန့်ကျဆင်းဖွယ်ရှိ

ရွှေသွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခြင်းကြောင့် ယခုနှစ်အတွင်း အိန္ဒိယရွှေဝယ်လိုအားမှာ၂.၉% ခန့် ကျဆင်းဖွယ်ရှိ

          လန်ဒန်အခြေစိုက် ကမ္ဘာ့ရွှေကောင်စီစာရင်းအချက်အလက်များအရ ကမ္ဘာပေါ်၌ ရွှေဝယ်လိုအားအများဆုံးမှာ တရုတ်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ဒုတိယရွှေဝယ်လိုအားမှာ ဒုတိယအများဆုံးဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအားမှာ (၉၉၄.၃) တန်ရှိပြီးအိန္ဒိယနိုင်ငံ၏ ရွှေဝယ်လိုအားမှာ (၇၆၀.၄) တန်ရှိကြောင်း၊ ၂၀၁၉ခုနှစ်၊ ပထမ (၃) လတာကာလအတွင်း တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအားမှာ (၂၅၅.၃) တန်ခန့်ရှိပြီးအိန္ဒိယနိုင်ငံ၏ ရွှေဝယ်လိုအားမှာ (၁၅၉) တန်ခန့်ရှိသည်ဟုသိရှိရပါသည်

          အိန္ဒိယအစိုးရသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှစတင်၍ ပြည်ပမှတင်သွင်းလာသည့် ရွှေများအပေါ်၌ သွင်းကုန်ခွန်ကို မူလသတ်မှတ်ထားသည့် ၁၀% မှ ၁၂.၅% သို့ တိုးမြှင့်ကောက်ခံခဲ့ရာ သွင်းကုန်ခွန်ဂယက်ကြောင့် နိုင်ငံအတွင်း၌ ရွှေစေျးနှုန်းများမြင့်တက်သွားပြီး ၂၀၁၉ခုနှစ် လက်ကျန်ကာလများ၌ အိန္ဒိယပြည်သူများ၏ ဝယ်ယူမှုအားပျော့သွားဖွယ်ရှိကြောင်း၊ ထို့ကြောင့် ၂၀၁၉ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ရွှေဝယ်လိုအားမှာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂.၉ % ခန့်ကျဆင်းသွားလိမ့်မည်ဟု လန်ဒန်အခြေစိုက် ကမ္ဘာ့ရွှေကောင်စီက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့တွင် ခန့်မှန်းခဲ့ကြောင်း သိရှိရပါသည်။

          တရုတ်ဗဟိုဘဏ်နှင့် အိန္ဒိယဗဟိုဘဏ်များသည် အမေရိကန်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒအပြောင်းအလဲကိုစောင့်ကြည့်၍လာမည့် (၆)လမှ(၁၂)လတာကာလအတွင်းအရန်ရွှေသိုလှောင်မှုပမာဏကိုအလျှော့အတင်းပြုလုပ်ဖွယ်ရှိကြောင်းwww.economictimes.comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။