မဏိပူရပြည်နယ်အာဏာပိုင်များသည် အိန္ဒိယ- မြန်မာနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကိုထိန်းချုပ်နိုင်ရန်အတွက် မိုရေးမြို့၌ ထောက်လှမ်းရေးကွန်ရက်တစ်ခု ထားရှိရန် စီစဉ်နေ

မြန်မာနိုင်ငံနှင့်ဆက်စပ်နေသော အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်တွင် နယ်စပ်ဖြတ်ကျော်၍ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ဖြစ်စဉ်များ အများအပြားပေါ်ပေါက်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်ဆန်း မှ ဇူလိုင်လကုန်အထိ ကာလအတွင်း မဏိပူရပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် အဖက်တမင်းဆေးပြားအရေအတွက်မှာ (၁,၂၃၇,၉၉၃) ပြားခန့်ရှိပြီး ဘိန်းဖြူအရေအတွက်မှာ (၉) ကီလိုဂရမ်ခန့် ရှိကြောင်း၊ ထို့ကြောင့် ဖမ်းဆီးရမိသည့် ဆေးပြားအရေအတွက်မှာ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်တို့ တွင် တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားအရေအတွက်ထက် များစွာ သာလွန်လျက်ရှိကြောင်း၊  လွန်ခဲ့သည့် ရက်သတ္တပတ်ကုန်ပိုင်းတွင် မိုရေးမြို့အနီး၌ ကာလတန်ဖိုးရူပီးငွေ (၁၆၆) ကုဋေတန်ဖိုးရှိဘိန်းဖြူ (၁၈၅) ကီလိုဂရမ်ကို မဏိပူရရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီးနောက် တွင် ပြည်နယ်အာဏာပိုင်များသည် မိုရေးနယ်စပ်မြို့၌ ထောက်လှမ်းရေးကွန်ရက်တစ်ခု ထားရှိပြီးနယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှုများကိုနှိမ်နင်းရန် စီစဉ်နေကြောင်းသိရှိရပါသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းကပြောကြားရာ၌ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲအားမိုရေးမြို့တွင် ထောက်လှမ်းရေးကွန်ရက်တစ်ခု ထားရှိပြီး မူးယစ်ဆေးဝါးကုန်သွယ်မှုများကိုနှိမ်နင်းသွားရန် ညွှန်ကြားထားကြောင်း၊ အထူးသဖြင့် အင်ဖာ – မိုရေးအဝေးပြေးလမ်းမကြီးသည် မူးယစ်ဆေးဝါးသယ်ဆောင်သူများ အဓိကအသုံးပြုနေသည့် လမ်းကြောင်းတစ်ခုဖြစ်နေကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် မဏိပူရပြည်နယ်၏ အနာဂတ်ကိုထိခိုက်စေနိုင်သောကြောင့်ပြင်းပြင်းထန်ထန် နှိမ်နင်းရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး နှိမ်နင်းမှုများနှင့် ပတ်သက်၍ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား အထူးဂုဏ်ပြုဆုများချီးမြှင့်ရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မဏိပူရပြည်နယ်ရဲတပ်ဖွဲ့မှ ရရှိသည့်သတင်းများအရ နယ်စပ်တစ်လျှောက်တွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများသာမက ဘိန်းစိုက်ပျိုးမှုများပါ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် မဏိပူရပိုင်နက် တောင်ကုန်းထူထပ်သော ချန်တယ်လ်ခရိုင်နှင့် အူကာရူးခရိုင်များတွင် ဘိန်းခင်းများရှိကြောင်း၊ အဆိုပါ ဘိန်းခင်းများမှ ထွက်ရှိသည့် ဘိန်းများကို မြန်မာနိုင်ငံဘက်မှ ကုန်သည်များကလာရောက်ဝယ်ယူပြီး ဘိန်းဖြူအဖြစ် ပြောင်းလဲချက်လုပ်ပြီးနောက် မဏိပူရပြည်နယ်အတွင်းသို့ ပြန်လည်တင်သွင်းကာ ရောင်းချလေ့ရှိကြောင်း၊ အဆိုပါခရိုင်များရှိဒေသခံများသည် စပါးစိုက်ပျိုးမှုများကိုမပြုလုပ်တော့ဘဲ ငွေကြေးအမြတ်အစွန်းပိုမိုရရှိသည့် ဘိန်းပင်များကိုသာ စိုက်ပျိုးနေကြသည်ဟုသိရှိရကြောင်း ဖော်ပြပါရှိပါသည်။