အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများမှ ဗဟိုဘဏ်အစည်းအဝေးများဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း ၁% ခန့်မြင့်တက်လာခဲ့

          ၂၁၀၉ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက် (စနေနေ့) တွင် အီရန်ထောက်ခံသည့် ယီမင်ဟူသီသူပုန်များက ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိရေနံအများဆုံးထုတ်လုပ်ရာ ရေနံတွင်းများနှင့် ရေနံချက်စက်ရုံများကို ဒရုန်းများဖြင့် တိုက်ခိုက်သည့်ဖြစ်စဉ် ပေါ်ပေါက်ပြီးခဲ့နောက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဆော်ဒီအာရေဗျနိုင်ငံ၏ လုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုမှ အစွမ်းကုန်ကာကွယ်ပေးသွားမည်ဟု ကြေညာခဲ့ရာ အီရန်နှင့်အမေရိကန်ပြည်ထောင်စုအကြားစစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း၊ ထို့ကြောင့် အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေ တင်းမာမှုများအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း စတော့ရှယ်ယာများနှင့် နိုင်ငံတကာငွေကြေးများအစားရွှေ ဝယ်ယူစုဆောင်းမှုပြန်လည်များပြားလာသည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် ယခုရက်သတ္တပတ်အတွင်း ကျင်းပမည့် အမေရိကန်ဗဟိုဘဏ်နှင့် ဂျပန်ဗဟိုဘဏ် အစည်းအဝေးများ၌ ဘဏ်တိုးနှုန်းများလျှော့ချခြင်း အပါအဝင် ငွေကြေးဆိုင်ရာ မူဝါဒများအားဖြေလျှော့ပေးမည်ဟူသော သတင်းများထွက်ပေါ်နေခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကိုမြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်(တနင်္လာနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာ ၁% မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၃.၆၀) သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၂% ကျဆင်းပြီးအညွှန်းကိန်းအမှတ် (၉၈.၀၅၃) သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

          ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံထုတ်လုပ်သည့်နေရာများ တိုက်ခိုက်ခံရသည့်သတင်းကြောင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ (၆) လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ နယူးယောက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁၅.၅% မြင့်တက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၃.၃၄) သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁၉.၅% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၁.၉၅) ဒေါ်လာသို့ရောက်ရှိခဲ့ကြောင်း၊ စက်တင်ဘာလ (၁၆) ရက် (တနင်္လာနေ့) တွင်ဖြစ်ပေါ်ခဲ့သော ရေနံဈေးနှုန်းမြင့်တက်မှုရာခိုင်နှုန်းသည် ၁၉၉၁ ခုနှစ်၊ ပင်လယ်ကွေ့စစ်ပွဲပြီးနောက်ပိုင်း တစ်နေ့တာကာလအတွင်း မြင့်တက်မှုနှုန်း အများဆုံးပင်ဖြစ်ကြောင်း www.reuters.com အင်တာနက်website တွင် ဖော်ပြပါရှိပါသည်။