ဆော်ဒီအာရေဗျနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ရေနံဈေးကွက်တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၆% နီးပါးခန့်ကျဆင်းသွားခဲ့

ဆော်ဒီအာရေဗျနိုင်ငံသည် အကြမ်းဖက်တိုက်ခိုက်ခံရသည့် ရေနံတွင်းများအား အမြန်ဆုံးပြင်ဆင်နေပြီး ရေနံထုတ်လုပ်မှုကို ပုံမှန်အနေအထားအတိုင်း ပြန်လည်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီး မင်းသားအဗ္ဗဒူလာဇဇ်ဘင်ဆယ်လ်မန်သည် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက် (အင်္ဂါနေ့) တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ယခုအခါ နေ့စဉ် ရေနံထုတ်လုပ်မှုပမာဏ၏ ထက်ဝက်နီးပါးခန့်ဖြစ်သောစည်ပေါင်း (၅.၇) သန်းခန့်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရကြောင်း၊ သို့သော် စက်တင်ဘာလကုန်မှစ၍ ရေနံထုတ်လုပ်မှုကို ပုံမှန်အနေအထားအတိုင်း တစ်နေ့လျှင် စည်ပေါင်း (၉.၈၉) သန်းခန့် ပြန်လည်ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း၊ လတ်တလောတွင် ဈေးကွက်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက်  အရန်သိုလှောင်ထားသည့် ရေနံများကိုရောင်းချပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ရေနံဝန်ကြီး၏ ပြောကြားချက် ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများမှာ ၆% နီးပါးခန့် ကျဆင်းသွားခဲ့ပါသည်။

ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ရေနံဈေးကွက်တည်ငြိမ်စေရေးအတွက် လိုအပ်ပါက အမေရိကန်ပြည်ထောင်စု၏ အရန်ရေနံအများအပြားအား ဈေးကွက်အတွင်းသို့ ရောင်းချရန် စီစဉ်နေခြင်းနှင့် ဂျပန်နိုင်ငံအပါအဝင် စက်မှုထိပ်သီးနိုင်ငံများသည်လည်း နိုင်ငံတကာစွမ်းအင်အေဂျင်စီအဖွဲ့၏ အကြံပြုချက်အတိုင်း ၎င်းတို့ သိုလှောင်ထားသည့် အရန်ရေနံများအား ဈေးကွက်အတွင်းသို့ ဖြည့်တင်းပေးရန် စီစဉ်နေခြင်းတို့သည်လည်း ရေနံဈေးနှုန်းများကို ကျဆင်းစေသည့် အခြားအချက်များဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၅.၇% ခန့် ကျဆင်းပြီးတစ်စည်လျှင် အမေရိကန်ဒေါ် လာ (၅၉.၃၄) သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၆.၅% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၄.၅၅) သို့ ရောက်ရှိခဲ့ကြောင်း www.channelnewsasia.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။