ထိုင်းအစိုးရသည် နိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်မည့် စီမံကိန်းအတွက် မြန်မာ ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ထိုင်းနိုင်ငံသုံးဘတ်ငွေ (၈.၅) ဘီလီယံ ချေးငွေထုတ်ပေးရန် စီစဉ်နေ

ထိုင်းအစိုးရသည် အာရှအဝေးပြေးလမ်းမကြီးစီမံကိန်းတွင် ပါဝင်သော နိုင်ငံဖြတ်ကျော် အဝေးပြေး လမ်းမ (၄) ခုဖောက်လုပ်ရန်အတွက် ၂၀၂၀ ခုနှစ်တွင် မြန်မာ၊ လာအို နှင့်ကမ္ဘောဒီးယား နိုင်ငံများသို့ ထိုင်းနိုင်ငံသုံးဘတ်ငွေ (၈.၅) ဘီလီယံချေးငွေထုတ်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းအစိုးရ၏ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးဖွံဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ ပီယာမက်စ်ဘူတစ်တွန်နက်တီရပ်ခ်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက် (တနင်္လာနေ့) တွင် ပြောကြားရာ၌ လမ်းဖောက်လုပ်ရေးစီမံကိန်းများအတွက် ထုတ်ပေးမည့် ချေးငွေ နှင့်ပတ်သက်၍ သတ်မှတ်ထားသည့် အတိုးနှုန်းမှာ ၀.၁% ခန့်သာရှိ သောကြောင့် ချေးငွေရယူမည့် မြန်မာအပါအဝင် အခြားနိုင်ငံများအနေဖြင့် ကြွေးမြီဝန်ထုပ်ဝန်ပိုး ကြီးမားစွာ ခံစားရမည် မဟုတ်ကြောင်း၊ မြန်မာအစိုးရသည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံ ကန်ချာနာဘူရီ ပြည်နယ်အတွင်းရှိ နန်ဖြူရွန်တို့ကို ဆက်သွယ်နိုင်မည့် ၁၃၈ ကီလိုမီတာရှည်လျားသော ကားလမ်းမကြီးကို ဘတ်ငွေ (၄) ဘီလီယံခန့်အကုန်အကျခံ၍ ဖောက်လုပ်ရန်စီစဉ်ထားရာ ထိုင်းအစိုးရထံမှ ရရှိသော ချေးငွေကို အဆိုပါစီမံကိန်းအတွက် အသုံးပြုနိုင်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မြန်မာအစိုးရသည် ထားဝယ်-နန်ဖြူရွန် အဝေးပြေးလမ်းမကြီးဖောက်လုပ်ပြီးစီးပါက အဆိုပါ လမ်းမကြီးသည် ထိုင်းနိုင်ငံနှင့် BIMSTEC အဖွဲ့ဝင် နိုင်ငံများအကြား အဓိကဆက်သွယ်ပေးမည့် လမ်းကြောင်းတစ်ခု ဖြစ်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း၊ အလားတူ ထိုင်းအစိုးရသည်လည်း ကန်ချာနာဘူရီအား မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံဘက်မှဝင်ရောက်သည့် အရေးပါသော ဝင်ပေါက်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

ထိုင်းအစိုးရသည် အဝေးပြေးလမ်းမကြီးစီမံကိန်းများနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများသို့ ထိုင်းနိုင်ငံသုံးဘတ်ငွေ (၈.၅) ဘီလီယံချေးငွေထုတ်ပေးရန် လျာထားသည့်အနက်  ဘတ်(၄) ဘီလီယံကို မြန်မာနိုင်ငံသို့ လည်းကောင်း၊ ဘတ် (၁.၂) ဘီလီယံကို ကမ္ဘောဒီးယားနိုင်ငံသို့ လည်းကောင်း၊ ဘတ် (၃.၃) ဘီလီယံကို လာအိုနိုင်ငံသို့လည်းကောင်း အသီးသီးခွဲဝေပေးသွားမည်ဖြစ်ကြောင်း www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။