အင်္ဂလန်ဗဟိုဘဏ်သည် အတုအပပြုလုပ်ရန် လွန်စွာခက်ခဲသော စတာလင်ပေါင် (၂၀) တန်ငွေစက္ကူ အသစ်ကို စတင်ထုတ်ဝေခဲ့

          အင်္ဂလန် ဗဟိုဘဏ်(BOE)သည် နိုင်ငံသုံးငွေ စတာလင်ပေါင်(၂၀)တန် ငွေစက္ကူအသစ်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော် ဝါရီလ(၂၀)ရက်တွင် စတင်ထုတ်ဝေဖြန့်ချိခဲ့သည်ဟု သိရှိရပါသည်။

          BOE မှ ထုတ်ဝေသည့် စတာလင်ပေါင်(၂၀)တန်ငွေစက္ကူအသစ်တွင် ဗြိတိန်ဘုရင်မကြီး၏ ရုပ်ပုံကို ငွေစက္ကူ၏အရှေ့ဘက်တွင် ရိုက်နှိပ်ဖော်ပြထားပြီး နောက်ကျောဘက်တွင်မူ ဗြိတိသျှ        နာမည်ကျော်ရေဆေးပန်းချီဝီလျှံတန်နာ၏ရုပ်ပုံနှင့်အတူ ၎င်း၏နာမည်ကျော်ပန်းချီလက်ရာတစ်ခုကိုပါ ထည့်သွင်းဖော်ပြထားကြောင်း၊ ယခု ထုတ်ဝေသည့် စတာလင်ပေါင်(၂၀)တန် ငွေစက္ကူအသစ်သည် ယခင်ထုတ်ဝေပြီးသား (၂၀)တန်ငွေစက္ကူအဟောင်းနှင့်နှိုင်းယှဉ်ပါက အရွယ်အစားပိုမိုသေးငယ်ပြီး အင်္ဂလိပ်အက္ခရာ “T” အကြီးစာလုံးအား ခရမ်းရောင်အနားသတ်ဖြင့် စက်ဝန်းသဏ္ဍန်ဝန်းရံ ဖော်ပြ ထားသော ပါးလှပ်သည့်အကွက်(၂)ကွက်ကို ရိုက်နှိပ်ထားကြောင်း၊ ထိုသို့ပြုလုပ်ရိုက်နှိပ်ထားသည့် အတွက် အတုအပပြုလုပ်ရန် လွန်စွာခဲယဉ်းသည်ဟုသိရှိရကြောင်း၊ ထို့ပြင်မျက်မမြင်များနှင့် အမြင် အာရုံမကောင်းသူများအနေဖြင့် ငွေစက္ကူ၏တန်ဖိုးအား စမ်းသပ်သိရှိနိုင်ရန်အတွက်“Bank of England” ဟူသောစာသားကို ဖောင်းကြွသဏ္ဍန်ရိုက်နှိပ်ထားသည့်အပြင် အစက်ကလေးများအပြွတ်လိုက်ရှိသောအစုအဖွဲ့(၃)ခုကိုလည်း ဖောင်းကြွသဏ္ဍန်ရိုက်နှိပ်ဖော်ပြထားကြောင်း၊ အဆိုပါ စတာလင်ပေါင်(၂၀)တန် ငွေစက္ကူအသစ်ကိုစူးရှသောအလင်းရောင်တွင်ထောင်ကြည့်ပါက “20” ဟူသောဂဏန်းကို အနီရင့်ရောင်၊ အစိမ်းရင့်ရောင်ဖြင့် တွေ့ရှိရမည်ဟု သိရှိရပါသည်။

          BOE မှအသစ်ထုတ်ဝေသည့် စတာလင်ပေါင်(၂၀)တန် ငွေစက္ကူအသစ်တွင် ဖော်ပြခြင်းခံရသော ဂျိုးဆက်မော်လော့ဒ်ဝီလျှံတန်နာသည် အသက်(၁၅)နှစ်အရွယ်သို့ရောက်ရှိသည့် ၁၉၇၀ ခုနှစ်တွင် လန်ဒန်အနုပညာပြခန်း၌ ၎င်း၏ပထမဦးဆုံးသောပန်းချီပြပွဲကိုပြုလုပ်နိုင်ခဲ့ပြီး ဆီဆေးပန်းချီ ကားပေါင်း (၅၅၀)ကျော်၊ ရေဆေးပန်းချီ(၂၀၀၀)ကျော်အပါအဝင် ပန်းချီကားမျိုးစုံအရေအတွက် (၃)သောင်းကျော် ရေးဆွဲခဲ့သည့် နာမည်ကျော်ပန်းချီပညာရှင်တစ်ဦးဖြစ်သည်ဟု သိရှိရပါသည်။

          BOEသည် ၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီလ(၂၀)ရက်တွင် စတာလင်ပေါင်(၂၀)တန်ငွေစက္ကူ အသစ်ကို စတင်ထုတ်ဝေခဲ့သည်ဖြစ်ရာ ယခုထုတ်ဝေလိုက်သည့် (၂၀)တန်ငွေစက္ကူအသစ်ကို လာမည့်ရက်သတ္တပတ်(၂)ပတ်အတွင်း၌ နိုင်ငံတစ်ဝန်းရှိ အလိုအလျောက်ငွေထုတ်စက်(ATM)များတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံတစ်ဝန်း၌သုံးစွဲနေသည့် စတာလင်ပေါင်(၂၀)တန် ငွေစက္ကူအဟောင်းများ၏ အရွက်အရေအတွက်မှာ(၂)ဘီလီယံကျော်ရှိကြောင်း၊ ဗြိတိန်ပြည်သူများ အနေဖြင့် အဆိုပါ(၂၀)တန်ငွေစက္ကူအဟောင်းများကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး ပြန်လည် ရုပ်သိမ်းမည်ဆိုပါက(၆)လကြိုတင်၍ သတိပေးချက်ထုတ်ပြန်သွားမည်ဟု BOE က ကြေညာထားကြောင်း www. xinhuanet.com အင်တာနက် website တွင်ဖော်ပြထားပါသည်။