ကိုရိုနာဗိုင်းရပ်(စ်)ပြဿနာကြောင့်အမေရိကန်ဗဟိုဘဏ်အနေဖြင့်ဘဏ်တိုးနှုန်းကိုထပ်မံလျှော့ချဖွယ်ရှိပြီး တရုတ်ဗဟိုဘဏ်သည်လည်း ဘဏ်တိုးနှုန်းများကိုလျှော့ချနေသည့်သတင်းကြောင့် ကမ္ဘာ့ ရွှေဈေးမှာ(၇)နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပြဿနာသည် ယခုအခါ ကမ္ဘာတစ်ဝန်း သို့ အရှိန်အဟုန်မြင့်စွာ ပျံ့နှံ့လျက်ရှိပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ရောဂါကူးစက်ခံရသူပေါင်း (၇၅,၇၅၃)ဦးနှင့် သေဆုံးသူ(၂,၁၃၀)ဦးထိ ရောက်ရှိခဲ့ကြောင်း၊ ဗိုင်းရပ်(စ်) ပြဿနာသည် ကာလမည်မျှကြာရှည်စွာဖြစ်ပွားနေမည်ကို ခန့်မှန်းမရသည့်အပြင် ဗိုင်းရပ်(စ်) ပြဿနာကြောင့် ကမ္ဘာတစ်ဝန်းရှိ ကဏ္ဍပေါင်းစုံမှစီးပွားရေးလုပ်ငန်းများ သာမက ရင်းနှီးမြှုပ်နှံသူများအတွက် ယုံကြည်စိတ်ချရသည့် Apple အပါအဝင် နည်းပညာကုမ္ပဏီကြီးများပင် ဝင်ငွေ ကျဆင်းမှုများနှင့်ကြုံတွေ့လျက်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန်ဗဟိုဘဏ်သည်ကမ္ဘာ့စီးပွားရေးကျဆင်းလာမည့်အရေးကိုမျှော်မှန်း၍ဘဏ်တိုးနှုန်းကိုလက်ရှိသတ်မှတ် ထားသည့် ၁.၇၅% မှ ထပ်မံလျှော့ချဖွယ်ရှိသည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိသည့် အတွက် ကမ္ဘာ့ရွှေဈေးမှာ (၇)နှစ် တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် တရုတ်ဗဟိုဘဏ်သည် နိုင်ငံအတွင်းရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ပြင်ပ စီးပွားရေး လုပ်ငန်းများသို့ ထုတ်ချေးနေသည့်ချေးငွေများအပေါ်၌ သတ်မှတ်ထားသည့် အတိုးနှုန်းများအား လျှော့ချရန် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းနှင့် ကမ္ဘာပေါ်ရှိ ရွှေရောင်းဝယ်ရေးကုမ္ပဏီကြီးများအနေဖြင့် ပြင်ပဈေးကွက်အတွင်းမှ ရွှေများအား ယခုရက်ပိုင်းအတွင်း အများအပြားဝယ်ယူစုဆောင်းနေကြခြင်း အစရှိသည့် အချက်များသည်လည်း ကမ္ဘာ့ရွှေဈေးကို ဆက်လက်မြင့်တက်စေသည့်အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။

SPDR Gold Trust ကုမ္ပဏီတစ်ခုတည်းပင် ဖေဖော်ဝါရီလ(၁၉)ရက် တစ်နေ့တာ ကာလ အတွင်း၌ အရန်ရွှေစုဆောင်းထားရှိမှု ပမာဏကို ၀.၂% တိုးမြှင့်ခဲ့ပြီး စုစုပေါင်းရွှေတန်ချိန် (၉၃၁.၆၀) တန်ခန့်အထိ စုဆောင်းထားသည်ဟု သိရှိရပါသည်။

ကမ္ဘာ့ရွှေဈေးသည် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ၂၀၂၀ပြည့်နှစ်၊နှစ်ဆန်းမှလက်ရှိအချိန်ထိ ကာလအတွင်း ၆% မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလ (၂၀) ရက် နံနက်ပိုင်း ဈေးကွက် ဖွင့်ချိန်၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၆၁၀.၄၃)သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ၂၀၁၃ ခုနှစ် မတ်လနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ ရွှေဈေးနှုန်းသည် လာမည့် ရက်သတ္တပတ်များအတွင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁,၆၅၀)ခန့်အထိ ရောက်ရှိနိုင်သည်ဟု ဆွစ်ဇာလန်ဘဏ်လုပ်ငန်း UBS Group AG က ခန့်မှန်းထားကြောင်း www. bloomberg.com အင်တာနက် websiteတွင် ဖော်ပြပါရှိသည်။

မှတ်ချက်။ တရုတ်ဗဟိုဘဏ်သည် နိုင်ငံအတွင်းရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ပြင်ပ စီးပွားရေးလုပ်ငန်းများသို့­ထုတ်ချေးနေသည့် ချေးငွေများအပေါ်၌ တစ်နှစ်တာချေးငွေများအတွက် ဘဏ်တိုးနှုန်းကို လက်ရှိသတ်မှတ်ထားသည့် ၄.၁၅% မှ ၄.၀၅% သို့လည်းကောင်း၊ (၅)နှစ်တာ ချေးငွေများအတွက် ဘဏ်တိုးနှုန်းကို လက်ရှိ သတ်မှတ်ထားသည့် ၄.၈ % မှ ၄.၇၅ % သို့ လည်းကောင်း လျှော့ချရန် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ တရုတ်ဗဟိုဘဏ် သည် ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင်လည်း ဗဟိုဘဏ်မှ ပြင်ပကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ ထုတ်ချေးနေသည့် ချေးငွေများအပေါ်အတိုးနှုန်းအားလက်ရှိသတ်မှတ်ထားသည့် ၃.၂၅% မှ ၃.၁၅% သို့ လျှောချပေးခဲ့ပြီးဖြစ်ရာ (၄)ရက်တာကာလအတွင်း ဘဏ်တိုးနှုန်းများနှင့် ပတ်သက်သည့် ပြင်ဆင်မှုများ (၃)ကြိမ် တိုင်တိုင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။