ကူးစက်မြန် COVID-19 ရောဂါ ဖြစ်ပွားမှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီ(၂) လတာကာလအတွင်း တရုတ်ပြည်သူ(၅) သန်းခန့် အလုပ်လက်မဲ့ဖြစ်ခဲ့မှု

ကူးစက်မြန် COVID-19 ရောဂါ ဖြစ်ပွားမှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီ(၂) လတာကာလအတွင်း တရုတ်ပြည်သူ(၅) သန်းခန့် အလုပ်လက်မဲ့ဖြစ်ခဲ့မှု

          ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၆)ရက်တွင် တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဌာနက ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ကူးစက်မြန် COVID-19 ရောဂါဖြစ်ပွားမှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့အတွင်း တရုတ်နိုင်ငံရှိစက်ရုံအလုပ်ရုံများ၌ လုပ်ငန်းများရပ်ဆိုင်းခဲ့သည့်အတွက် တရုတ်ပြည်သူ(၅)သန်းနီးပါးခန့်မှာ အလုပ်လက်မဲ့များဖြစ်ခဲ့သည်ဟု သိရှိရပါသည်။

          တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဌာန၏ကြေညာချက်အရ တရုတ်နိုင်ငံတစ်ဝန်း အလုပ် လက်မဲ့နှုန်းမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၌ ၅.၂% ခန့်ရှိခဲ့ရာမှ  COVID-19 စတင်ပျံ့နှံ့လာသည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင်၅.၃% သို့ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် ၆.၂% အထိ စံချိန်တင်မြင့်တက် လာခဲ့ကြောင်း၊ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလကုန်အထိကာလအတွင်း တရုတ်နိုင်ငံ၌ အလုပ်လက်မဲ့ဖြစ်ခဲ့သူအရေအတွက်မှာ (၄.၆၇)သန်းခန့်ရှိသည်ဟု  သိရှိရပါသည်။

          လက်ရှိအချိန်၌တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်သော်လည်း ပုံမှန်အနေအထားသို့ ရောက်ရှိခြင်းမရှိသေးကြောင်း၊တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ(၂)လတာကာလအတွင်း စက်မှုကုန်ထုတ်ကဏ္ဍကျဆင်းခဲ့ခြင်း၊ ကုန်စည်လက်လီရောင်းချရမှုကျဆင်းခဲ့ခြင်းနှင့် အလုပ်လက်မဲ့ပမာဏ မြင့်တက်ခဲ့ခြင်းတို့ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်အစိုးရ၏ စီးပွားရေးတိုးတက်မှုနှုန်းမျှော်မှန်းချက်ကို ပြည့်မီနိုင်ဖွယ်မရှိသည့်အပြင် ရောဂါပြဿနာကြောင့် တရုတ်ပြည်သူ(၉)သန်းခန့်အထိ အလုပ်လက်မဲ့ဖြစ်နိုင်သည်ဟု အချို့သော စီးပွားရေး ပညာရှင်များက ခန့်မှန်းထားကြကြောင်း ဖော်ပြပါရှိပါသည်။

COVID-19 ကြောင့် မလေးရှား အစိုးရက နိုင်ငံအတွင်းသို့ လူအဝင်/အထွက်ကို တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် အိမ်နီးချင်း စင်ကာပူနိုင်ငံ၌ အခက်အခဲများ ကြုံတွေ့ဖွယ်ရှိမှု

COVID-19 ကြောင့် မလေးရှားအစိုးရက နိုင်ငံအတွင်းသို့ လူအဝင်/အထွက်ကို တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် အိမ်နီးချင်း စင်ကာပူနိုင်ငံ၌ အခက်အခဲများ ကြုံတွေ့ဖွယ်ရှိမှု

          မလေးရှား နိုင်ငံအတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရေးအတွက် လာမည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၈)ရက်မှ မတ်လ(၃၁)ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်ကာလအတွင်း မလေးရှားနိုင်ငံသားများ ပြည်ပသို့ထွက်ခွာခြင်းနှင့်မလေးရှားနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများဝင်ရောက်ခြင်းတို့ကို တားမြစ် ပိတ်ပင်သွားမည်ဟု မလေးရှားအစိုးရက မတ်လ(၁၆)ရက်တွင်ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ မလေးရှား နိုင်ငံသည်လက်ရှိအချိန်၌ အရှေ့တောင်အာရှနိုင်ငံများအနက် COVID-19 ဖြစ်ပွားမှုအများဆုံးနိုင်ငံ ဖြစ်ကာ ရောဂါကူးစက်ခံရသူ(၅၅၃)ဦးခန့်ရှိပြီး သေဆုံးသူ(၁)ဦးခန့်ရှိကြောင်းသိရှိရပါသည်။

          မလေးရှားဝန်ကြီးချုပ် မူဟီဒင်ရာဆင်ကပြောကြားရာ၌ မလေးရှားအစိုးရအနေဖြင့် နိုင်ငံ အတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုထပ်မံမဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့အရေးပေါ်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ကြေညာချက်အရ မတ်လ(၁၈)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်တာကာလအတွင်း မလေးရှားနိုင်ငံသားများ ပြည်ပသို့ထွက်ခွာမှုအားလုံးကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်သကဲ့သို့ ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် မလေးရှားနိုင်ငံသား များကိုလည်း ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် ရောဂါခြေချုပ်ဖြင့်(၁၄)ရက်ထားရှိစောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာလှည့်ခရီးသည်များအပါအဝင် နိုင်ငံခြားသားခရီးသွား များအားလုံးကိုလည်း မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ အလားတူ နိုင်ငံတစ်ဝန်း ဘာသာရေးပွဲများ၊ အားကစားပွဲများ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာပွဲလမ်းသဘင် အခမ်းအနားပြုလုပ်မှုများအပါအဝင် အများပြည်သူပိုင်နေရာများ၌ လူစုလူဝေးနှင့်ပွဲလမ်းသဘင် ပြုလုပ်မှုများကိုလည်းတားဆီးပိတ်ပင်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်းရှိ စူပါမားကတ်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များမှလွဲ၍ ဘာသာရေးအရဝတ်ပြုဆုတောင်းသည့်နေရာများ၊ စီးပွားရေး လုပ်ငန်းများတည်ရှိရာ အဆောက်အဦဥပစာနေရာများ၊ နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများနှင့် အဆင့်မြင့်ပညာသင်ကြားရေးဌာနများအားလုံးကိုလည်း ပိတ်ထားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          မလေးရှားနိုင်ငံ၌ COVID-19 ကူးစက်ပျံ့နှံ့မှုသည် လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း ကွာလာလာမ်ပူမြို့အနီးရှိ ဆရီပီတာလင်ဗလီ၌ အစ္စလာမ်ဘာသာဝင်(၁၆,၀၀၀)ခန့်လာရောက်စုရုံး ခဲ့သည့် ဘာသာရေးစုရုံးပွဲမှ စတင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီး အက်ဟန်ဘာဘာကပြောကြားခဲ့ကြောင်း၊ အဆိုပါဗလီမှအစပြုခဲ့သော ရောဂါပျံ့နှံ့မှုသတင်းကြောင့် စင်ကာပူနိုင်ငံတွင်ဗလီများ၌ လူသူစုရုံး၍ ဝတ်ပြုဆုတောင်းခြင်းကိုမတ်လ(၂၆)ရက်နေ့အထိ တားမြစ် ပိတ်ပင်ထားကြောင်း သိရှိရပါသည်။

          မလေးရှားအစိုးရမှ ထုတ်ပြန်ခဲ့သည့် ခရီးသွားလာမှုဆိုင်ရာတားမြစ်မိန့်ကြောင့် စင်ကာပူနှင့် မလေးရှားနိုင်ငံအကြား နေ့စဉ်လူ(၃)သိန်းခန့် ပုံမှန်ဖြတ်သန်းသွားလာနေမှုမှာ ရပ်တန့်သွားခဲ့ပြီး စင်ကာပူနိုင်ငံဘက်သို့ စားသောက်ကုန်ပစ္စည်းဝင်ရောက်မှုများနှင့် မလေးရှားအထွေထွေလုပ်သားများ ဝင်ရောက်မှုတို့မှာ ရပ်ဆိုင်းသွားမည်ဖြစ်သည့်အတွက် စင်ကာပူနိုင်ငံအနေဖြင့် အခက်အခဲများ ကြုံတွေ့ဖွယ်ရှိကြောင်း၊ သို့သော် စင်ကာပူနိုင်ငံကုန်သွယ်ရေးဝန်ကြီး ချန်ချန်ဆင်းကမူ စင်ကာပူနိုင်ငံအနေဖြင့် အခြေခံစားသောက်ကုန်အပါအဝင် အရေးပါသောကုန်စည်များအား (၂)လစာခန့် အရန်သင့်သိုလှောင် ထားပြီးဖြစ်သောကြောင့် စားနပ်ရိက္ခာပြတ်လပ်မည့်ပြဿနာကို စိုးရိမ်ပူပန်စရာမလိုကြောင်းနှင့် လိုအပ်ပါက ဩစတြေးလျနိုင်ငံအပါအဝင် အချို့သောနိုင်ငံများထံမှ ဟင်းသီးဟင်းရွက်နှင့်ကြက်ဥများကို ဝယ်ယူတင်သွင်းသွားမည်ဖြစ်ကြောင်း၊ အလုပ်သမားလိုအပ်ချက်ဖြစ်ပေါ်လာပါကလည်း ဖြေရှင်းပေးရန် အတွက် စင်ကာပူနိုင်ငံရှိစီးပွားရေးအဖွဲ့အစည်းများက အသင့်ပြင်ထားသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်သည် မတ်လ(၁၆)ရက်တွင် သတင်း ဌာနများနှင့်တွေ့ဆုံခန်း၌ COVID-19 ပြဿနာသည် ၁၉၉၇ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အာရှငွေကြေး အကျပ်အတည်းပြဿနာထက်ကမ္ဘာ့စီးပွားရေးကိုပိုမိုထိခိုက်စေနိုင်သည်ဟု သတိပေးပြောကြားခဲ့ကြောင်း၊ လက်ရှိအချိန်၌ မလေးရှားဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်သည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော မူဟီဒင်ရာဆင်သည် မလေးရှားနိုင်ငံ၏စီးပွားရေးကျဆင်းမှုမရှိစေရန်အတွက် အမေရိကန် ဒေါ်လာ(၄.၇)ဘီလီယံခန့်သုံးစွဲမည့် စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများကို လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း ဖော်ပြပါရှိပါသည်။