ဘင်္ဂါလီဒုက္ခသည်များတောင်းဆိုလျက်ရှိသည့် နိုင်ငံသားဖြစ်ခွင့်ပေးရေးသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်သောကြောင့် အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့ နေရပ်ပြန်ရေးလုပ်ငန်းစဉ် စတင်မည့်ရက်သတ်မှတ်ပေးမည်မဟုတ်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောကြားခဲ့မှု

ဘင်္ဂါလီဒုက္ခသည်များတောင်းဆိုလျက်ရှိသည့် နိုင်ငံသားဖြစ်ခွင့်ပေးရေးသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်သောကြောင့် အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့ နေရပ်ပြန်ရေးလုပ်ငန်းစဉ် စတင်မည့်ရက်သတ်မှတ်ပေးမည်မဟုတ်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောကြားခဲ့မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များတောင်းဆိုလျက်ရှိသည့် မြန်မာနိုင်ငံသား ဖြစ်ခွင့်ပေးရေးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်သာ သက်ဆိုင်သည့်ကိစ္စဖြစ်သည့် အတွက် အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့နေရပ်ပြန်ရေးနှင့်ပတ်သက်၍ ရက်အတိအကျအား သတ်မှတ် ပေးနိုင်မည် မဟုတ်ဘဲ အဆိုပါဒုက္ခသည်များလိုအပ်သော အကူအညီအထောက်အပံ့များကိုသာ ကူညီပေးရန် အသင့်ရှိသည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာရစ်ရှ်နန်က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံ၏ လွှတ်တော်အစည်းအဝေးအတွင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာ၌ မြန်မာနိုင်ငံမှစွန့်ခွာထွက်ပြေးခဲ့သော ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေးလုပ်ငန်းစဉ် မစတင်မီ ၎င်းတို့၏ နေရပ်ပြန်ရေးနှင့်ပတ်သက်၍ မိမိသဘောဆန္ဒအလျောက် လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိစွာပြန်နိုင်ရေးအတွက် ယုံကြည်စိတ်ချရလောက်သော အခြေအနေများရှိရန်လိုအပ် ကြောင်း၊ သို့သော် အဆိုပါဘင်္ဂါလီဒုက္ခသည်များသည် ၎င်းတို့အားမြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအခွင့်အရေးများပေးအပ်ရန်နှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ ပေးအပ်ရန်တောင်းဆိုလျက်ရှိသောကြောင့် ၎င်းတို့၏တောင်းဆိုချက်များသည် စင်ကာပူနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့အပေါ်များစွာ အခက်အခဲဖြစ်စေကြောင်း၊ ထို့ကြောင့် အဆိုပါ ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေးလုပ်ငန်းစဉ်စတင်နိုင်မည့် ရက်အတိအကျသတ်မှတ်ပေးရန်မှာ ဖြစ်နိုင်မည်မဟုတ်ဘဲ အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍနှင့် ပညာသင်ကြားရေးကဏ္ဍများအတွက် လိုအပ်သည့်အကူအညီများကို ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ဘာသာပေါင်းစုံအတူယှဉ်တွဲနေထိုင်နိုင်ရေး တိုးတက်ဖြစ်ပေါ်စေရန် အထောက် အကူပြုပေးသွားမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့်ပေးရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်သောကြောင့် အာဆီယံအဖွဲ့အနေဖြင့်ကြားဝင် ဆုံးဖြတ်ချက်ချမှတ် ပေး၍မရဘဲ မိမိတို့အနေဖြင့်လည်း မြန်မာနိုင်ငံအား အတိုက်အခံပြုလုပ်ကာ ကြားဝင်ညှိနှိုင်း​ဆွေးနွေးမှုများ ပြုလုပ်ပေး၍မရနိုင်ကြောင်း၊ ထို့ပြင် နိုင်ငံသားဖြစ်ခွင့်ပေးရေးသည် နိုင်ငံတစ်နိုင်ငံ ၏အခြေခံကျသောနိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်တစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့် အသက်သွေးကြောလည်းဖြစ်ကာ ဘင်္ဂါလီများအား မြန်မာ နိုင်ငံသားဖြစ်ခွင့်ပေးရေးကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့အတွင်း အလေးအနက်ထားဆွေးနွေး သွားမည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေးနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ အတွင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အကြား သဘောတူညီမှုရရှိခဲ့သော်လည်း ကုလသမဂ္ဂအပါအဝင် အကူအညီပေးရေးအဖွဲ့များက လုံခြုံစိတ်ချမှုမရှိသောကြောင့် ကန့်ကွက်ခဲ့ ကြပြီး ဒုက္ခသည်စခန်းများအတွင်း ဆန္ဒပြကန့်ကွက်မှုများဖြစ်ပေါ်ကာ ရပ်ဆိုင်းထားခဲ့ရကြောင်း၊ ဒုက္ခသည်များ၏ ဘဝပြန်လည်ထူထောင်နိုင်ရေးသည် ၎င်းတို့နေရပ်ပြန်နိုင်ရေးအပေါ် မူတည် လျက်ရှိရာ အာဆီယံအဖွဲ့အနေဖြင့် ဘင်္ဂါလီဒုက္ခသည်များ သဘောဆန္ဒအလျောက် လုံခြုံစိတ်ချစွာ ဖြင့်နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သောကူညီထောက်ပံ့မှုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ သို့သော် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသည့် မြန်မာ့တပ်မတော်နှင့် ရခိုင်သောင်းကျန်းသူအဖွဲ့ (AA)တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးလုပ်ငန်းများကိုရွှေ့ဆိုင်းထားရသည့်အတွက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး အနေဖြင့် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍လည်း အလေးပေးပြောကြားသွားမည်ဖြစ်သည်ဟုသိရှိရပါသည်။

ရည်ညွှန်း www.straitstimes.com

အိန္ဒိယနိုင်ငံ၏ ပြည်ပမှ ရွှေတင်သွင်းမှုပမာဏမှာ လွန်ခဲ့သည့် ဇန်နဝါရီလအတွင်း ၆၀% ကျော် မြင့်တက်ခဲ့ပြီး ဆက်လက်၍လည်း မြင့်တက်လာနိုင်သည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်း ထားမှု

အိန္ဒိယနိုင်ငံ၏ ပြည်ပမှ ရွှေတင်သွင်းမှုပမာဏမှာ လွန်ခဲ့သည့် ဇန်နဝါရီလအတွင်း ၆၀% ကျော် မြင့်တက်ခဲ့ပြီး ဆက်လက်၍လည်း မြင့်တက်လာနိုင်သည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်း ထားမှု

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလအတွင်းအိန္ဒိယနိုင်ငံ၏ပြည်ပမှ ရွှေတင်သွင်းမှုပမာဏမှာ ယမန် နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၆၀% ကျော်မြင့်တက်ခဲ့ပြီး ဆက်လက်၍လည်း မြင့်တက် လာဖွယ်ရှိသည်ဟု သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ ပြည်ပမှ ရွှေတင်သွင်းမှုပမာဏမှာ တန်ချိန်(၄၆)တန် ခန့်ရှိခဲ့ရာ ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၄% ခန့်မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်စဉ်ဇန်နဝါရီလလယ်ပိုင်းမှ မတ်လကုန်အထိကာလနှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိကာလသည် အိန္ဒိယနိုင်ငံ၏ လက်ထပ်ထိမ်းမြားရာသီကာလဖြစ်ကြောင်း၊ ယခုအခါ အဆိုပါဇန်နဝါရီလလယ်ပိုင်းမှ မတ်လကုန်အထိကာလဖြစ်သော လက်ထပ်ထိမ်းမြားရာသီကာလသို့ ကျရောက်လျက်ရှိရာ လက်ထပ်ထိမ်းမြားရာတွင် သတို့သမီး အဆင်တန်ဆာအဖြစ်ဖြစ်စေ၊ လက်ဆောင်အဖြစ်ပေးအပ်ရန်အတွက်ဖြစ်စေ ရွှေကိုအသုံးပြုခြင်း၊ ပေးအပ်ခြင်းသည် ကောင်းသော အတိတ်နိမိတ်များ၊ ကောင်းခြင်းမင်္ဂလာများကို ဖြစ်ပေါ်စေသည်ဟု အိန္ဒိယပြည်သူများက ယူဆ ထားကြခြင်းနှင့်အတူ  ရွှေဝယ်ယူမှုများပြုလုပ်လေ့ရှိသည့်ကာလဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယ နိုင်ငံရှိ ရွှေထည်လုပ်ငန်းရှင်များသည် ဖြစ်ပေါ်လာမည့် ပြည်တွင်းရွှေဝယ်လိုအားကို ပြည့်မီစွာ ရောင်းချနိုင်ရေးအတွက် ရွှေဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာကြသည့်အတွက်  လွန်ခဲ့သည့် ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ရွှေတင်သွင်းမှုမှာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲများကို လာမည့် မေလတွင် ကျင်းပမည်ဖြစ်ပြီး ယင်းကာလ မတိုင်မီတွင် မဲဆွယ်စည်းရုံးသည့်အနေဖြင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် နိုင်ငံအတွင်းရှိ သန်းပေါင်း(၁၂၀)ခန့်ရှိသော လယ်သမားများအား ရူပီးငွေ ၇၅၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၀.၆ ဘီလီယံ) ပမာဏအားထောက်ပံ့ကြေးအဖြစ် ပေးအပ်သွားမည်ဖြစ်သည့်အပြင် ရူပီးငွေ(၁၈၅)ဘီလီယံ ပမာဏကိုလည်း အခွန်သက်ညှာခွင့်ပေးသွားမည်ဟု ကြေညာခဲ့ခြင်းနှင့်အတူ ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်နေ့သည် အိန္ဒိယနိုင်ငံ၌ ဟိန္ဒူဘာသာဝင်များ နှင့် ဂျိမ်းဘာသာဝင်များ၏ နှစ်စဉ်ရိုးရာနွေဦး ပွဲတော်(Akshaya Tritiya)နေ့ရက်ဖြစ်ပြီး အဆိုပါ ပွဲတော်ရက်တွင် ရွှေအပါအဝင် အခြားမည်သည့် အဖိုးတန်ပစ္စည်းများကိုမဆိုဝယ်ယူပါက မည်သည့်အခါမျှပျက်စီးဆုံးရှုံးခြင်း မရှိဟု ၎င်းဘာသာဝင် များက အယူရှိထားကြသည့်အတွက် ရွှေဝယ်လိုအားများပြားလာစေလိမ့်မည်ဟူသော ယူဆချက်များ နှင့်အတူ အိန္ဒိယနိုင်ငံ၏ ပြည်ပမှရွှေတင်သွင်းမှုကို ဆက်လက်မြင့်တက်စေနိုင်လိမ့်မည်ဟု အိန္ဒိယ ရွှေဈေးကွက် လေ့လာသူများက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.businessstandard.com

ထမနဲထိုးပွဲကျင်းပပြုလုပ်ခြင်း

ထမနဲထိုးပွဲကျင်းပပြုလုပ်ခြင်း

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နေ့လည်(၀၂:၀၀)နာရီ တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဦးစီးဌာနချုပ်ရုံး မိသားစုထမနဲထိုးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနအလိုက် ဝန်ထမ်းများမှ ပျော်ရွှင်စွာ ထမနဲထိုးခဲ့ကြပြီး ဝန်ထမ်းမိသားစုများအား တပျော်တပါး ဝေငှပေးခဲ့ကြပါသည်။