ဝန်ကြီးချုပ်ဟောင်း သက်ဆင်အားထောက်ခံသော ပွေထိုင်းပါတီသည် Future Forward ပါတီ ခေါင်းဆောင်သာနက်သွန်အား ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းရန်စီစဉ်လျက်ရှိမှု

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အားထောက်ခံသော ပွေထိုင်းပါတီအနေဖြင့် ရွေးကောက်ပွဲအတွင်း အနိုင်ရရှိခဲ့မည်ဆိုပါက ဝန်ကြီးချုပ်အဖြစ်ခန့်အပ်နိုင်ရေးအတွက် ဝန်ကြီးချုပ်လောင်း အမည်စာရင်းတင်သွင်းရန် ကမ်းလှမ်းခဲ့သည်ဟု Future Forward ပါတီခေါင်းဆောင်လူငယ် နိုင်ငံရေး သမားဖြစ်သူ သာနက်သွန်ဂျန်ရွန်ရန်ကစ်က ယခုရက်ပိုင်းအတွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သာနက်သွန်ဂျန်ရွန်ရန်ကစ် (အသက်၄၁နှစ်) က ယခုရက်ပိုင်း ထုတ်လွှင့်ပြသခဲ့သည့် ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Thai Rath TV အစီအစဉ်မှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အမတ်အဖြစ်သာ တာဝန်ထမ်းဆောင်လိုသည့် ပွေထိုင်းပါတီဥက္ကဌဖြစ်သူ ခွန်ရင်းဆူဒါ ရက်ကီရာဖန်မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကာ သာနက်သွန်ဂျန်ရွန်ရန်ကစ်အနေဖြင့် ဝန်ကြီးချုပ်နေရာအားရယူလို၍ ပွေထိုင်းပါတီနှင့် ယခုကဲ့သို့ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် ပူးပေါင်းခဲ့ခြင်းမဟုတ်သည့်အတွက် ကမ်းလှမ်းလာမှုအပေါ် လတ်တလော၌ စဉ်းစားလျက်ရှိကြောင်း၊ အဆိုပါကမ်းလှမ်းမှုသည် ပွေထိုင်းပါတီ၏ မဲဆန္ဒနယ်အမတ်နေရာအများအပြားရရှိထားသောပဏာမရလဒ် ထွက်ပေါ်အပြီးတွင် ပွေထိုင်းပါတီမှ ယခုကဲ့သို့ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပွေထိုင်းပါတီသည် ဝန်ကြီးချုပ်နေရာအတွက် အရန်အဖြစ်အမည်စာရင်း (၃) ခုအားတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်ထံသို့ ပေးပို့ထားသည့် ဝန်ကြီးချုပ်နေရာအတွက် အမည်စာရင်းတွင် ဒုတိယမြောက်အမည်စာရင်း၌ ပွေထိုင်းပါတီဥက္ကဌ ခွန်ရင်းဆူဒါရက်ကီရာဖန်နှင့် တတိယမြောက်အမည်စာရင်း၌ ပွေထိုင်းပါတီဝင်ချိုင်ကာဆမ်နစ်တီဆီရီတို့ဖြစ်ပြီး အခြားတစ်ဦးမှာ ပွေထိုင်းပါတီမှ ချာချတ်ဆစ်တီပွန့်အားအရန်အဖြစ် တင်သွင်းထားသည်ဟု သိရှိရပါသည်။

အလားတူပွေထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် Future Forward အပါအဝင် နိုင်ငံရေးပါတီ (၇) ခုတို့နှင့်ပူးပေါင်းသွားမည်ဟု ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာထားကြောင်း၊ လတ်တလောအခြေအနေ၌ ထိုင်းရွေးကောက်ပွဲကော်မရှင်သည် ပါတီအားအစွဲပြုသည့် ပဏာမ အမတ်ဦးရေစာရင်းအား ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း မဲဆန္ဒနယ်အားအစွဲပြုသည့် ပဏာမအမတ်ဦးရေစာရင်း၌ ပွေထိုင်းပါတီမှ အမတ်နေရာ (၁၃၇) နေရာဖြင့် ဦးဆောင်လျက်ရှိသည်ဟု သိရှိရပါသည်။

သို့သော် ထိုင်းရွေးကောက်ပွဲကော်မရှင်သည် ဆန္ဒမဲအရေအတွက် ၁၀၀% အား ရေတွက် ပြီးစီးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ (၂၈) ရက်တွင် မဲအရေအတွက်ပဏာမရလဒ်စာရင်းအား ထုတ်ပြန်ကြေညာခဲ့ရာ ပယ်လန်းပရာချာရက်ပါတီ (PPRP) မှ ဆန္ဒမဲအရေအတွက် (၈.၄) သန်းဖြင့်ဦးဆောင်ခဲ့ပြီး ပွေထိုင်းပါတီမှ (၇.၉) သန်းရရှိခဲ့ကြောင်း၊ အဆိုပါပမာဏအရ မူလဆန္ဒမဲအရေအတွက်၏ ၉၄%  အားရေတွက်ထားသည့် ရလဒ်ထက် PPRP ပါတီ၏မဲအရေအတွက်မှာ ပိုမိုများပြားခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်အရေအတွက်မှာ (၃၈.၃) သန်းရှိကာ ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားမှု (၁၈၆) မှုအထိရှိခဲ့ကြောင်း၊ အဆိုပါ ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ထွက်ပေါ်ပြီး နောက်တွင် မဲအရေအတွက်အသာစီးရရှိထားသည့် PPRP ပါတီသည် တိုင်ကြားချက်များနှင့် ပတ်သက်၍ ကြားနာမှုအခြေအနေအား စောင့်ကြည့်သွားမည်ဖြစ်ကာ အဆိုပါထုတ်ပြန်ထားသည့် အမတ်အရေအတွက်နှင့်ပတ်သက်၍ အချိန်မရွေးပြောင်းလဲသွားနိုင်သည့်အတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရာ၌ ပွေထိုင်းပါတီနှင့်အပြိုင် အဆောတလျင်လုပ်ဆောင်သွားမည်မဟုတ်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်းဖြင့် www.bangkokpost.com တွင်ဖော်ပြပါရှိပါသည်။