ဟော်မို့စ်ရေလက်ကြားတွင် အီရန်မောင်းသူမဲ့လေယာဉ်အား အမေရိကန်ရေတပ်ကပစ်ချခဲ့ခြင်းနှင့် ဗြိတိန် ရေနံတင်သင်္ဘောတစ်စီးအား အီရန်ရေတပ်ကဖမ်းဆီးခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့ရေနံစေျးနှုန်းများ မြင့်တက်သွားခဲ့မှု

ဟော်မို့စ်ရေလက်ကြားတွင် အီရန်မောင်းသူမဲ့လေယာဉ်အား အမေရိကန်ရေတပ်ကပစ်ချခဲ့ခြင်းနှင့် ဗြိတိန် ရေနံတင်သင်္ဘောတစ်စီးအား အီရန်ရေတပ်ကဖမ်းဆီးခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့ရေနံစေျးနှုန်းများ မြင့်တက်သွားခဲ့မှု

          အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စီးသည် ဟော်မို့စ်ရေလက်ကြားအတွင်း၌ ပျံသန်းနေသည့် အီရန်တပ်မတော်ပိုင် မောင်းသူမဲ့လေယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ(၁၈)ရက်နေ့တွင် ပစ်ချခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ ကြေညာချက်၌ ပါရှန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဟု ကြေညာထားပြီး ဗြိတိန်အစိုးရကလည်း ပါရှန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောများ၏ လုံခြုံရေးကို ကာကွယ်ပေးမည်ဟု ကြေညာခဲ့ကြောင်း၊ ဗြိတိန်အစိုးရ၏ ကြေညာချက်ထွက်ပေါ်ပြီးနောက် ဇူလိုင်လ(၁၉)ရက် (သောကြာနေ့)တွင် ဟော်မို့စ်ရေလက်ကြားအတွင်း မောင်းနှင်းနေသည့် ဗြိတိန်ရေနံတင် သင်္ဘောတစ်စီးအား အီရန်ရေတပ်က ဖမ်းဆီးခဲ့သည့်အတွက် အီရန်နိုင်ငံနှင့်အနောက်နိုင်ငံများအကြား တင်းမာမှုပိုမိုမြင့်တက်လာပြီး အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေအပေါ် စိုးရိမ် ပူပန်မှုများနှင့်အတူ ကမ္ဘာ့ရေနံစေျးနှုန်းများမြင့်တက်သွားခဲ့ကြောင်းသိရှိရပါသည်။

          ထို့အပြင် အမေရိကန်ဗဟိုဘဏ်အနေဖြင့် စီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် ဘဏ်တိုးနှုန်းကို လျှော့ချ၍ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းစေရန် လုပ်ဆောင်မည့်သတင်းများ ထွက်ပေါ်နေခြင်းသည်လည်း ရေနံစေျးနှုန်းများကိုမြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်(စနေနေ့)တွင် နယူယောက်စေျးကွက်၌ WTI ရေနံစိမ်း တစ်စည်၏ စေျးနှုန်းမှာ (၀.၆)% မြင့်တက်ပြီး တစ်စည်လျှင်အမေရိကန်ဒေါ်လာ(၅၅.၆၃)ဖြင့်လည်းကောင်း၊ ဘရန့်ရေနံစိမ်းတစ်စည်၏စေျးနှုန်းမှာ (၀.၆)% မြင့်တက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၂.၅၉)ဖြင့်လည်းကောင်း အသီးသီးစေျးပိတ်သွားခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အမေရိကန်သမ္မတသည် ဘဏ်တိုးနှုန်းအား အခြားအင်အားကြီးနိုင်ငံများ၏ ဘဏ်တိုးနှုန်းများနှင့် ကွာဟခြင်းမရှိအောင်လျှော့ချရန် ဆန္ဒရှိသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အချိန်အတန်ကြာ အားပျော့ဖွယ်ရှိမှု

အမေရိကန်သမ္မတသည် ဘဏ်တိုးနှုန်းအား အခြားအင်အားကြီးနိုင်ငံများ၏ ဘဏ်တိုးနှုန်းများနှင့် ကွာဟခြင်းမရှိအောင်လျှော့ချရန် ဆန္ဒရှိသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အချိန်အတန်ကြာ အားပျော့ဖွယ်ရှိမှု

          လက်ရှိအချိန်၌ အမေရိကန်ပြည်ထောင်စု၏ဘဏ်တိုးနှုန်းနှင့် အခြားစီးပွားရေးအင်အားကြီးနိုင်ငံများ၏  ဘဏ်တိုးနှုန်းများမှာ များစွာကွာဟမှုဖြစ်နေသည့်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဘဏ်တိုးနှုန်းကို မဖြစ်မနေလျှော့ချရန် စီစဉ်မည်ဖြစ်ရာ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကာလအတန်ကြာ အားပျော့နေလိမ့်မည်ဟု ကမ္ဘာကျော်ဆွစ်ဇာလန်ဘဏ်လုပ်ငန်းကြီးဖြစ်သည့် Credit Suisse က ယခုရက်ပိုင်းအတွင်း ခန့်မှန်းခဲ့ကြောင်းသိရှိရပါသည်။

          လက်ရှိအမေရိကန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၂.၅၀% ဖြစ်နေချိန်တွင် ဥရောပသမဂ္ဂဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၀.၀၀% ၊ အင်္ဂလန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၀.၇၅% ၊ ဩစတြေးလျ ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၁% ၊ ကနေဒါဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၁.၇၅% ၊ ဂျပန်ဗဟို ဘဏ်၏ ဘဏ်တိုးနှုန်းမှာ အနုတ် ၀.၁၀% ၊ ဆွစ်ဇာလန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ အနုတ် ၀.၇၅% အသီးသီးဖြစ်ပေါ်လျက်ရှိရာ စက်မှုအင်အားကြီးနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၏ ဘဏ်တိုးနှုန်းမှာ အများဆုံးဖြစ်နေကြောင်း၊ ဘဏ်တိုးနှုန်းသည် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထား အပေါ်၌ အဓိကသက်ရောက်လျက်ရှိကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးပြန်လည် အားကောင်းစေရန်အတွက် ဘဏ်တိုးနှုန်းကို အခြားအင်အားကြီး နိုင်ငံများနှင့် ကွာဟမှုမရှိအောင် လျှော့ချရန်ဆန္ဒရှိပြီး ဘဏ်တိုးနှုန်းလျှော့ချမှု နောက်ဆက်တွဲဂယက်ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့သွားပါက ကမ္ဘာ့နိုင်ငံများနှင့်ကုန်သွယ်ရေးကဏ္ဍတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် အသာစီးရရှိလိမ့်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

          ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းစေရန်အတွက် အစိုးရက ငွေကြေးဈေးကွက်အတွင်းသို့ ဝင်ရောက်စွက်ဖက်သည့် နည်းလမ်းမျိုးစုံကို အသုံးပြုနိုင်သည်ဖြစ်ရာ အဆိုပါနည်းလမ်းများတွင် ဗဟိုဘဏ်ရှိ အမေရိကန်ဒေါ်လာ အများအပြားအား ဈေးကွက်အတွင်းသို့ရောင်းချပေးရန် ဗဟိုဘဏ်တာဝန်ရှိသူများအား တောင်းဆိုခြင်း၊ ဘဏ်တိုးနှုန်းကို နိမ့်နိုင်သမျှအနိမ့်ဆုံးအနေအထားသို့ လျှော့ချရန် ဗဟိုဘဏ်တာဝန်ရှိသူများအပေါ် ဖိအားပေးခြင်းနှင့်လူမှုကွန်ရက်များ၊ မိန့်ခွန်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းအောင် နှပ်ကြောင်းပေး ပြောဆိုခြင်းအစရှိသည့် နည်းလမ်းများကို အသုံးပြုဖွယ်ရှိကြောင်း၊ ဒေါ်နယ်ထရန့်အနေဖြင့် နောက်ဆုံးစီစဉ်ထားသည့် နည်းလမ်းမှာ ဘဏ်တိုးနှုန်းလျှော့ချရန် စိတ်အားထက်သန်သည့် ငွေကြေးမူဝါဒ ပညာရှင်နှစ်ဦးအား ဗဟိုဘဏ်ကော်မတီအတွင်း၌ တာဝန်ပေးအပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်နှစ်ဦး၏ ပံ့ပိုးမှုကိုရယူ၍ အမေရိကန်ဒေါ်လာတန်ဖိုးကို မကျကျအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

          သမ္မတဒေါ်နယ်ထရန့်သည် လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း Twitter စာမျက်နှာများပေါ်၌ အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့်ဥရောပသမဂ္ဂတို့အား နမူနာယူ၍ အမေရိကန် ဒေါ်လာ ငွေကြေးတန်ဖိုးအား ဖြစ်သင့်ဖြစ်ထိုက်သည့် အနေအထားအောက်သို့ တမင်နှိမ့်ချထားခြင်းနှင့် အမေရိကန်ဒေါ်လာအများအပြားအား ကမ္ဘာ့ငွေဈေးကွက်အတွင်းသို့ ဖြည့်တင်းပေးခြင်းအစရှိသည့် နည်းလမ်း များကို အသုံးပြုပြီး ကုန်သွယ်ရေးစစ်ပွဲ၌ အနိုင်ရရှိအောင်ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကာလအတန်ကြာအထိ ကျဆင်းနေ လိမ့်မည်ဟု Credit Suisse က သုံးသပ်ထားကြောင်း  www.poundsterlinglive.com  အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ဝန်ကြီးချုပ် ပရာယုချန်အိုချာဦးဆောင်သည့်ထိုင်းအစိုးရအဖွဲ့အသစ်အား အပြည့်အဝထောက်ခံသွား မည်ဟု ထိုင်းတပ်မတော်ခေါင်းဆောင်များကကြေညာခဲ့မှု

ဝန်ကြီးချုပ် ပရာယုချန်အိုချာဦးဆောင်သည့်ထိုင်းအစိုးရအဖွဲ့အသစ်အား အပြည့်အဝထောက်ခံသွား မည်ဟု ထိုင်းတပ်မတော်ခေါင်းဆောင်များကကြေညာခဲ့မှု

                ထိုင်းတပ်မတော်ခေါင်းဆောင်များသည် ဝန်ကြီးချုပ်ပရာယုချန်အိုချာဦးဆောင်သည့် အစိုးရအဖွဲ့အသစ်အား အပြည့်အဝထောက်ခံသွားမည်ဖြစ်ပြီး ပြဿနာရပ်များကို ဖြေရှင်းရာ၌ အစိုးရမှ ချမှတ်ထားသောမူဝါဒများအတိုင်း လိုက်နာအကောင်အထည်ဖော်သွားမည်ဟု ထိုင်းတပ်မတော်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၈)ရက် (ကြာသပတေးနေ့)ကြေညာခဲ့ကြောင်း၊ ထိုင်းတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပွန်ပီပက်ဘန်ညာဆရီ၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ်ကောင်စွန်ပေါင်၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးယူချိုင်ယူဒစ်၊ လေတပ်ဦးစီးချုပ် ချိုင်ပရူယတ်ဒိုင်စာရာဆာရင်နှင့် ရဲချုပ်ချသစ်ချိုင်ဂျင်ဒါတို့သည် ထိုင်းတပ်မတာ်ဌာနချုပ်၌ အစည်းအဝေးပြုလုပ်အပြီးတွင် ယခုကဲ့သို့ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ထိုင်းတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ကရစ်ချန်သာယာနီယောင်က ပြောကြားရာ၌ တပ်မတော်အကြီးအကဲများအစည်းအဝေးတွင် လက်ရှိအစိုးရအသစ်၏ လမ်းညွှန်မှုများအတိုင်းလိုက်နာဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ တပ်မတော်သည် တိုင်းပြည်အတွက် အဓိကကျသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ နိုင်ငံတော်၊ ဘာသာရေး၊ ဘုရင်စနစ်နှင့်ပြည်သူပြည်သားများကို ဆက်လက် အကာအကွယ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ထိုင်းအစိုးရအဖွဲ့သည် ယခုရက်ပိုင်းအတွင်းကျင်းပခဲ့သည့် အစိုးရအဖွဲ့ဝန်ကြီးများ ပထမဆုံးအကြိမ် အစည်းအဝေး၌ အစိုးရအဖွဲ့၏ ပထမသက်တမ်း (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ရမည့် မူဝါဒ (၁၂) ခုကို ဆွေးနွေးခဲ့ရာ အဆိုပါမူဝါဒများတွင် ထိုင်းနိုင်ငံတစ်ဝန်း၌ အနိမ့်ဆုံးအခြေခံလုပ်အားခ နှုန်းထားသတ်မှတ်ချက်ကို တစ်နေ့လျှင် ဘတ်(၄၀၀)သို့တိုးမြင့်သတ်မှတ်ရေး၊ ဆေးခြောက်အား ဆေးဝါကုသရေးဆိုင်ရာကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် ဥပဒေဖြေလျော့မှုများပြုလုပ်ပေးခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်ပြင်ဆင်ရေးတို့ပါဝင်ကြောင်း၊ အဆိုပါ မူဝါဒများသည် ဝန်ကြီးချုပ် ပရာယုချန်အိုချာအနေဖြင့် ညွှန့်ပေါင်းအစိုးရအဖွဲ့တွင်ပါဝင်သော နိုင်ငံရေးပါတီများ၏တောင်းဆိုမှုကို အခြေခံ၍ မူဝါဒချမှတ်ပေးရခြင်းဖြစ်ကြောင်း  www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အမေရိကန်ဗဟိုဘဏ်ကော်မတီဝင်အများစုက ဘဏ်တိုးနှုန်းကို အများအပြားလျှော့ချရန် စီစဉ်နေ သည်ဟူသော သတင်းများထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရွှေစေျးနှုန်းမှာ မြင့်တက်လာခဲ့မှု

အမေရိကန်ဗဟိုဘဏ်ကော်မတီဝင်အများစုက ဘဏ်တိုးနှုန်းကို အများအပြားလျှော့ချရန် စီစဉ်နေ သည်ဟူသော သတင်းများထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရွှေစေျးနှုန်းမှာ မြင့်တက်လာခဲ့မှု

အမေရိကန် ဗဟိုဘဏ်သည် ငွေကြေးမူဝါဒဆိုင်ရာအစည်းအဝေးကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လကုန်ပိုင်း၌ ကျင်းပမည်ဖြစ်ရာ အဆိုပါအစည်းအဝေးတွင် ဘဏ်တိုးနှုန်းအား၀.၂၅% သို့မဟုတ် ၀.၅% လျှော့ချဖွယ်ရှိကြောင်း၊ ဗဟိုဘဏ်ကော်မတီဝင်တစ်ဦးဖြစ်သူ နယူးယောက်ဘဏ်ဥက္ကဌ ဂျွန်ဝီလီယံက ဗဟိုဘဏ် ကော်မတီဝင်အများစုသည် အမေရိကန်ပြည်ထောင်စု၏စီးပွားရေးအခြေအနေအပေါ် စိုးရိမ်ပူပန်နေသည့်အတွက် ဘဏ်တိုးနှုန်းကို တတ်နိုင်သမျှအနိမ့်ဆုံးနှုန်းထားသို့ အမြန်ဆုံးလျှော့ချရန် စဉ်းစားနေကြသည်ဟု  ဇူလိုင်လ(၁၈)ရက် (ကြာသပတေးနေ့)တွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်တွင် ကမ္ဘာပေါ်ရှိ သတင်းဌာနများ၏ ကမ္ဘာ့ငွေကြေးစေျးကွက်အတွင်း စစ်တမ်းကောက်ယူမှုများအရ ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းအား ၀.၅% အထိလျှော့ချလိမ့်မည်ဟု ခန့်မှန်းထားသူ များပြားနေသည့်အတွက် ကမ္ဘာ့ရွှေစေျးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

          ထို့ပြင် အမေရိကန်အစိုးရက ဇူလိုင်လ(၁၇)ရက် (ဗုဒ္ဓဟူးနေ့)၌ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် နိုင်ငံတစ်ဝန်းအိမ်ရာဆောက်လုပ်ရေးဆိုင်ရာ စာရင်းအချက်အလက်များ၌ နိုင်ငံတစ်ဝန်း အိမ်ရာဆောက်လုပ်မှုအနေအထားသည် ဇွန်လအတွင်း၌ ၀.၉% ကျဆင်းခဲ့ပြီး အိမ်ရာဆောက်လုပ်ရေး ကဏ္ဍမှာ (၂)နှစ်တာကာလအတွင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေကြောင်း ဖော်ပြထားခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို ကျဆင်းစေကာ ကမ္ဘာ့ရွှေစေျးနှုန်းကို အားကောင်းစေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ကမ္ဘာ့ရွှေစေျးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း၌ ၁% မြင့်တက်ခဲ့ပြီး ဇူလိုင်လ(၁၉)ရက် (သောကြာနေ့)တွင် (၆)နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၃၉.၃၀)အထိ ရောက်ရှိခဲ့ကြောင်း၊ သို့သော်အမြတ်အစွန်းရလိုမှုဖြင့် ပြန်လည်ရောင်းချသူ များပြားခဲ့သည့်အတွက် စေျးအနည်းငယ်ကျဆင်းသွားခဲ့ပြီး ဇူလိုင်လ(၂၀)ရက်(စနေနေ့)နံနက်ပိုင်းတွင် နယူးယောက်စေျးကွက်၌ တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ(၁၄၂၅.၇၀)ဝန်းကျင်၌ ဖြစ်ပေါ်လျက် ရှိကြောင်း www.kitco.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

(မှတ်ချက်။ အမေရိကန်ဗဟိုဘဏ်၏ လက်ရှိဘဏ်တိုးနှုန်းမှာ ၂.၅၀ % ဖြစ်ကြောင်း သိရှိရပါသည်။)

တရုတ်နိုင်ငံ၏ ၂၀၁၉ ခုနှစ်၊ ဒုတိယ(၃)လပတ် စီးပွားရေးတိုးတက်မှုနှုန်းမှာ မျှော်မှန်းထားသကဲ့သို့ ဆိုးဝါးခြင်းမရှိသောကြောင့် တရုတ်စတော့ရှယ်ယာတန်ဖိုးနှင့်ယွမ်ငွေတန်ဖိုးမှာမြင့်တက်သွားခဲ့မှု

တရုတ်နိုင်ငံ၏ ၂၀၁၉ ခုနှစ်၊ ဒုတိယ(၃)လပတ် စီးပွားရေးတိုးတက်မှုနှုန်းမှာ မျှော်မှန်းထားသကဲ့သို့  ဆိုးဝါးခြင်းမရှိသောကြောင့် တရုတ်စတော့ရှယ်ယာတန်ဖိုးနှင့်ယွမ်ငွေတန်ဖိုးမှာမြင့်တက်သွားခဲ့မှု

          တရုတ်အစိုးရက၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်(တနင်္လာနေ့)တွင် ထုတ်ပြန်သည့် စီးပွားရေး အစီရင်ခံစာ၌ တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်၊ ပထမ(၃)လတာကာလ၌ ၆.၄% ရှိခဲ့ရာမှ ဒုတိယ(၃)လတာကာလ၌မူ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲ အရှိန်အဟုန် မြင့်တက်လာမှုဂယက်ကြောင့် ၆.၂% သို့ကျဆင်းခဲ့ကြောင်း၊ အဆိုပါတိုးတက်မှုနှုန်းသည်(၂၇)နှစ်တာ ကာလအတွင်းအနည်းဆုံးအနေအထားဖြစ်သော်လည်းကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်အစိုးရက မျှော်မှန်းထားသည့် အဆိုးဝါးဆုံးအနေအထားကို ရောက်ရှိခဲ့ခြင်းမရှိသေးဟု ဖော်ပြထားကြောင်း၊ တရုတ်အစိုးရ၏ စီးပွားရေးအစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင် အာရှဈေးကွက်အတွင်း၌ တရုတ် စတော့ရှယ်ယာတန်ဖိုးများနှင့် တရုတ်ယွမ်ငွေကြေးတန်ဖိုးတို့မှာ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်(တနင်္လာနေ့) နေ့လည်ပိုင်းတွင် တရုတ်နိုင်ငံ ဈေးကွက်အတွင်း၌ တရုတ်စတော့ရှယ်ယာတန်ဖိုးများမှာအနိမ့်ဆုံး ၀.၂၂% မှ အမြင့်ဆုံး ၁.၂၆% အထိအသီးသီးမြင့်တက် ခဲ့ကြောင်း၊ တရုတ်ယွမ်ငွေတန်ဖိုးမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက် (တနင်္လာနေ့) နံနက်ပိုင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် (၆.၈၇၉၀)ယွမ် လဲလှယ်မှုနှုန်းထားရှိခဲ့ရာမှ နေ့လည်ပိုင်း၌မူ (၆.၈၇၄၅)ယွမ် လဲလှယ်မှုနှုန်းထားသို့ အနည်းငယ်မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

        အာရှငွေကြေးဈေးကွက် လေ့လာသူများ၏ သုံးသပ်ချက်အရ စီးပွားရေးတိုးတက်မှုနှုန်း (၂၇)နှစ်တာကာလအတွင်း အနည်းဆုံးအနေအထားသို့ ရောက်ရှိသွားသော်လည်း တရုတ်ယွမ်ငွေတန်ဖိုး ကျဆင်းမသွားခြင်းမှာ တရုတ်ပြည်တွင်းစီးပွားရေးကိန်းဂဏန်းများထက် နိုင်ငံတကာဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းနေခြင်းကို ပို၍အခြေခံသည်ဟူ၍ ယူဆနိုင်ကြောင်း၊ လက်ရှိအချိန်၌ အမေရိကန်ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းကိုလျှော့ချရန် စီစဉ်နေရာ ဘဏ်တိုးနှုန်း လျှော့ချမည့်ဂယက်သည် ယွမ်ငွေအပါအဝင် အခြားနိုင်ငံတကာငွေကြေးများ၏တန်ဖိုးအပေါ်၌ များစွာ သက်ရောက်မှု ဖြစ်ပေါ်စေနိုင်သောကြောင့် ယွမ်ငွေတန်ဖိုးမှာအလွန်အမင်း ကျဆင်းဖွယ်မရှိဟု သိရှိရကြောင်း www.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

Facebook ၏ ဒီဂျစ်တယ်ငွေကြေးစီမံကိန်းကိုအလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့ပြီးနောက်တွင် Bitcoin ဈေးနှုန်းမှာ ၁၂% ခန့်ကျဆင်းသွားခဲ့မှု

Facebook ၏ ဒီဂျစ်တယ်ငွေကြေးစီမံကိန်းကိုအလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့ပြီးနောက်တွင် Bitcoin ဈေးနှုန်းမှာ ၁၂% ခန့်ကျဆင်းသွားခဲ့မှု

Bitcoin ဈေးနှုန်းသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းမှစတင်၍ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၁၃၀၀၀) ဈေးနှုန်းအထက်ဝန်းကျင်၌ အားကောင်းနေခဲ့သော်လည်း ဇူလိုင်လ (၁၁)ရက်နေ့၌ အမေရိကန်အောက်လွှတ်တော်တွင် ကျင်းပခဲ့သည့် ငွေကြေးမူဝါဒဆိုင်ရာကြားနာ စစ်ဆေးပွဲ အခမ်းအနား၌ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဂျရွန်မီပေါင်ဝယ်လ်က Facebook ၏ ဒီဂျစ်တယ်ငွေကြေးစီမံကိန်းနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်တွင် အဆမတန်ကျဆင်းသွားခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌကပြောကြားရာ၌ Libra ငေွကြေးကြောင့် ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှု၊ စားသုံးသူကာကွယ်ပေးမှုနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကိစ္စများတွင် စိုးရိမ်ပူပန်စရာ ကိစ္စများအများအပြားဖြစ်ပေါ်စေနိုင်ကြောင်း၊ Facebook အနေဖြင့် ယင်းကိစ္စများကို မဖြေရှင်းနိုင်ဘဲ ဒီဂျစ်တယ်ငွေကြေးထုတ်ဝေသည့် စီမံကိန်းကိုစတင်ရန်မဖြစ်နိုင်ကြောင်း၊  အမေရိကန် ဗဟိုဘဏ်သည် Libra ဒီဂျစ်တယ်ငေွကြေးနှင့်ပတ်သက်၍ ဆန်းစစ်မှုများပြုလုပ်နိုင်ရန်အတွက် လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းထားကြောင်း၊ အဆိုပါလုပ်ငန်းအဖွဲ့က စစ်ဆေးသုံးသပ်မှုများ ပြီးဆုံးသည့် အချိန်အထိ Facebook အနေဖြင့် Libra ငွေကြေးထုတ်ဝေမည့်ကိစ္စကို ဆိုင်းငံ့ပေးထားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ပြောကြားချက်ထွက်ပေါ်ပြီးနောက်တွင် ဒီဂျစ်တယ်ငွေကြေးများ၏ ရှေ့အလားအလာအပေါ်ရင်းနှီးမြှုပ်နှံသူများကစိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာပြီးအပြိုင်အဆိုင်ရောင်းချမှု များပြားလာသောကြောင့် Bitcoin ဈေးနှုန်းမှာ ၁၂% အထိကျဆင်းသွားခဲ့ပြီး လက်ရှိအချိန်၌ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ(၁၁၄၅၀)ဝန်းကျင်၌ ဖြစ်ပေါ်လျက်ရှိကြောင်းကို www.cnbc.com အင်တာနက် website တွင်ဖော်ပြထားရှိပါသည်။

အိန္ဒိယရူပီးငွေတန်ဖိုးတည်ငြိမ်မှုနှင့်နိုင်ငံခြားငွေကြေးအရင်းအနှီးအများအပြားဝင်ရောက်လာမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှုပမာဏမှာစံချိန်တင်မြင့်တက်လာခဲ့မှု

အိန္ဒိယရူပီးငွေတန်ဖိုးတည်ငြိမ်မှုနှင့်နိုင်ငံခြားငွေကြေးအရင်းအနှီးအများအပြားဝင်ရောက်လာမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှုပမာဏမှာစံချိန်တင်မြင့်တက်လာခဲ့မှု

အိန္ဒိယရူပီးငွေတန်ဖိုးတည်ငြိမ်မှုနှင့် နိုင်ငံခြားငွေကြေးအရင်းအနှီးအများအပြား အိန္ဒိယနိုင်ငံ အတွင်းသို့ ဝင်ရောက်လာမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှုပမာဏမှာ စံချိန်တင်မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်းထုတ်ပြန်သည့်အစီရင်ခံစာတွင်၂၀၁၉ ခုနှစ်၊ ဇွန်လနောက်ဆုံးရက်သတ္တပတ်အတွင်း၌ပင် နိုင်ငံခြားအရန်ငွေကြေးပမာဏမှာအမေရိကန်ဒေါ်လာ (၁.၂၆၂)ဘီလီယံထပ်မံတိုးပွားလာခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှု စုစုပေါင်းပမာဏမှာဇွန်လကုန်၌ အမေရိကန်ဒေါ်လာ(၄၂၇.၆၇၈)ဘီလီယံခန့်ရှိကြောင်း၊ အဆိုပါ ပမာဏသည် အိန္ဒိယနိုင်ငံ၏သမိုင်း၌ နိုင်ငံခြားအရန်ငွေကြေးအများဆုံးပိုင်ဆိုင်ထားသည့် စံချိန်တင်ပမာဏဖြစ်သည်ဟုဖော်ပြထားကြောင်းသိရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်၏ နိုင်ငံခြားအရန်ငွေကြေးပမာဏတိုးတက်လာသော်လည်း အရန်ရွှေ ပိုင်ဆိုင်ထားမှုတန်ဖိုးပမာဏမှာမူ ဇွန်လနောက်ဆုံးရက်သတ္တပတ်အတွင်း၌ အပြောင်းအလဲမရှိဘဲ အမေရိကန်ဒေါ်လာ(၂၂.၉၅၈)ဘီလီယံတန်ဖိုး၌ပင် ဆက်လက်ရပ်တည်လျက်ရှိကြောင်းသိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်နှင့် ဥရောပသမဂ္ဂဗဟိုဘဏ်အပါအဝင်နိုင်ငံတကာ ဗဟိုဘဏ်ကြီးများသည် ဘဏ်တိုးနှုန်းလျှော့ချသည့်မူဝါဒများကို အပြိုင်အဆိုင်ကျင့်သုံးမည့် အနေအထားကြောင့် အဆိုပါ နိုင်ငံများထံမှ အမေရိကန်ဒေါ်လာ၊ ယူငွေငွေကြေးများနှင့်ဆက်စပ်နေသော နိုင်ငံခြားငွေ အရင်းအနှီးများသည် အိန္ဒိယနိုင်ငံကဲ့သို့သောစီးပွားရေးထွန်းသစ်စနိုင်ငံများသို့ အများအပြား စီးဝင်လာသည့်အတွက် အိန္ဒိယနိုင်ငံ၏နိုင်ငံခြားအရန်ငေွကြေးပမာဏမှာ မြင့်တက်လာခြင်း ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားကြကြောင်းကို www.thehindubusinessline.com အင်တာနက် website တွင်ဖော်ပြထားရှိပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့် အစီအစဉ်အပေါ် သတိပေးပြောကြားခဲ့မှု

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့် အစီအစဉ်အပေါ် သတိပေးပြောကြားခဲ့မှု

Facebook သည်  Libra ဒီဂျစ်တယ်ငွေကြေးကို ၂၀၂၀ ခုနှစ်၌ စတင်ထုတ်ဝေရန် စီစဉ်လျက်ရှိရာ ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သတိပေးခဲ့ပြီး Facebook အနေဖြင့် ငွေကြေးထုတ်ဝေလိုပါက ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ရန် လိုအပ်သည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက် (ကြာသပတေးနေ့) တွင် ၎င်း၏ တွစ်တာစာမျက်နှာပေါ်မှတစ်ဆင့် အသိပေးကြေညာရာ၌ ၎င်းသည် ဒီဂျစ်တယ်ငွေကြေးများကို နှစ်သက်သူမဟုတ်ကြောင်း၊ ဒီဂျစ်တယ်ငွေကြေးများမှာ ငွေကြေးဟုသတ်မှတ်နိုင်သည့် အရာများ မဟုတ်ကြောင်း၊ ဒီဂျစ်တယ်ငေွကြေးများနှင့်ပတ်သက်သည့် သီးခြားဥပဒေစည်းမျဉ်းစည်းကမ်းများ မရှိသောကြောင့် ဒီဂျစ်တယ်ငွေကြေးများကို မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် အခြားသော ဥပဒေနှင့် မညီညွတ်သည့်လုပ်ငန်းများတွင် သုံးစွဲနေသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် Facebook သာမက ဒီဂျစ်တယ်ငွေကြေးကို ထုတ်ဝေလိုသောလုပ်ငန်းများအနေဖြင့် ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ ပြဌာန်းထားသောစည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန်လိုအပ်ပြီး လိုအပ်ပါကဒီဂျစ်တယ်ငေွကြေး ကဏ္ဍနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ ပဋိဉာဉ်တစ်ခုရေးဆွဲရန် မဖြစ်မနေကြိုးပမ်းရမည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

Facebook ၏ ဒီဂျစ်တယ်ငွေကြေးကိစ္စနှင့်ပတ်သက်၍ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဘရူနိုလီမာ၊ အင်္ဂလန်ဗဟိုဘဏ်ဥက္ကဋ္ဌမာ့ခ်ကာနေးအပါအဝင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံ့ခေါင်းဆောင်များနှင့် ဗဟိုဘဏ် အကြီးအကဲများ၏ ဝေဖန်မှုများထွက်ပေါ်ပြီးနောက်တွင် ယခုအမေရိကန်သမ္မတ၏ ဝေဖန်မှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်သည် တွစ်တာစာမျက်နှာ၏ နောက်ဆုံး ရေးသားချက်၌ Facebook ၏ ဒီဂျစ်တယ်ငေွကြေးကိုသာမက အခြားသောဒီဂျစ်တယ်ငေွကြေးများမှာ တန်ဖိုးခိုင်မာမှုမရှိဘဲ စိတ်ကူးမှန်းဆချက်များဖြင့် ဈေးနှုန်းသတ်မှတ်နေကြခြင်းဖြစ်သောကြောင့် ငွေကြေးဟု မသတ်မှတ်နိုင်ကြောင်း အတိအလင်းရေးသားထားသကဲ့သို့ အ‌မေရိကန်ပြည်ထောင်စုတွင် ငွေကြေးတစ်မျိုးသာရှိပြီး အဆိုပါငွေကြေးမှာ တစ်ကမ္ဘာလုံးကလက်ခံထားသည့် အမေရိကန်ဒေါ်လာပင် ဖြစ်ကြောင်း၊  အမေရိကန်ဒေါ်လာသည် ဈေးကွက်အတွင်း၌ လွတ်လပ်မှုရှိသကဲ့သို့ လူအများလက်ခံ ယုံကြည်ထားသည့် ငွေကြေးဖြစ်ရာ အမေရိကန်ဒေါ်လာအား မည်သည့်ဒီဂျစ်တယ်ငွေကြေးကမျှ လွှမ်းမိုးနိုင်လိမ့်မည်မဟုတ်ကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြထား ရှိပါသည်။

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှုအလားအလာမှာ မသေချာမရေရာမှုများနှင့် ကြုံတွေ့နေရသည်ဟု အမေရိကန်ဗဟိုဘဏ်ဥက္ကဌကဝန်ခံပြောကြားခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အဆမတန်ကျဆင်းသွားခဲ့

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှုအလားအလာမှာ မသေချာမရေရာမှုများနှင့် ကြုံတွေ့နေရသည်ဟု အမေရိကန် ဗဟိုဘဏ်ဥက္ကဌက ဝန်ခံပြောကြားခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အဆမတန်ကျဆင်းသွားခဲ့

အမေရိကန် ဗဟိုဘဏ်ဥက္ကဌဂျရိုမီပါဝယ်လ်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၀) ရက် (ဗုဒ္ဓဟူးနေ့) တွင် အမေရိကန်အောက်လွှတ်တော်၌ ကျင်းပသည့် အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဆိုင်ရာမူဝါဒများ ကြားနားစစ်ဆေးမှုအခမ်းအနားသို့ တက်ရောက်၍ ဗဟိုဘဏ်ကဆက်လက်ကျင့်သုံးမည့် ငွေကြေးမူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထိုသို့ရှင်းလင်းပြောကြားရာတွင် ဗဟိုဘဏ်ဥက္ကဌကလက်ရှိအချိန်၌ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အပါအဝင် အခြားစီးပွားရေးအင်အားကြီးနိုင်ငံများအကြားဖြစ်ပေါ်နေသည့် ကုန်သွယ်ရေးဆိုင်ရာပဋိပက္ခများကြောင့် ကမ္ဘာ့စီးပွားရေးအားပျော့နေသည့်နည်းတူ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးရှေ့အလားအလာမှာလည်း မသေချာမရေရာမှုများနှင့် ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်ကော်မတီဝင်အများအပြားသည် စီးပွားရေး အားကောင်းစေရန်အတွက် ငွေကြေးမူဝါဒများအားဖြေလျော့ရန် အဆိုပြုထားကြသည်ဟု ပြောကြားခဲ့ကြောင်း၊ ဗဟိုဘဏ်ဥက္ကဌပြောကြားချက်ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့စေျးကွက်အတွင်း၌ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

          ကမ္ဘာကျော် အမေရိကန်ဘဏ်လုပ်ငန်းကြီး Goldman Sachs ၏ ငွေကြေးစေျးကွက် လေ့လာမှုများအရ ဇွန်လအတွင်းကျင်းပခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ(၂၀) အစည်းအဝေးနှင့် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အမေရိကန်အလုပ်သမားဝန်ကြီးဌာနတို့က ထုတ်ပြန်ခဲ့သည့် အလုပ်အကိုင် အခွင့်အလမ်းတိုးတက်မှု အစီရင်ခံစာတို့ကြောင့် အမေရိကန်ပြည်ထောင်စု စီးပွားရေးမှာတိုးတက်လာနိုင်သည်ဟု လူအများကယူဆခဲ့ကြသော်လည်း ဗဟိုဘဏ်ဥက္ကဌကမူ စီးပွားရေးအခြေအနေတစ်ခုလုံးအပေါ်သုံးသပ်၍ စီးပွားရေးအလားအလာ သေချာရေရာမှု မရှိကြောင်းကို အတိအလင်းဝန်ခံပြောကြားခဲ့ခြင်းဖြစ်ရာ မကြာမီကာလအတွင်း၌ အမေရိကန် ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းလျှော့ချသည့် လုပ်ငန်းစဉ်များသာမက ဗဟိုဘဏ်ကော်မတီဝင်များက တွန်းအားပေးနေသည့် အမေရိကန်ဒေါ်လာငွေကြေး အများအပြားကို စေျးကွက်အတွင်းသို့ ဖြည့်တင်းပေးမည့် စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများ ပါပေါ်ပေါက်လာနိုင်ခြေရှိသည်ဟု သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် အမေရိကန်ဒေါ်လာ အညွှန်းကိန်းတန်ဖိုးသည် အခြားနိုင်ငံတကာသုံးငွေကြေးများနှင့်နှိုင်းယှဉ်ရာ၌ ၀.၂% ကျဆင်းပြီး အညွှန်းကိန်း (၉၆.၈၇၇) သို့ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာသည် ယူရိုငွေနှင့် နှိုင်းယှဉ်ရာ၌ တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ(၁.၁၂၇၄) ဒေါ်လာ လဲလှယ်မှုနှုန်းသို့ လည်းကောင်း၊ ဂျပန်ယန်းငွေနှင့် နှိုင်းယှဉ်ရာ၌ အမေရိကန်တစ်ဒေါ်လာလှျင် ဂျပန်ငွေ (၁၀၇.၉၆) ယန်းသို့ လည်းကောင်း၊ တရုတ်ယွမ်ငွေေနှင့်နှိုင်းယှဉ်ရာ၌ အမေရိကန်တစ်ဒေါ်လာလျှင် (၆.၈၆၁၉) ယွမ်လဲလှယ်မှုနှုန်းများသို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

          အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းနေချိန်တွင် ကမ္ဘာ့ရွှေစေျးနှုန်းမှာမူ (၁.၁%) မြင့်တက်သွားခဲ့ပြီး ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၄၂၄.၄၀) စေျးနှုန်း ထိရောက်ရှိခဲ့ရာ ရက်သတ္တပတ်တစ်ပတ် အတွင်းအမြင့်ဆုံးရွှေစေျးနှုန်းဖြစ်ကြောင်း     www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့်ကာလအတွင်း တရုတ်ဗဟို ဘဏ်သည် အရန်ရွှေစုဆောင်းထားရှိမှု ပမာဏကို (၇) လဆက်တိုက်တိုးမြှင့်ခဲ့

အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့်ကာလအတွင်း တရုတ်ဗဟိုဘဏ်သည် အရန်ရွှေ စုဆောင်းထားရှိမှုပမာဏကို (၇) လဆက်တိုက်တိုးမြှင့်ခဲ့

တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ် နေသည့်ကာလအတွင်း တရုတ်ဗဟိုဘဏ်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်အထိ (၇) လတာကာလအတွင်း အရန်ရွှေစုဆောင်းထားရှိမှုပမာဏကို ဆက်တိုက်တိုးမြှင့် ခဲ့ကြောင်း သိရှိရပါသည်။
တရုတ်ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်းထုတ်ပြန်သည့်ကြေညာချက်၌ ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများကို အကြောင်းပြု၍ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် တရုတ် ဗဟိုဘဏ်တာဝန်ရှိသူများသည် အမေရိကန်ဒေါ်လာအစား အရန်ရွှေကို လစဉ်တိုးမြှင့်စုဆောင်းခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မေလကုန်အထိကာလအတွင်း ရွှေတန်ချိန်(၇၄)တန်ခန့် အသားတင် ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း၌လည်း ရွှေတန်ချိန်(၁၀.၃)တန်ခန့်ကို ထပ်မံ ဝယ်ယူနိုင်ခဲ့သောကြောင့် တရုတ်နိုင်ငံသည် လက်ရှိ(၇)လတာကာလအတွင်း စုစုပေါင်းရွှေတန်ချိန် (၈၄.၃)တန်ခန့်ကို အသားတင်ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်၌ တရုတ်ဗဟိုဘဏ်၏ အရန်ရွှေပိုင်ဆိုင်မှု စုစုပေါင်းပမာဏမှာ တန်ချိန်(၁၉၃၅.၆၂၅)တန်ခန့်ရှိသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံကဲ့သို့ပင် ပိုလန်နိုင်ငံသည်လည်း ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းမှ ဇွန်လကုန်အထိ ကာလ အတွင်း ရွှေတန်ချိန်(၁၂၅.၇)တန်ကိုဝယ်ယူခဲ့ပြီး အရန်ရွှေပမာဏကို (၂)ဆခန့်တိုးမြှင့်ကာ စုစုပေါင်း တန်ချိန်(၂၂၈.၆)တန်ခန့်ထားရှိခဲ့သည့်အတွက် ပိုလန်နိုင်ငံသည် ယခုအခါအရန်ရွှေအများဆုံးပိုင်ဆိုင် ထားသည့် ဥရောပနိုင်ငံများစာရင်းတွင် အမှတ်(၁၁)နေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။
လန်ဒန်အခြေစိုက်ကမ္ဘာ့ရွှေကောင်စီက လွန်ခဲ့သည့်လပိုင်းအတွင်းထုတ်ပြန်ခဲ့သည့်အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်အသီးသီး၏ရွှေဝယ်ယူစုဆောင်းမှုပမာဏမှာ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၄% အထိ မြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ချိန်(၆၅၁.၅)တန်ခန့်ရှိခဲ့ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ(၆)နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ခြင်းကိုအကြောင်းပြု၍ တရုတ်၊ ရုရှားအပါအဝင် နိုင်ငံအသီးသီးရှိဗဟိုဘဏ်များ၏ ဝယ်လိုအားမြင့်တက်မှုကြောင့် ဗဟိုဘဏ် အားလုံး၏ဝယ်ယူမှုစုစုပေါင်းပမာဏမှာ ၂၀၁၉ ခုနှစ်၌ စုစုပေါင်းတန်ချိန် (၇၀၀) ခန့်အထိ ရှိနိုင်သည်ဟု ဖော်ပြထားကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။