ရုရှားသမ္မတ ဗလာဒီမီယာပူတင်သည် အမေရိကန်အောက်လွှတ်တော်၏ ပြစ်တင်ရှုတ်ချမှုကို ကြုံတွေ့နေရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဘက်မှရပ်တည်၍ အတိုက်အခံ ဒီမိုကရက်တစ်ပါတီအပေါ် ပြစ်တင်ဝေဖန်ခဲ့

ရုရှားသမ္မတ ဗလာဒီမီယာပူတင်သည် အမေရိကန်အောက်လွှတ်တော်၏ ပြစ်တင်ရှုတ်ချမှုကို ကြုံတွေ့နေရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဘက်မှရပ်တည်၍ အတိုက်အခံဒီမိုကရက်တစ်ပါတီအပေါ် ပြစ်တင်ဝေဖန်ခဲ့

ရုရှားသမ္မတဗလာဒီမီယာပူတင်သည် ယခုရက်ပိုင်းအတွင်းပြုလုပ်ခဲ့သည့် ရုရှားသမ္မတ၏ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်အောက်လွှတ်တော်၏ ပြစ်တင်ရှုတ်ချကြောင်းအဆိုကို ရင်ဆိုင်နေရသည့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဘက်မှ ကာကွယ်ပြောကြားခဲ့ပြီးစွပ်စွဲပြစ်တင်မှုများမှာ အခြေအမြစ်မရှိသောကြောင့် နောက်ဆုံးတွင် အဆိုတင်သွင်းသူများမှာအရှုံးနှင့်သာ ကြုံတွေ့ရလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရုရှားသမ္မတကပြောကြားရာ၌ ၂၀၁၆ခုနှစ် ရွေးကောက်ပွဲ၌ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ခဲ့သော ဒီမိုကရက်တစ်ပါတီသည် အခြားသောနည်းလမ်းများအသုံးပြု၍ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုစွပ်စွဲပြစ်တင်မှုမှာလည်းနိုင်ငံရေးနည်းလမ်းတစ်ခုပင်ဖြစ်ကြောင်း၊ သို့သော် ရီပတ်ဗလစ်ကန်ပါတီမှ ထိန်းချုပ်ထားသောအထက်လွှတ်တော်ရှိနေသည့်အတွက် အတိုက်အခံဒီမိုကရက်တစ်ပါတီအနေဖြင့် သမ္မတဒေါ်နယ်ထရန့်အား ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ကြောင်း၊ အောက်လွှတ်တော်၏ ပြစ်တင်ရှုတ်ချကြောင်းအဆိုသည် ဒေါ်နယ်ထရန့်အပေါ်၌ မည်သည့်အကျိုးသက်ရောက်မှုကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်သော်လည်း အမေရိကန်ပြည်တွင်းနိုင်ငံရေး၌မူ အပြန်အလှန်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ် နေလိမ့်မည်ဖြစ်ကြောင်း၊ ဒီမိုကရက်တစ်ပါတီသည် သမ္မတဒေါ်နယ်ထရန့်အား ပထမဦးစွာရုရှားနိုင်ငံနှင့် ပူးပေါင်းသည်ဟူသော စွဲချက်ဖြင့် တိုက်ခိုက်ခဲ့ပြီး အဆိုပါစွပ်စွဲချက်မအောင်မြင်သောအခါ ဒုတိယမြောက်ကြိုးပမ်းမှုအဖြစ် ပြစ်တင်ရှုတ်ချကြောင်း အဆိုတင်သွင်း၍ ဒေါ်နယ်ထရန့်အား ဖြုတ်ချရန်စီစဉ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သမ္မတပူတင်သည် အဆိုပါ နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲ၌ပင် ၎င်းအနေဖြင့် ၂၀၃၀ ပြည့်နှစ်အထိသမ္မတတာဝန်များ ဆက်လက်ထမ်းဆောင်လိုကြောင်းကို သတင်းထောက်များအားအရိပ်အမြွက်ပြောကြားခဲ့ကြောင်း၊ သမ္မတပူတင်သည် သမ္မတသက်တမ်းပထမအကြိမ်အဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတသက်တမ်းဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆက်လက်ထမ်းဆောင်လျက်ရှိကြောင်း၊သို့သော် ရုရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မည်သူမဆိုသမ္မတသက်တမ်း တတိယအကြိမ်ထမ်းဆောင်ခွင့်မရှိဟူ၍ အတိအလင်းပြဌာန်းထားသည့်အတွက် သမ္မတပူတင်သည် ၂၀၂၄ ခုနှစ် အလွန်ကာလများတွင် သမ္မတရာထူး ဆက်လက်ရယူထားနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်ကို အမြန်ဆုံးပြင်ဆင်ဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန်းထားကြကြောင်း www.bdnews24.comအင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်အတွက် မွတ်စလင်နိုင်ငံအချင်းချင်း ကုန်သွယ်ရာ၌ ရွှေ၊ ကုန်စည်ချင်းဖလှယ်သည့်စနစ်နှင့် ဒီဂျစ်တယ်ငွေကြေးများကိုပြောင်းလဲသုံးစွဲရန် မူစလင်နိုင်ငံများထိပ်သီးအစည်းအဝေးပွဲ၌ ဆွေးနွေးခဲ့

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်အတွက် မွတ်စလင်နိုင်ငံအချင်းချင်း ကုန်သွယ်ရာ၌ ရွှေ၊ ကုန်စည်ချင်းဖလှယ်သည့်စနစ်နှင့် ဒီဂျစ်တယ်ငွေကြေးများကို ပြောင်းလဲသုံးစွဲရန် မူစလင်နိုင်ငံများထိပ်သီး အစည်းအဝေးပွဲ၌ ဆွေးနွေးခဲ့

အီရန်၊ မလေးရှား၊ တူရကီနှင့် ကာတာနိုင်ငံတို့သည် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကိုကျော်လွှားနိုင်ရန်အတွက် မွတ်စလင်နိုင်ငံအချင်းချင်း ကုန်သွယ်မှုကိစ္စများ၌ အမေရိကန်ဒေါ် လာအစား ရွှေဖြင့်ပေးချေမှုများ၊ ကုန်စည်ချင်းအပြန်အလှန်ဖလှယ်မှု စနစ်များအပါအဝင် အခြားနည်းလမ်းများကို အသုံးပြုရန် စဉ်းစားနေသည်ဟု မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့၌ ကျင်းပခဲ့ သည့် မွတ်စလင်နိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲအပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်(စနေနေ့) တွင် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မလေးရှားဝန်ကြီးချုပ်က ပြောကြားရာ၌ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားပြီး အမေရိကန်၏ မဟာမိတ် ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနှင့်အီဂျစ်နိုင်ငံများသည်လည်းကာတာနိုင်ငံအပေါ်၌ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားကြောင်း၊ အင်အားကြီးနိုင်ငံများသည် နိုင်ငံငယ်များအပေါ်၌ တဖက်သတ်အရေးယူပိတ်ဆို့မှုများ ပြုလုပ်လေ့ရှိရာ မလေးရှားနိုင်ငံအပါအဝင် အခြားသော မွတ်စလင်နိုင်ငံများအနေဖြင့် အရေးယူပိတ်ဆို့မှုများ အချိန်မရွေးကြုံတွေ့နိုင်ကြောင်းကိုကြိုတင်စဉ်းစားထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မွတ်စလင်နိုင်ငံအချင်းချင်း ကုန်သွယ်ရေးကိစ္စများ၌ အပြန်အလှန်ပေးချေမှုများပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာအစား ရွှေ ၊ ကုန်စည်ချင်းဖလှယ်သည့်စနစ်နှင့် အခြားသောသင့်တော်သည့် နည်းလမ်းများအား အမြန်ဆုံး အသုံးပြုရေးကို အစည်းအဝေးတက်ရောက်လာသည့် နိုင်ငံများက ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မွတ်စလင်နိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲတွင် မလေးရှားဝန်ကြီးချုပ်၊ အီရန် သမ္မတနှင့် တူရကီသမ္မတတို့သည် မွတ်စလင်နိုင်ငံများအားလုံး သုံးစွဲနိုင်မည့် ဒီဂျစ်တယ်ဘုံငွေကြေးတစ်ရပ် အမြန်ဆုံးတီထွင် အသုံးပြုနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး ဒီဂျစ်တယ်ဘုံငွေကြေးအကောင်အထည်ဖော်နိုင်ရေးအတွက် မွတ်စလင်နိုင်ငံအသီးသီးမှ ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ရန် သဘောတူခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကွာလာလာမ်ပူမြို့၌ (၄)ရက်ကြာ ကျင်းပခဲ့သည့် မွတ်စလင်နိုင်ငံများထိပ်သီးအစည်းအဝေးပွဲသို့ မွတ်စလင်နိုင်ငံ(၂၀)ခန့်မှ ကိုယ်စားလှယ်(၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ မလေးရှားနိုင်ငံသည် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တွင်ပါဝင်သောအဖွဲ့ဝင် နိုင်ငံ (၅၇) နိုင်ငံတို့ကိုဖိတ်ကြားခဲ့သော်လည်း ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်နိုင်ငံအပါအဝင် မွတ်စလင်နိုင်ငံ (၃၀) ကျော်တို့က တက်ရောက်ခဲ့ခြင်းမရှိကြောင်း၊ အဆိုပါအစည်းအဝေးတွင် ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော ဒုက္ခသည်ပြဿနာ၊ တရုတ်နိုင်ငံရှိ အူဟာမွတ်စလင်ပြဿနာ၊ ပါလက်စတိုင်းပြဿနာနှင့် ကတ်ရှ်မီးယားပြဿနာများအပါအဝင် မွတ်စလင်များအပေါ် ထိခိုက်နေသည့် ပြဿနာများအပေါ် အဓိကထားဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ ထိပ်သီးအစည်းအဝေးပွဲတွင် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က မွတ်စလင်နိုင်ငံမဟုတ်သော နိုင်ငံများတွင်နေထိုင်နေရသည့် မွတ်စလင်များအတွက် မိမိတို့ကစိုးရိမ်ပူပန်မိသည်ဟု ပြောကြားခဲ့ကြောင်းwww.channelnewsasia.comအင်တာနက် website တွင် ဖော်ပြပါရှိပါသည် ။

အိန္ဒိယနိုင်ငံရှိမြို့ကြီးများ၌ နိုင်ငံသားဥပဒေပြင်ဆင်ချက် ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီးလူ (၃) ဦးထပ်မံသေဆုံးခဲ့

အိန္ဒိယနိုင်ငံရှိမြို့ကြီးများ၌ နိုင်ငံသားဥပဒေပြင်ဆင်ချက် ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လူ (၃) ဦးထပ်မံသေဆုံးခဲ့

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ လက်ခ်နောင်မြို့၊ တောင်ပိုင်းရှိမန်ဂလိုမြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၌ နိုင်ငံသားဥပဒေ ပြင်ဆင်ချက် ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက် (ကြာသပတေး) နေ့တွင် ဖြစ်ပွားသော ဆန္ဒပြပွဲအတွင်း၌ ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လူ(၃) ဦးထပ်မံသေဆုံးခဲ့သည့်အတွက် ယခုအခါနိုင်ငံသား ဥပဒေဆန့်ကျင်ရေးပြပွဲများကာလအတွင်း သေဆုံးခဲ့သူအရေအတွက်မှာ (၉) ဦးခန့်ရှိသွားပြီဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉ ) ရက် (ကြာသပတေးနေ့) ၌ မန်ဂလိုမြို့တွင် ဆန္ဒပြသူများအားရဲတပ်ဖွဲ့မှ ဖြိုခွင်းစဉ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည့်အတွက် လူ (၂) ဦးသေဆုံး၍ (၄) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူအိန္ဒိယနိုင်ငံ၌ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သည့် အူတာပရာဒက်ရှ်ပြည်နယ်၏ မြို့တော်လက်ခ်နောင်တွင် ဆန္ဒပြသူများအားရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်လူစုခွဲခဲ့သည့်အတွက် လူ (၁) ဦးသေဆုံးခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီနှင့် အခြားမြို့ကြီးများ၌ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သော်လည်း အကြမ်းဖက်နှိမ်နင်းခံရခြင်းများ မရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ (၂၀) ရက်(သောကြာနေ့) တွင်လည်း လက်ခ်နောင်မြို့၌ ဆန္ဒပြပွဲများဆက်လက်ဖြစ်ပေါ်ခဲ့ပြီးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ တုတ်များအသုံးပြု၍ ဖြိုခွဲခဲ့ရသည်ဟု သိရှိရကြောင်း၊ အိန္ဒိယအာဏာပိုင်များသည် ယခုအခါလူဦးရေသန်း (၂၀၀) ခန့်နေထိုင်သော အူတာပရာဒက်ရှ်ပြည်နယ်တွင် မိုဘိုင်းဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း၊ ထို့ပြင်အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီရှိ အချို့နေရာများတွင်လည်း မိုဘိုင်းဖုန်းလိုင်းများကို ခေတ္တဖြတ်တောက်ထားကြောင်း၊  ဆန္ဒပြပွဲများဖြစ်ပေါ်နေသော မြို့ကြီးများတွင် ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ပိတ်ထားရပြီး ရဲတပ်ဖွဲ့သည်ဆန္ဒပြပွဲတွင် ပါဝင်သည့် လူရာပေါင်းများစွာကိုထိန်းသိမ်းထားကြောင်းဖြင့် www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။