အိန္ဒိယအစိုးရသည် ဗင်နီဇွဲလားနိုင်ငံထံမှတင်သွင်းသည့် ရေနံများအတွက် ငွေပေးချေရာတွင် အိန္ဒိယရူပီးငွေဖြင့် ပြောင်းလဲပေးချေရန် စဉ်းစားလျက်ရှိမှု

ဗင်နီဇွဲလားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့တင်ပို့သော ဗင်နီဇွဲလားရေနံများအတွက် ငွေပေးချေရာတွင် အိန္ဒိယရူပီးငွေဖြင့်ပေးချေရန် ဗင်နီဇွဲလားနိုင်ငံ၏ အဆိုပြုချက်အပေါ် အိန္ဒိယအစိုးရက စဉ်းစားလျက်ရှိသည်ဟု သိရှိရကြောင်း၊ အမေရိကန်အစိုးရသည် ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရို အစိုးရပြုတ်ကျစေရန်အတွက် မာဒူရို၏ အတိုက်အခံခေါင်းဆောင် ဂျူအန်ကွိုက်ဒိုအား ကြားဖြတ်သမ္မတအဖြစ် လွန်ခဲ့သည့် ဇန်နဝါရီလကကြေညာခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံလုပ်ငန်း (PDVSA) အား အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ကြောင်း၊ အဆိုပါအရေးယူပိတ်ဆို့မှုများတွင် အမေရိကန်ရေနံလုပ်ငန်းများကိုသာ ဗင်နီဇွဲလား PDVSA  နှင့်စီးပွားရေးအရ ဆက်ဆံခြင်းမပြုလုပ်ရန် တားမြစ်ထားခြင်းဖြစ်ကြောင်း၊ သို့သော်ယခုအခါ အမေရိကန်အစိုးရသည် အိန္ဒိယနိုင်ငံအား ဗင်နီဇွဲလားရေနံ တင်သွင်းမှုကိုလျှော့ချရန် သံတမန်ရေးအရ ဖိအားပေးမှုများပြုလုပ်လာသကဲ့သို့ ဗင်နီဇွဲလားနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအပေါ်၌ပါ အရေးယူပိတ်ဆို့မှုအသစ်များထပ်မံချမှတ်ရန်နှင့် နိုင်ငံတကာဘဏ္ဍာရေး စနစ်မှ ဖယ်ထွက်သွားရန်အတွက်ပါ စီစဉ်လျက်ရှိကြောင်း၊ ဗင်နီဇွဲလားနိုင်ငံအား နိုင်ငံတကာဘဏ္ဍာရေးစနစ်မှ ဖယ်ထုတ်လိုက်မည်ဆိုပါက အိန္ဒိယနိုင်ငံအတွက် လောင်စာဆီလိုအပ်ချက်ပြဿနာများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ ဗင်နီဇွဲလားနိုင်ငံအတွက်လည်း နိုင်ငံ့ဝင်ငွေကျဆင်းသွားမည့် အခြေအနေမျိုးအား ကြုံတွေ့ရနိုင်ကြောင်း၊ ထို့ကြောင့် ဗင်နီဇွဲလားနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ရေနံဆက်လက်တင်ပို့ကာ ရောင်းရငွေရရှိနိုင်စေရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံမှရေနံတင်သွင်းမှုများအား အိန္ဒိယရူပီးငွေဖြင့် ပေးချေရန် ဗင်နီဇွဲလားနိုင်ငံကအဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဗင်နီဇွဲလားနိုင်ငံ၏ အဆိုပြုချက်အရ အိန္ဒိယနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနသည် အိန္ဒိယရူပီး ငွေဖြင့် ပေးချေနိုင်မည့်စနစ်တစ်ခုကို အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် အဆိုပြုချက်တစ်ခုကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့တင်ပြထားကြောင်း၊ ယင်းငွေပေးချေမှုစနစ်အရ ဗင်နီဇွဲလားနိုင်ငံထံမှ ဝယ်ယူတင်သွင်းမည့် အလုံးစုံသောရေနံတင်သွင်းမှုများအတွက် အိန္ဒိယရူပီးငွေဖြင့် ပေးချေသွားမည်ဖြစ်သည့်အပြင် အိန္ဒိယအစိုးရသည် အီရန်နိုင်ငံထံမှတင်သွင်းသည့် ရေနံများကိုလည်း အိန္ဒိယရူပီးငွေဖြင့်ပင်ပေးချေသွားရန် ရည်ရွယ်ထားသည်ဟု သိရှိရပါသည်။

အိန္ဒိယနှင့် ဗင်နီဇွဲလားနှစ်နိုင်ငံအကြားအဓိကကုန်သွယ်ရေးပစ္စည်းမှာ ရေနံဖြစ်သည့်အတွက် အိန္ဒိယအစိုးရသည် ဗင်နီဇွဲလားနိုင်ငံထံမှ ရေနံများတင်သွင်းလျက်ရှိသော ပြည်တွင်းရှိရေနံချက် လုပ်ငန်းများအနေဖြင့် အမေရိကန်အစိုးရနှင့် ဆက်နွယ်ပတ်သက်သော ငွေပေးချေမှုစနစ်များအား ရှောင်ကျဉ်ကြရန် မူလကတည်းက သတိပေးညွှန်ကြားထားပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံမှပုဂ္ဂလိက ရေနံချက်လုပ်ငန်း(၂) ခုသည် ဗင်နီဇွဲလားရေနံများအား တစ်နေ့လျှင် စည်ပေါင်း (၃) သိန်းခန့် နေ့စဉ်တင်သွင်းလျက်ရှိသည်ဟု သိရှိရကြောင်းဖြင့် www.economictimes.com တွင် ဖော်ပြပါရှိပါသည်။