အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ဘဏ်တိုးနှုန်းထပ်မံလျှော့ချခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာခဲ့

အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ဘဏ်တိုးနှုန်းထပ်မံလျှော့ချခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာခဲ့

          ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက် (ဗုဒ္ဓဟူးနေ့) တွင်ပြီးဆုံးခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ ဘဏ်တိုးနှုန်းကိုလက်ရှိသတ်မှတ်ထားသည့် ၂.၀%  မှ ၁.၇၅% သို့ လျှော့ချရန်ဆုံးဖြတ်ခဲ့ကြောင်း၊ ဗဟိုဘဏ်၏ ယခုဘဏ်တိုးနှုန်းလျှော့ချမှုသည် ၂၀၁၉ ခုနှစ်အတွင်း (၃) ကြိမ်မြောက်လျှော့ချခြင်းဖြစ်ကြောင်း၊ အစည်းအဝေးအပြီးတွင် အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဂျရိုမီပါဝဲလ်က သတင်းထောက်များကို ပြောကြားရာ၌ ဗဟိုဘဏ်အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးနှေးကွေးမှုကိုဖြေရှင်းနိုင်ရန်အတွက် ငွေကြေးမူဝါဒကို အတက်နိုင်ဆုံးထပ်မံဖြေလျော့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ်လက်ကျန်ကာလများတွင် ဘဏ်တိုးနှုန်းထပ်မံလျှော့ချရန် အစီအစဉ်မရှိတော့ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          အမေရိကန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းလျှော့ချမှုဂယက်ကြောင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်(ကြာသပတေးနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၀.၃% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၉၉.၀၆) သို့ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၂% ကျဆင်းခဲ့ပြီး အညွှန်းကိန်းအမှတ် ၉၇.၄၂၇ သို့ ရောက်ရှိခဲ့ကြောင်း www. cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဒီပါဝလီပွဲတော်အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၅% ခန့်ကျဆင်းသွားခဲ့

၂၀၁၉ ခုနှစ်၊ ဒီပါဝလီပွဲတော် အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၅% ခန့်ကျဆင်းသွားခဲ့

            ၂၀၁၉ ခုနှစ်၊ ဒီပါဝလီပွဲတော်အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၅% ခန့်ကျဆင်းသွားခဲ့သည်ဟု အိန္ဒိယနိုင်ငံရွှေထည်နှင့် ကျောက်မျက်ရတနာအသင်း၏ အတွင်းရေးမှူး ဆူရန်ဒရာမက်တာက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ဆူရန်ဒရာမက်တာက ပြောကြားရာ၌ အိန္ဒိယအစိုးရသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ရွှေတင်သွင်းမှုများအပေါ် ကောက်ခံသည့်သွင်းကုန်ခွန်ကို ၁၀% မှ ၁၂.၅% သို့တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ တတိယ(၃)လပတ်ကာလအတွင်း အိန္ဒိယပြည်တွင်းရွှေဈေးနှုန်းသည် ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၁.၇% မြင့်တက်ခဲ့ကြောင်း၊ သွင်းကုန်ခွန်တိုးမြှင့်မှု၊ ရွှေထည်ဝယ်ယူမှုအပေါ် အခွန် ၃%ကောက်ခံမှုနှင့် ရူပီးငွေလဲလှယ်မှုနှုန်း မတည်ငြိမ်မှုဂယက်များကြောင့် ဒီပါဝလီပွဲတော်ကာလမတိုင်မီ ရက်သတ္တပတ်(၁)ပတ်ခန့်အလိုတွင် အိန္ဒိယပြည်တွင်းရွှေဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းထက်တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၄)ဒေါ်လာခန့် မြင့်တက်သွားခဲ့ကြောင်း၊ အဆိုပါကာလသည်အိန္ဒိယပြည်သူများအနေဖြင့် ရွှေအများအပြားဝယ်ယူလေ့ရှိသည့် အချိန်ဖြစ်ရာ ရွှေဈေးနှုန်းမြင့်တက်မှုကြောင့် ဝယ်လိုအား သိသိသာသာကျဆင်းသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

          အိန္ဒိယနိုင်ငံ ရွှေထည်နှင့်ကျောက်မျက်ရတနာအသင်း၏ ကြေညာချက်အရ အိန္ဒိယနိုင်ငံ၌ နှစ်စဉ် ဒီပါဝလီပွဲတော်အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုပမာဏမှာ ပျမ်းမျှအားဖြင့် တန်ချိန်(၄၀)ဝန်းကျင်ခန့်ရှိခဲ့ရာမှ ယခုနှစ်တွင်မူ တန်ချိန်(၃၀)ခန့်သို့ကျဆင်းခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံတစ်ဝန်း ဝယ်လိုအားလျော့နည်းနေမှုကြောင့် ရွှေလုပ်ငန်းရှင်များအနေဖြင့် မူလကရွှေတန်ချိန် (၂၀)ခန့်သာ ရောင်းချရလိမ့်မည်ဟူ၍ မျှော်မှန်းထားခဲ့သော်လည်း မျှော်မှန်းထားသည့်ပမာဏကို ကျော်လွန်ခဲ့သည်ဟု သိရှိရကြောင်း www.bullionvault.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်အစိုးရ၏ဘတ်ဂျက်လိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၁) ထရီလီယံနီးပါးခန့်ရှိသည့်အတွက် (၇)နှစ်တာကာလအတွင်း အဆိုးဝါးဆုံးဖြစ်နေ

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၁) ထရီလီယံနီးပါးခန့်ရှိသည့်အတွက် (၇)နှစ်တာကာလအတွင်း အဆိုးဝါးဆုံးဖြစ်နေ

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် (၂၀၁၈ခုနှစ် အောက်တိုဘာ မှ ၂၀၁၉ခုနှစ်စက်တင်ဘာလကုန်အထိ) ကာလအတွင်း အမေရိကန်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၁) ထရီလီယံနီးပါး ခန့်ရှိသည့်အတွက် (၇)နှစ်တာကာလအတွင်း အဆိုးဝါးဆုံးဖြစ်ကြောင်းသိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက် (သောကြာနေ့) တွင် ထုတ်ပြန်ချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း  အမေရိကန်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၉၈၄) ဘီလီယံခန့်ရှိသောကြောင့် အဆိုပါပမာဏသည် အမေရိကန်ပြည်ထောင်စုတစ်နှစ်တာ GDP စုစုပေါင်းပမာဏ၏ ၄.၆%နှင့်ညီမျှကြောင်း၊ အမေရိကန် ပြည်ထောင်စုသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၇၇၉ ဘီလီယံ (GDP  ၃.၈ % ခန့်) ဘတ်ဂျက်လိုငွေပြခဲ့ရာ  သမ္မတဒေါ်နယ်ထရန့်လက်ထက်တွင် (၂)နှစ်ဆက်တိုက် ဘတ်ဂျက်လိုငွေပြခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၌ ဘတ်ဂျက်လိုငွေပြမှု အများဆုံးဖြစ်ပေါ်ခဲ့သည်မှာ သမ္မတအိုဘာမားစတင်တာဝန်ယူသည့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံအထိ ဘတ်ဂျက်လိုငွေပြခဲ့ကြောင်း၊ ထိုသို့ လိုငွေပြခဲ့ခြင်းမှာ ၂၀၀၈ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့ငွေကြေး အကြပ်အတည်းပြဿနာကို အကြောင်းပြု၍ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကျဆင်းခဲ့သည့်အတွက် အမေရိကန်ဒေါ်လာငွေကြေးအများအပြားသုံးစွဲရသော  စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများ လုပ်ဆောင်ရခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိသမ္မတဒေါ်နယ်ထရန့်လက်ထက်တွင် ဘတ်ဂျက်လိုငွေပြမှုများ ဖြစ်ပေါ်လာရခြင်းမှာ သမ္မတအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား အမြတ်ခွန်လျှော့ချကောက်ခံမှုနှင့်စစ်အသုံးစရိတ်များ တိုးမြှင့်သုံးစွဲမှုတို့ကြောင့် ဖြစ်ကြောင်း၊ သို့သော်အမေရိကန်သမ္မတသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ အမြတ်ခွန်ကို ၅% ပြန်လည်ကောက်ခံပြီး တရုတ်ကုန်စည်များအပေါ်၌လည်း သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည်ဖြစ်သည့်အတွက် လာမည့်နှစ်တွင်ဘတ်ဂျက် လိုငွေပြမှုမှာလျော့နည်းသွားဖွယ်ရှိကြောင်းwww.channelnewsasia.com အင်တာနက် website ဖော်ပြပါရှိကြောင်း သိရှိရပါသည်။

အမေရိကန်ကုန်ပစ္စည်းများကို ကမ္ဘာ့နိုင်ငံများမှ ဝယ်ယူမှုလျော့နည်းလာခြင်းနှင့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးဂယက်များကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာရက်သတ္တပတ် (၂) ပတ်အတွင်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့

အမေရိကန်ကုန်ပစ္စည်းများကို ကမ္ဘာ့နိုင်ငံများမှ ဝယ်ယူမှုလျော့နည်းလာခြင်းနှင့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးဂယက်များကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ရက်သတ္တပတ် (၂) ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့

အမေရိကန်ကုန်ပစ္စည်းများကို ကမ္ဘာ့နိုင်ငံများမှ ဝယ်ယူမှုလျော့နည်းလာခြင်းနှင့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးဂယက်များကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ရက်သတ္တပတ် (၂) ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်၊(ကြာသပတေးနေ့)တွင် ထုတ်ပြန်သည့်အစီရင်ခံစာ၌ ကုန်သွယ်ရေးစစ်ပွဲအရှိန်ကြောင့်  အမေရိကန်ကုန်ပစ္စည်းများကို ကမ္ဘာ့တစ်ဝန်းမှ မှာယူမှုများလျော့နည်းသွားခဲ့ရာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလအတွင်း၌ ၁.၁% အထိကျဆင်းခဲ့ပြီး ကုန်ပစ္စည်းမှာယူမှုစုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၄၈.၂) ဘီလီယံခန့်သာရှိခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်၊ဇန်နဝါရီလ မှ စက်တင်ဘာလကုန်အထိ (၉) လတာကာလအတွင်း အမေရိကန်ကုန်စည်များအားအခြားကမ္ဘာ့နိုင်ငံများမှ ဝယ်ယူသုံးစွဲမှုပမာဏသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၀.၈%ကျဆင်းသွားခဲ့သည်ဟု ဖော်ပြထားရာ ယင်းအစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင် အမေရိကန်အစိုးရအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ဈေးကွက်အတွင်း၌ ရွှေဝယ်ယူမှု ပြန်လည်များပြားလာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်သွားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပမည့်အမေရိကန်ဗဟိုဘဏ်အစည်းအဝေး၌ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကျဆင်းနေမှုကို ဖြေရှင်းနိုင်ရန်အတွက် ဘဏ်တိုးနှုန်းကို ထပ်မံလျှော့ချလိမ့်မည်ဟူသောသတင်းများ ထွက်ပေါ်နေခြင်းသည်လည်း ရွှေဝယ်လိုအားကို များပြားစေကာ ကမ္ဘာ့ရွှေဈေးနှုန်းကို အားကောင်းစေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်(သောကြာနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၈% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၅၀၄.၃၅)သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် အောက်တိုဘာလ(၁၀)ရက် နောက်ပိုင်းရက်သတ္တပတ်(၂)ပတ်အတွင်းအမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်းwww.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိကြောင်းသိရှိရပါသည်။

အမေရိကန်အောက်လွှတ်တော်၌ Facebook တည်ထောင်သူမက်ခ်ဇူကာဘတ်အား ကြားနာစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက်တွင် Bitcoin တန်ဖိုးမှာ (၅) လတာကာလအတွင်းအနိမ့်ဆုံးသို့ ကျဆင်းခဲ့

အမေရိကန်အောက်လွှတ်တော်၌ Facebook တည်ထောင်သူမက်ခ်ဇူကာဘတ်အား ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက်တွင် Bitcoin တန်ဖိုးမှာ (၅) လတာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက် (ဗုဒ္ဓဟူးနေ့) တွင် Facebook ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မက်ဇ်ဇူကာဘတ်သည် Libra ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်၍ အမေရိကန်အောက်လွှတ်တော်ရှိ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု ကော်မတီ၏ ကြားနားစစ်ဆေးမှုအခမ်းအနား၌ အမေရိကန်ဘဏ္ဍာရေးအာဏာပိုင်အားလုံး၏ တိကျခိုင်မာသော ခွင့်ပြုချက်ကိုမရရှိပါက Facebook အနေဖြင့် Libra ဒီဂျစ်တယ် ငွေကြေးထုတ်ဝေမှုကိုစတင်လုပ်ဆောင်ဦးမည်မဟုတ်ဟု ပြောကြားခဲ့ပြီးနောက် Bitcoinတန်ဖိုးမှာ (၅) လတာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

မက်ခ်ဇူကာဘတ်သည် အမေရိကန်လွှတ်တော်၌ ယခုကဲ့သို့ ရှင်းလင်းဖြေကြားမှုပြုလုပ်ခြင်းသည် ၂၀၁၈ ခုနှစ်၊ ဧပြီလနောက်ပိုင်းပထမဆုံးအကြိမ်ပင်ဖြစ်ပြီး မက်ခ် ဇူကာဘတ်သည် လွှတ်တော်အမတ်များ၏ ပြင်းထန်သောမေးခွန်းများကို ရင်ဆိုင်ခဲ့ရသည်ဟု သိရှိရကြောင်း၊ ဒီဂျစ်တယ် ငွေကြေးဈေးကွက်ကို တွင်ကျယ်စေမည့် Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့် အစီအစဉ်မှာ ကမ္ဘာ့နိုင်ငံအသီးသီး၏ ကန့်ကွက်မှုများကို ကြုံတွေ့နေရသည့်အပြင် အမေရိကန်အောက်လွှတ်တော်၌ မက်ခ်ဇူကာဘတ်၏ Libra ငွေကြေးအစီအစဉ်ကို ဆိုင်းငံ့ဖွယ်ရှိကြောင်း ပြောကြားချက်ကြောင့် ဒီဂျစ်တယ်ငွေကြေးဈေးကွက်အပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ Bitcoin တန်ဖိုးကျဆင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် Bitcoin တန်ဖိုးမှာ ၆.၉၅% ကျဆင်းခဲ့ပြီးတစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၇၄၇၁) ဒေါ်လာဝန်းကျင်၌ ဖြစ်ပေါ် ခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၉ ခုနှစ်၊ မေလနောက်ပိုင်း (၅) လတာကာလအတွင်းအနိမ့်ဆုံးအနေအထားဖြစ်ကြောင်း၊ Bitcoinတန်ဖိုးမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှစ၍ လက်ရှိအချိန်အထိကာလအတွင်း ၄၇% ခန့် ကျဆင်းခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အိုပက်အဖွဲ့အပါအဝင် ရေနံထုတ်လုပ်သောနိုင်ငံများအနေဖြင့် ရေနံထုတ်လုပ်မှုလျှော့ချရေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိဆက်လက်အကောင်အထည်ဖော်သွားမည့် သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၁.၆% မြင့်တက်လာခဲ့ကြောင်း

အိုပက်အဖွဲ့အပါအဝင် ရေနံထုတ်လုပ်သောနိုင်ငံများအနေဖြင့် ရေနံထုတ်လုပ်မှုလျှော့ချရေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ ဆက်လက်အကောင်အထည်ဖော်သွားမည့် သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၁.၆% မြင့်တက်လာခဲ့ကြောင်း

          အိုပက်အဖွဲ့ဝင် နိုင်ငံများနှင့် ရုရှားနိုင်ငံအပါအဝင် အခြားရေနံထုတ်လုပ်သည့်နိုင်ငံများသည် နေ့စဉ်ရေနံထုတ်လုပ်မှု စုစုပေါင်းပမာဏအနက်မှ စည်ပေါင်း (၁.၂) သန်းခန့်လျှော့ချသည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိလုပ်ဆောင်သွားရန် သဘောတူညီထားကြောင်း၊ သို့သော် ယခုအခါ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးပြီး ရေနံဝယ်လိုအားလျော့နည်းနေသည့်အတွက် အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်မှုလျှော့ချရေးအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

          အိုပက်အဖွဲ့နှင့် အခြားရေနံထုတ်လုပ်သောနိုင်ငံများသည် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် တွေ့ဆုံပြီးရေနံထုတ်လုပ်မှုဆက်လက်လျှော့ချရေးကို ဆွေးနွေးကြမည်ဖြစ်ရာ အိုပက်အဖွဲ့၏ ရေနံလျှော့ချမှုသတင်းကို အကြောင်းပြု၍ ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင် ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၆% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၄.၁၆) သို့လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင် ရောင်းဝယ်မှုဈေးနှုန်းမှာ ၁%မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၉.၅၉) သို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေးညှိနှိုင်းမှု၌ တိုးတက်မှုများ ဖြစ်ပေါ်နေသော်လည်း တရုတ်ယွမ်ငွေတန်ဖိုးမှာလအတန်ကြာ ဆက်လက်ကျဆင်းနေဖွယ်ရှိ

အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေးညှိနှိုင်းမှု၌ တိုးတက်မှုများ ဖြစ်ပေါ်နေသော်လည်း တရုတ်ယွမ်ငွေတန်ဖိုးမှာ လအတန်ကြာ ဆက်လက်ကျဆင်းနေဖွယ်ရှိ

          ယခု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းကျင်းပခဲ့သည့် အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲတွင် အမေရိကန်အစိုးရသည် ပထမအဆင့်သဘောတူညီချက်အဖြစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၂၅၀) ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ်၌ သွင်းကုန်ခွန် ၃၀% ကောက်ခံမည့်အစီအစဉ်ကို ဆိုင်းငံ့ခဲ့ကြောင်း၊ သို့သော်ကျန်ရှိနေသော တရုတ်ကုန်စည်များအပေါ်၌ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် သွင်းကုန်ခွန်စတင်ကောက်ခံမည့် အစီအစဉ်ကိုမူ အမေရိကန်အစိုးရက ပယ်ဖျက်ခြင်းမရှိသေးသောကြောင့် ကုန်သွယ်ရေးစစ်ပွဲကို အကြောင်းပြု၍ လပေါင်းများစွာ တန်ဖိုးကျဆင်းနေသည့် တရုတ်ယွမ်ငွေတန်ဖိုးမှာ ဆက်လက်ကျဆင်းနေဖွယ်ရှိကြောင်း သိရှိရပါသည်။

          ဂျပန်နိုင်ငံအခြေစိုက် နာမည်ကျော်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Nomura Holding, Inc. ၏ နိုင်ငံခြားငွေကြေးဈေးကွက်ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ တရုတ်ယွမ်ငွေွတန်ဖိုးသည် လက်ရှိအချိန်၌ အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ်ငွေ (၇.၀၈) ယွမ်လဲလှယ်မှုနှုန်းဖြစ်ပေါ်နေကြောင်း၊ ယခုအခါ တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းမှာ နှစ်ပေါင်း (၃၀) နီးပါးခန့်ကာလအတွင်း အနှေးကွေးဆုံးအနေအထားသို့ ရောက်ရှိနေခြင်းနှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးညှိနှိုင်းမှုများမှာလည်း အဆင့်များစွာ ကျန်ရှိနေခြင်းတို့ကြောင့် တရုတ်ယွမ်ငွေတန်ဖိုးသည် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်း၌အမေရိကန် (၁) ဒေါ်လာလျှင် တရုတ်ယွမ်ငွေ (၇.၂၅) လဲလှယ်မှုနှုန်းသို့လည်းကောင်း၊ ၂၀၂၀ ခုနှစ်အတွင်း၌အမေရိကန်(၁)ဒေါ်လာလျှင် တရုတ်ယွမ်ငွေ(၇.၄၅) လဲလှယ်မှုနှုန်းသို့လည်းကောင်းအသီးသီးကျဆင်းသွားဖွယ်ရှိသည်ဟုသိရှိရကြောင်းသိရှိရပါသည်။

          နိုင်ငံတကာငွေကြေးဈေးကွက်ကျွမ်းကျင်သူများ၏ ပြောကြားချက်အရလာမည့်နိုဝင်ဘာလ (၁၆) ရက်နေ့တွင်ကျင်းပမည့် အာရှ-ပစိဖိတ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတွင် အမေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့တွေ့ဆုံ၍ ကုန်သွယ်ရေးညှိနှိုင်းမှုများကိုပြုလုပ်ဖွယ်ရှိကြောင်း၊ တရုတ်အစိုးရသည် ယွမ်ငွေတန်ဖိုးအား အမေရိကန်တစ်ဒေါ်လာလျှင် (၇)ယွမ်အထက်၌ လဲလှယ်မှုနှုန်း၌သာဆက်လက်ထားရှိလိုပြီး တရုတ်ကုန်စည်အားလုံးအမေရိကန်အစိုးရထံမှ သွင်းကုန်ခွန် ကင်းလွတ်ခွင့်ရရှိမှသာလျှင် ယွမ်ငွေတန်ဖိုးကို ပြန်လည်မြှင့်တင်လိမ့်မည်ဟု သိရှိရကြောင်း www.cnbc.comအင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ (၂၇) နှစ်ကျော်ကာလအတွင်း အနှေးကွေးဆုံးအနေအထားသို့ ရောက်ရှိနေသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ (၂၇) နှစ်ကျော်ကာလအတွင်း အနှေးကွေးဆုံးအနေအထားသို့ ရောက်ရှိနေသည့် သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့

            ကမ္ဘာပေါ်၌ ရေနံ ဝယ်ယူတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ (၂၇) နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေကြောင်း ဖော်ပြထားသည့် တရုတ်အစိုးရ၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

            တရုတ်နိုင်ငံ၏ အမျိုးသားဗဟိုစာရင်းအင်းဌာနက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၈) ရက် (သောကြာနေ့) တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ကုန်သွယ်ရေးစစ်ပွဲ၏ ဂယက်ကြောင့် တရုတ်ကုန်စည်များကို ဝယ်လိုအားလျော့နည်းသွားခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ကုန်ထုတ်လုပ်မှုမှာ သိသိသာသာ ကျဆင်းသွားခဲ့ပြီး စီးပွားရေးတိုးတက်မှုနှုန်းမှာလည်း ၂၀၁၉ ခုနှစ်၊ ဒုတိယ (၃) လပတ်ကာလအတွင်း၌ ၆.၂% ရှိခဲ့ရာမှ တတိယ (၃) လပတ်ကာလ၌မူ ၆% သို့ ကျဆင်းခဲ့ကြောင်း၊ အဆိုပါနှုန်းထားသည် ၁၉၉၂ ခုနှစ်နောက်ပိုင်း (၂၇) နှစ်ကျော်ကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးအနှေးကွေးဆုံးအနေအထား ဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးလာမှုကြောင့် ရေနံဝယ်လိုအား မှာလည်း လျော့နည်းသွားဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာသည့်အတွက်  ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကျဆင်းသွားခြင်းဖြစ်ကြောင်း  သိရှိရပါသည်။

            ထို့ပြင် တရုတ်နိုင်ငံနည်းတူ ကမ္ဘာပေါ်၌ ရေနံသုံးစွဲမှုအများဆုံးနိုင်ငံတစ်ခုဖြစ်သည့်  အမေရိကန်ပြည်ထောင်စု၌ ယခုရက်သတ္တပတ်အတွင်း ရေနံအရန်သိုလှောင်ထားရှိမှုပမာဏမှာ သတ်မှတ်ထားသည့်ပမာဏထက် စည်ပေါင်း (၉.၃) သန်းခန့် ပိုမိုနေသည်ဟု အမေရိကန်စွမ်းအင်သတင်းထုတ်ပြန်ရေး အဖွဲ့(EIA)က ကြေညာခဲ့ခြင်းသည်လည်း ကမ္ဘာ့ရေနံဈေးနှုန်းများကို ကျဆင်းစေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

            ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်(သောကြာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင် ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၂% ကျဆင်းခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၃.၈၁) သို့လည်းကောင်း၊လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင် ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၆%ကျဆင်းခဲ့ပြီး တစ်စည်လျှင်အမေရိကန်ဒေါ်လာ (၅၉.၅၇) သို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြောင်း www.reuters.comအင်တာနက် website   တွင်ဖော်ပြပါရှိပါသည်။

တရုတ်အာဏာပိုင်များသည် တရုတ်_မြန်မာနယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသောငွေကြေးလိမ်လည် မှုများကိုနှိမ်နင်းရန်အတွက် အချို့သော social media account များနှင့် mobile payment account များကိုထိန်းချုပ်ထား

တရုတ်အာဏာပိုင်များသည် တရုတ်_ မြန်မာနယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသောငွေကြေးလိမ်လည် မှုများကိုနှိမ်နင်းရန်အတွက် အချို့သော social media account များနှင့် mobile payment account များကိုထိန်းချုပ်ထား

 တရုတ်-မြန်မာနယ်စပ်၌ ဆက်သွယ်ရေးနည်းပညာများကို အသုံးပြု၍ နယ်စပ်ဖြတ်ကျော်ငွေကြေးလိမ်လည်မှုဖြစ်စဉ်အများအပြား ဖြစ်ပွားလျက်ရှိရာ တရုတ်အာဏာပိုင်များသည် အဆိုပါလိမ်လည်မှုများကို နှိမ်နင်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက် (တနင်္လာနေ့) မှစတင်၍ အချို့သောsocial media account များနှင့် mobile payment account များကိုထိန်းချုပ်ထားသည်ဟုသိရှိရပါသည်။

ဒေသခံတရုတ်မီဒီယာများ၏ သတင်းဖော်ပြချက်များအရ QQ ၊ WeChatနှင့် AliPayတို့ကဲ့သို့သောလူသုံးများသည့် အွန်လိုင်းငွေပေးချေမှုအစီအစဉ်များတွင် အချို့သောသုံးစွဲသူများ၏ accountများမှာ အောက်တိုဘာလ (၁၄) ရက်နေ့မှစတင်၍ သုံးစွဲ၍မရတော့ဟု သိရှိရကြောင်း၊တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ မူခင်းစုံစမ်းစစ်ဆေးရေးဌာနသည် လူမှုကွန်ရက်တစ်ခုဖြစ်သောWeiboမှတစ်ဆင့် အောက်တိုဘာလ (၁၅) ရက် (အင်္ဂါနေ့) တွင်ကြေညာရာ၌ မြန်မာနိုင်ငံမြောက်ပိုင်းကို အခြေပြုပြီးတရုတ်-မြန်မာနယ်စပ်တစ်လျှောက်၌ ဖြစ်ပေါ်နေသော ဆက်သွယ်ရေးနည်းပညာများဖြင့် နယ်စပ်ဖြတ်ကျော်ငွေကြေးလိမ်လည်မှုများမှာ တရုတ်ပြည်သူများ၏ စည်းစိမ်ဥစ္စာများကို အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိသောကြောင့် အဆိုပါပြစ်မှုများကို နှိမ်နင်းနိုင်ရန်အတွက် ကျူးလွန်သူများအဖြစ် သံသယရှိသောပုဂ္ဂိုလ်များ၏ social media account များနှင့် mobile payment account များကိုအသုံးပြု၍မရအောင် ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ သို့သော် တရုတ်အာဏာပိုင်များသည် ငွေကြေးလိမ်လည်မှုဖြစ်စဉ် အသေးစိတ်အကြောင်းအရာများ၊ သံသယရှိသူများ၏ အမည်များကိုမူ ဖော်ပြခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။          

တရုတ်-မြန်မာနယ်စပ်၌ ဆက်သွယ်ရေးနည်းပညာများအသုံးပြု၍ ငွေကြေးလိမ်လည်သည့် တရုတ်နိုင်ငံသားရာဇဝတ်ဂိုဏ်းများရှိကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေချ၍ တရုတ်နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၏ social media account များနှင့် mobile payment account များကို ဆက်သွယ်ကာ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များရယူခြင်း၊ ငွေကြေးလိမ်လည်ခြင်းများပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ ယူနန်ပြည်နယ်နှင့်ဆက်စပ် နေသောစီချွမ်ပြည်နယ်၊ ချုံကျင်းမြို့၌ တရုတ်ယွမ်ငွေ ၁၀ သန်း(အမေရိကန်ဒေါ်လာ ၁.၄ သန်း)ခန့် ပမာဏရှိနယ်စပ်ဖြတ်ကျော်ငွေကြေးလိမ်လည်မှုများနှင့်ဆက်စပ်နေသည့် တရုတ်နိုင်ငံသား(၆၉) ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း www.caixinglobal.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။ 

ကတ်ရှ်မီးယားပြဿနာကိုအကြောင်းပြု၍ မလေးရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား ဖြစ်ပေါ်လာမည့် ကုန်သွယ်ရေးနောက်ဆက်တွဲအခြေအနေများကို မလေးရှားဝန်ကြီးချုပ် မဟာသီယာကစောင့်ကြည့် သုံးသပ်လျက်ရှိ

ကတ်ရှ်မီးယားပြဿနာကို အကြောင်းပြု၍ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားဖြစ်ပေါ်လာမည့် ကုန်သွယ်ရေးနောက်ဆက်တွဲအခြေအနေများကိုမလေးရှားဝန်ကြီးချုပ် မဟာသီယာကစောင့်ကြည့် သုံးသပ်လျက်ရှိ

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် ကတ်ရှ်မီးယားပြဿနာနှင့် ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၌ အိန္ဒိယအစိုးရအပေါ် ပြင်းထန်စွာ ဝေဖန်ပြောကြားခဲ့ရာ အိန္ဒိယအစိုးရကလည်း ပြန်လည် လက်တုံ့ပြန်သည့်အနေဖြင့် မလေးရှားစားအုန်းဆီများနှင့် မလေးရှားကုန်စည်များအား အိန္ဒိယနိုင်ငံအတွင်းသို့ တင်သွင်းမှုကို ထိန်းချုပ်ကန့်သတ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

မလေးရှားဝန်ကြီးချုပ်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် နိုင်ငံပိုင် ဘာနာမာသတင်းဌာနနှင့် တွေ့ဆုံခန်း၌ မလေးရှားအစိုးရအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဖြစ်ပေါ်လာနိုင်သည့် ကုန်သွယ်ရေးတင်းမာမှု နောက်ဆက်တွဲဂယက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်သုံးသပ်လျက်ရှိကြောင်း၊ မလေးရှားနှင့် အိန္ဒိယနှစ်နိုင်ငံကုန်သွယ်ရေးမှာ မလေးရှားကုန်စည်များကိုအိန္ဒိယနိုင်ငံသို့ တင်ပို့နေသည့် တစ်ဖက်သတ် ကုန်သွယ်ရေးပုံစံမျိုးမဟုတ်ဘဲ အိန္ဒိယနိုင်ငံအနေဖြင့် မလေးရှားနိုင်ငံသို့လည်း အိန္ဒိယကုန်စည်များကို ပြန်လည်တင်သွင်းနေရသည့် အပြန်အလှန်ကုန်သွယ်ရေးဖြစ်ရာ အိန္ဒိယအစိုးရ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များကို မလေးရှားအစိုးရကလေ့လာလျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံသည် မလေးရှားစားအုန်းဆီကို အဓိကဝယ်ယူနေသည့်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉) လတာကာလအတွင်းတန်ချိန် (၃.၉) သန်းခန့်ကိုဝယ်ယူတင် သွင်းခဲ့ကြောင်း၊ အလားတူမလေးရှားနိုင်ငံသည်လည်း အိန္ဒိယနိုင်ငံထံမှ ရေနံထွက်ထုတ်ကုန်ပစ္စည်းများ၊ တိရိစ္ဆာန်အရှင်များ၊ အသားများ၊ သတ္တုများနှင့် ဓါတုပစ္စည်းများကိုအဓိကဝယ်ယူတင်သွင်းလျက်ရှိကြောင်း www.channelnewsasia.comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။